ဥပုသ်နေ့​အကြောင်း ဆွေးနွေးခြင်း
6
ဥပုသ်နေ့​တစ်နေ့​တွင် ယေရှု​သည် ဂျုံခင်းများ​ကို​ဖြတ်​လျက် ကြွတော်မူ​စဉ် တပည့်တော်တို့​က ဂျုံနှံများ​ကို​ခြွေဆွတ်​၍ လက်​နှင့်​ချေ​ကာ စားကြ၏။ 2 ထိုအခါ ဖာရိရှဲa​တချို့​က “သင်တို့​သည် ပညတ်တရား​အရ ဥပုသ်နေ့​၌ မပြုသင့်သော​အမှု​ကို အဘယ်ကြောင့် ပြုကြသနည်း” ဟု မေးကြ၏။
3 ယေရှု​က “ဒါဝိဒ်မင်း​သည် မိမိ​နှင့်​နောက်လိုက်များ ဆာလောင်သည့်​အချိန်​၌ မည်သို့​ပြုခဲ့ကြောင်း​ကို သင်တို့​မဖတ်ဖူးကြသလော။ 4 သူ​သည် ဘုရားသခင်​၏​အိမ်တော်​အတွင်း​သို့ ဝင်​လျက် ယဇ်ပုရောဟိတ်များ​မှအပ အခြား​မည်သူ​မျှ စားခွင့်​မရှိသည့် သန့်ရှင်းသော​မုန့်​ကို ယူ​၍ စား၏။ ထို့ပြင် သူ​၏​အပေါင်းအဖော်များ​ကိုလည်း ပေး၏” ဟု မိန့်တော်မူ၏။ 5 ထို့နောက် ယေရှု​က “လူသားb​သည် ဥပုသ်နေ့​၏​အရှင်သခင်​ဖြစ်သည်” ဟု မိန့်တော်မူ၏။
ဥပုသ်နေ့​၌ ကျန်းမာစေတော်မူခြင်း
6 အခြားသော​ဥပုသ်နေ့​တစ်နေ့​တွင် ယေရှု​သည် ဂျူးဝတ်ပြုဆောင်​သို့​ဝင်​၍ သွန်သင်တော်မူ၏။ ထို​နေရာ​၌ လက်ယာ​လက်​သေသော​သူ​တစ်ဦး ရှိ၏။ 7 ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့​သည် ကိုယ်တော်​ကို ပြစ်တင်​စွပ်စွဲမည့်​အခွင့် ရှာလို​သဖြင့် ကိုယ်တော်​သည် ဥပုသ်နေ့​တွင် အဆိုပါ​လူနာ​အား​ကုသမည်၊ မကုသမည်​ကို စောင့်ကြည့်​နေကြ၏။
8 ကိုယ်တော်​သည် ထို​သူတို့​၏​တွေးတော​ကြံစည်မှု​ကို ကောင်းစွာ​သိတော်မူ​သော်လည်း လက်​သေသော​သူ​အား “ထလော့။ လူတို့​ရှေ့ လာ​၍ ရပ်လော့” ဟု မိန့်တော်မူ၏။ ထို​သူ​သည်လည်း ထ​၍​ရပ်လေ၏။ 9 ထို့နောက် ယေရှု​က ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့​အား “သင်တို့​အား ငါ​မေးမည်။ ဥပုသ်နေ့​တွင် ကောင်းမှု​ကို ပြု​သင့်သလော။ သို့မဟုတ် မကောင်းမှု​ကို ပြု​သင့်သလော။ လူ့​အသက်​ကို ကယ်​သင့်သလော သို့မဟုတ် သတ်​သင့်သလော” ဟု မိန့်တော်မူ၏။
10 ယေရှု​သည် ထို​သူ​အားလုံး​ကို လှည့်ကြည့်ပြီး​မှ လက်သေသော​သူ​အား “သင်​၏​လက်​ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ သူ​သည် လက်​ကို​ဆန့်​သောအခါ သူ​၏​လက်​သည် အကောင်းပကတိ​အတိုင်း ဖြစ်လေ၏။ 11 ထိုအခါ သူတို့​သည် လွန်စွာ​အမျက်​ဒေါသ​ထွက်​ကာ ယေရှု​နှင့်ပတ်သက်​၍ မည်သို့​ပြု​ရမည်​ကို အချင်းချင်း​တိုင်ပင်ကြ၏။
တမန်တော်​ဆယ့်နှစ်ပါး​ကို ရွေးချယ်ခြင်း
12 ထို​နေ့ရက်များ​၌ ကိုယ်တော်​သည်​ဆုတောင်း​ရန် တောင်ပေါ်​သို့​တက်ကြွတော်မူ​၍ တစ်ည​လုံး​ဘုရားသခင်​ထံ ဆုတောင်းတော်မူ၏။ 13 နောက်​တစ်နေ့ မိုးလင်း​သောအခါ မိမိ​တပည့်တော်များ​ကို​ခေါ်​၍ ထို​သူတို့​ထဲမှ ဆယ့်နှစ်ဦး​ကို တမန်တော်​အဖြစ် ရွေးချယ်တော်မူ၏။ ထို​သူတို့​၏​အမည်များ​မှာ
 
14 ပေတရု​ဟု ယေရှု​မှည့်ခေါ်ထားသော ရှိမုန်၊
ပေတရု​၏​ညီ အန္ဒြေ၊
ယာကုပ်၊
ယောဟန်၊
ဖိလိပ္ပု၊
ဗာသောလမဲ၊
15 မဿဲ၊
သောမ၊
အာလဖဲ​၏​သား ယာကုပ်၊
မျိုးချစ်စိတ်​ထက်သန်သူ ရှိမုန်၊
16 ယာကုပ်​၏​သား​ယုဒ​နှင့်
ယေရှု​အား သစ္စာဖောက်သော​ယုဒရှကာရုတ်​တို့ ဖြစ်ကြ၏။
ယေရှု​နောက်တော်​သို့ လူထုပရိသတ်​လိုက်ခြင်း
17 ထို့နောက် ယေရှု​သည် သူတို့​နှင့်အတူ တောင်ပေါ်​မှ​ဆင်း​၍ မြေပြန့်​နေရာ​သို့ ရောက်​သောအခါ ရပ်တော်မူ၏။ ထို​နေရာ​တွင် တပည့်တော်စုကြီး​အပါအဝင် ယုဒပြည်​နှင့် ဂျေရုဆလင်မြို့​မှ​လည်းကောင်း၊ ပင်လယ်​ကမ်းခြေ​ရှိ တိုင်ရာမြို့​နှင့် ဆီဒုန်မြို့​တို့​မှ​လည်းကောင်း ရောက်လာကြသော လူ​အမြောက်အမြား​ရှိ၏။ 18 ထို​သူတို့​သည် ယေရှု​၏​ဟောပြော​သွန်သင်မှု​ကို ကြားနာ​ရန်​နှင့် မိမိတို့​၏​အနာရောဂါများ​ကို ကုသခံ​ရန် ရောက်လာကြခြင်း ဖြစ်၏။ နတ်ဆိုးတို့​၏​ညှဉ်းဆဲခြင်း​ခံရသော​သူတို့​သည်လည်း လာ​၍ အကောင်းပကတိ​အတိုင်း ဖြစ်သွားကြ၏။ 19 ယေရှု​ထံမှ တန်ခိုး​ထွက်​၍ လူတို့​ကို အနာ​ရောဂါများ​မှ ကျန်းမာစေ​သောကြောင့် လူထု​အပေါင်းတို့​သည် ယေရှု​ကို တို့ထိ​ရန် ကြိုးစားကြ၏။
မင်္ဂလာ​တရားတော်
20 ထို့နောက် ယေရှု​သည် သူ​၏​တပည့်တော်များ​ဘက်​သို့ လှည့်​၍ မိန့်တော်မူသည်မှာ
“ဆင်းရဲသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​၏​နိုင်ငံ ဖြစ်​သောကြောင့်​ပင်။
21 ယခု ဆာလောင်မွတ်သိပ်​နေသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝလင်​စွာ စားရသော​အခွင့်​ကို ရကြမည်​ဖြစ်သောကြောင့်​ပင်။
ယခု​ငိုကြွေး​ဝမ်းနည်းသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့​ရယ်မော​ရသော​အချိန်​သည် ရောက်လာမည်​ဖြစ်သောကြောင့်​ပင်။
22 လူတို့​သည် လူသား​ကြောင့် သင်တို့​ကို မုန်းကြ​၍ ဝိုင်းပယ်ကဲ့ရဲ့​လျက် သင်တို့​၏​နာမည်​ကို ဖျက်ကြ​သောအခါ​၌​လည်း သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ 23 ထိုသို့​ဖြစ်ပေါ်​သော​နေ့ရက် ရောက်သော​အခါ ဝမ်းမြောက်​၍ ရွှင်လန်း​စွာ ကခုန်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ​တွင်​ရရှိမည့် သင်တို့​၏​ဆုလာဘ်​သည် ကြီးမားလှ​သောကြောင့်​ဖြစ်၏။ သင်တို့​ကို မတရား​ပြုကျင့်သော ထို​သူတို့​၏​ဘိုးဘေးများ​သည်လည်း ပရောဖက်တို့​ကို ထို​နည်းတူ​ပြုကြ၏။
ဝမ်းနည်းခြင်း​အကြောင်း ဟောတော်မူခြင်း
24 သို့ရာတွင် ချမ်းသာသော​သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့​သည် မိမိတို့​ခံစားရမည့် နှစ်သိမ့်မှု​ကို ရရှိပြီး​ဖြစ်​သောကြောင့်​ပင်။
25 ယခု ဝလင်​စွာ​စားရသော​သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဆာလောင်ငတ်မွတ်​ရမည့်​အချိန်​ကာလ ရောက်လာမည်​ဖြစ်သောကြောင့်​ပင်။
ယခု​ရယ်မောသော​သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝမ်းနည်း​ငိုကြွေးရမည်​ဖြစ်သောကြောင့်​ပင်။
26 လူတို့​သည် သင်တို့​ကို ချီးမွမ်းကြ​သောအခါ သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ထို​သူတို့​၏​ဘိုးဘေးများ​သည် ပရောဖက်​အတုအယောင်များ​ကို ထို​နည်းတူ​ချီးမွမ်းခဲ့ကြ​သောကြောင့်​ဖြစ်၏။
ရန်သူ​အပေါ် ချစ်ခြင်းမေတ္တာ​ထားခြင်း
27 သို့သော် ယခု​နားထောင်​နေကြသော သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​၏​ရန်သူများ​ကို ချစ်လော့။ သင်တို့​ကို မုန်းသော​သူတို့​အား ကောင်းမွန်​စွာ​ဆက်ဆံကြလော့။ 28 သင်တို့​ကို ကျိန်ဆဲသော​သူတို့​အတွက် ဆုတောင်းမေတ္တာ​ပို့ကြလော့။ သင်တို့​ကို နိုင်ထက်စီးနင်း​ပြုသော​သူတို့​အတွက် ဆုတောင်းပေးကြလော့။ 29 တစ်စုံတစ်ယောက်​က သင်​၏​ပါး​တစ်ဖက်​ကို ရိုက်​လျှင် ကျန်သည့်​ပါး​တစ်ဖက်​ကိုလည်း ရိုက်ခွင့်​ပေးလော့။ သင်​၏​ဝတ်ရုံ​ကို ယူသော​သူ​အား အတွင်း​အင်္ကျီ​ကိုပါ ပေးလော့။ 30 သင့်​ထံမှ တောင်းသော​သူတို့​အား ပေးကမ်းလော့။ သင့်​ပစ္စည်းများ​ကို ယူသော​သူတို့​ထံမှ ပြန်​၍ မတောင်းနှင့်။ 31 သင်တို့​အပေါ် ပြုစေလိုသည့်​အတိုင်း တစ်ပါးသူတို့​အပေါ် ပြုကြလော့။
32 သင်တို့​အား ချစ်သော​သူတို့​ကို​သာ ပြန်​၍​ချစ်​လျှင် မည်သည့်​ဂုဏ်ယူစရာ ရှိသနည်း။ အဘယ်ကြောင့်ဆိုသော် အပြစ်သားတို့​ပင်လျှင် မိမိတို့​အား ချစ်သော​သူတို့​ကို ချစ်ကြ​သောကြောင့်​ဖြစ်၏။ 33 သင်တို့​အား ကောင်းကျိုးပြုသော​သူတို့​ကို​သာ ပြန်​၍ အကျိုးပြု​လျှင် မည်သည့်​ဂုဏ်ယူစရာ ရှိသနည်း။ အဘယ်ကြောင့်ဆိုသော် အပြစ်သားတို့​ပင်လျှင် ထိုသို့​ပြုကြ၏။ 34 သင်တို့​အား ပြန်ဆပ်ပေးနိုင်မည်​ဟု မျှော်လင့်စရာ​ရှိသောသူတို့​ကို​သာ ချေးငှား​လျှင် မည်သည့်​ဂုဏ်ယူစရာ​ရှိမည်နည်း။ အပြစ်သားတို့​ပင်လျှင် ပြန်ဆပ်ပေးမည်​ဟု မျှော်လင့်​၍ အချင်းချင်း​ထိုသို့​ချေးငှားကြ၏။
35 သို့သော် သင်တို့​သည် ရန်သူများ​ကို ချစ်လော့။ သူတို့​အား​ကောင်းကျိုးပြုလော့။ တစ်စုံတစ်ရာ​ကို ပြန်လည်​ရရှိမည်​ဟု မမျှော်လင့်ဘဲ ချေးငှားလော့။ ထိုသို့​ပြု​လျှင် ကောင်းကင်ဘုံ​မှ ရရှိမည့် သင်တို့​၏​ဆုလာဘ်​သည် ကြီးမား​၍ သင်တို့​သည်လည်း အမြင့်မြတ်ဆုံးသော ဘုရားသခင်​၏​သားသမီးများ ဖြစ်ကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျေးဇူးကန်းသော​သူများ​နှင့် ဆိုးသွမ်းသော​သူများ​ကို သနားကြင်နာတော်မူ​သောကြောင့်​ဖြစ်၏။ 36 သင်တို့​၏​အဖ​သည် သနားကြင်နာတော်မူသည့်​အတိုင်း သင်တို့​သည်လည်း သနားကြင်နာကြလော့။
သူတစ်ပါး​အား အပြစ်စီရင်ခြင်း
37 တစ်ပါးသူတို့​ကို အပြစ်​မစီရင်ကြနှင့်။ သို့မှသာ သင်တို့​သည်လည်း အပြစ်စီရင်ခံရခြင်း​မှ လွတ်​လိမ့်မည်။ တစ်ပါးသူတို့​ကို မဝေဖန်ကြနှင့်။ သို့မှသာ သင်တို့​သည်လည်း ဝေဖန်ခံရခြင်း​မှ လွတ်​လိမ့်မည်။ တစ်ပါးသူတို့​ကို ခွင့်လွှတ်ကြလော့။ သို့မှသာ သင်တို့​သည် ခွင့်လွှတ်ခြင်း​ကို ခံရ​လိမ့်မည်။ 38 ပေးကမ်း​ကြလော့။ ထိုသို့​ပြုလျှင် သင်တို့​သည်လည်း ပေးကမ်းခြင်း​ခံရ​လိမ့်မည်။ ပြည့်ရုံ​မက ပိုလျှံ​သည့်​တိုင်အောင် သင်တို့​အား ပေးကမ်းကြ​လိမ့်မည်။ သင်တို့​ချိန်တွယ်​ပေးသည့် ပမာဏ​အတိုင်း သင်တို့​အား တိုင်းတာ​ချိန်တွယ်ပေးကြ​လိမ့်မည်” ဟူ၍ ဖြစ်၏။
39 ထို့နောက် ယေရှု​သည် သူတို့​အား ပုံဥပမာ​ပေး​၍ မိန့်တော်မူသည်​မှာ “မျက်မမြင်​တစ်ဦး​သည် အခြား​မျက်မမြင်​တစ်ဦး​အား လမ်းပြနိုင်သလော။ ထိုသို့​ပြု​လျှင် ထို​သူ​နှစ်ဦးလုံး တွင်း​ထဲသို့ ကျ​လိမ့်မည် မဟုတ်လော။ 40 တပည့်​သည် ဆရာ​ထက် မြတ်သည်​မဟုတ်။ သို့သော်လည်း ကောင်းမွန်​စွာ​လေ့ကျင့်​သင်ကြားခြင်း​ကို ခံယူသော​သူ​တိုင်း​သည် မိမိ​ဆရာ​ကဲ့သို့ ဖြစ်​လိမ့်မည်။
41 သင်​သည် သင့်​မျက်စိ​ထဲက သစ်တုံး​ကို မမြင်ဘဲ သင့်​မိတ်ဆွေc​၏​မျက်စိ​ထဲက သစ်မှုန်စ​ကို အဘယ်ကြောင့် မြင်သနည်း။ 42 သင်​၏​မျက်စိ​ထဲက သစ်တုံး​ကို မမြင်နိုင်ဘဲ ‘မိတ်ဆွေ… သင့်​မျက်စိ​ထဲက သစ်မှုန်စ​ကို ထုတ်ပေးပါရစေ’ ဟူ၍ သင့်​မိတ်ဆွေ​အား အဘယ်ကြောင့်​ပြောရသနည်း။ သူတော်ကောင်း​ယောင်ဆောင်သူ… သင်​၏​မျက်စိ​ထဲက သစ်တုံး​ကို ဦး​စွာ​ထုတ်ပစ်လော့။ သို့မှသာ သင့်​မိတ်ဆွေ​၏​မျက်စိ​ထဲက သစ်မှုန်စ​ကို ထုတ်​ရန် ရှင်းလင်း​စွာ မြင်ရ​လိမ့်မည်။
အပင်​နှင့် အသီး
43 ကောင်းသော​အပင်​သည် မကောင်းသော​အသီး​ကို မသီးနိုင်။ မကောင်းသော​အပင်​သည်လည်း ကောင်းသော​အသီး​ကို မသီးနိုင်။ 44 အသီး​အားဖြင့် အပင်​အကြောင်း​ကို သိရ၏။ အဘယ်ကြောင့်ဆိုသော် သဖန်းသီး​ကို ဆူးပင်​မှ မဆွတ်ခူးနိုင်။ စပျစ်သီး​ကို ဆူးခြုံ​မှ မဆွတ်ခူးနိုင်။ 45 ကောင်းသော​သူ​သည် ကောင်းသော​အရာများ​ကို ကောင်းသော​စိတ်နှလုံး​ဘဏ္ဍာတိုက်​အတွင်း​မှ ထုတ်ဖော်တတ်၏။ မကောင်းသော​သူ​သည်လည်း မကောင်းသော​အရာများ​ကို မကောင်းသော​စိတ်နှလုံး​ဘဏ္ဍာတိုက်​အတွင်း​မှ ထုတ်ဖော်တတ်၏။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ​တွင် ပြည့်နေသည့်​အရာများ​ကို နှုတ်​မှ​ပြောဆိုတတ်​သောကြောင့်​ဖြစ်၏။
ခိုင်ခံ့သော​အုတ်မြစ်​ပေါ်တွင် တည်ဆောက်ခြင်း
46 သင်တို့​သည် ငါ့​စကား​ကို နားမထောင်ဘဲ အဘယ်ကြောင့် ငါ့​ကို ‘သခင်… သခင်…’ ဟု ခေါ်ကြသနည်း။ 47 ငါ့​ထံသို့​လာ​၍ ငါ့​တရားစကား​ကို ကြားနာ​လျက် လက်တွေ့​ကျင့်သုံးသော​သူတိုင်း မည်သူ​နှင့် တူသည်​ကို သင်တို့​အား ငါ​ပြောမည်။ 48 ထို​သူ​သည် နက်​စွာ​တူး​ကာ ခိုင်မာသော​အုတ်မြစ်​ကို ကျောက်ပေါ်​၌​ချ​၍ အိမ်​ဆောက်သော​သူ​နှင့် တူ၏။ ထို​အိမ်​ကို ခိုင်ခံ့​စွာ တည်ဆောက်ထား​သဖြင့် ရေကြီး​သောအခါ မြစ်ရေ​သည် အိမ်​ကို​ရိုက်ခတ်လာ​သော်လည်း မလှုပ်စေနိုင်ပါ။ 49 သို့သော် ငါ့​တရား​စကား​ကို ကြား​၍ လက်တွေ့​မကျင့်သုံးသော​သူ​သည် အုတ်မြစ်​မချဘဲ မြေကြီး​ပေါ်တွင် အိမ်ဆောက်သော​သူ​နှင့် တူ၏။ ရေကြီး​၍ မြစ်ရေ​သည် ထို​အိမ်​ကို ရိုက်ခတ်​သောအခါ ချက်ချင်း​ပြိုကျသွား၏။ ထို​အိမ်​၏​ပျက်စီးမူ​သည်လည်း ကြီးမားလေ၏” ဟူ၍ ဖြစ်၏။