ဗေသနိရွာတွင် ယေရှု၏ ခြေတော်ကို ဆီမွှေးလိမ်းကျံခြင်း
12
ပသခါပွဲတော် မကျင်းပမီ ခြောက်ရက်အလိုတွင် ယေရှုသည် ဗေသနိရွာသို့ ကြွတော်မူ၏။ ထိုရွာမှာ ယေရှုကိုယ်တိုင် သေရာမှပြန်ရှင်စေတော်မူခဲ့သော လာဇရု နေထိုင်သည့်ရွာ ဖြစ်၏။ 2 လူတို့သည် ယေရှုအတွက် ညစာစားပွဲကို ပြင်ဆင်ပေး၍ မာသသည် ဧည့်ဝတ်ပြုလေ၏။ ယေရှုနှင့်အတူ စားပွဲ၌ ထိုင်နေသူများaထဲတွင် လာဇရုလည်း ပါ၏။ 3 ထိုအချိန်တွင် မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ် နှစ်ဆယ်သားကိုb ယူလာ၍ ယေရှု၏ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်ဖြင့် သုတ်၏။ တစ်အိမ်လုံးသည်လည်း ထိုဆီမွှေးရနံ့ဖြင့် မွှေးကြိုင်လေ၏။4 သို့သော် တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သူ၊ ယေရှုကိုသစ္စာဖောက်မည့် ယုဒရှကာရုတ်က 5 “အဘယ်ကြောင့် ဤဆီမွှေးကို ငွေဒင်္ဂါးcပြားသုံးရာနှင့် ရောင်း၍ ဆင်းရဲသားများကို မလှူသနည်း” ဟု ဆို၏။ 6 ဤသို့ပြောဆိုရာတွင် သူသည် ဆင်းရဲသားများကို စာနာထောက်ထား၍ ပြောဆိုခြင်းမဟုတ်ဘဲ ခိုးဝှက်တတ်သူတစ်ဦးဖြစ်သောကြောင့် ပြောဆိုခြင်းသာ ဖြစ်၏။ သူသည် တပည့်တော်တို့၏ ငွေကို စီမံရသူဖြစ်၍ ငွေအိတ်ထဲမှ ငွေတချို့ကို နှိုက်ယူသုံးစွဲတတ်၏။
7 ထို့ကြောင့် ယေရှုက “ရှိပါစေ။ ငါ့ကို သင်္ဂြိုဟ်မည့်နေ့အတွက် သူသည် ဤဆီမွှေးကို သိမ်းထားခဲ့ပြီ။ 8 ဆင်းရဲသားများသည် သင်တို့နှင့်အတူ အစဉ်အမြဲရှိကြ၏။ သို့ရာတွင် ငါသည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိနေမည်မဟုတ်” ဟု မိန့်တော်မူ၏။
9 ယေရှုကြွရောက်လာတော်မူသည့် သတင်းကို ကြားသောအခါ ဂျူးလူမျိုးများစွာသည် ကိုယ်တော်ကိုသာ မဟုတ်၊ ကိုယ်တော်က သေရာမှပြန်ရှင်စေတော်မူခဲ့သော လာဇရုကိုပါ တွေ့မြင်လိုကြသဖြင့် ရောက်လာကြ၏။ 10 ထိုအခါ ယဇ်ပုရောဟိတ်ခေါင်းဆောင်များက လာဇရုကိုလည်း သတ်ရန် ကြံစည်ကြ၏။ 11 အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုးများစွာတို့သည် လာဇရုကြောင့် သူတို့ကို စွန့်ခွာ၍ ယေရှုကို ယုံကြည်ကြသောကြောင့် ဖြစ်၏။
ဂျေရုဆလင်မြို့သို့ အောင်ပွဲခံ၍ ဝင်ရောက်တော်မူခြင်း
12 နောက်တစ်နေ့တွင် ပသခါပွဲတော်သို့ ရောက်လာသောလူအုပ်ကြီးသည် ဂျေရုဆလင်မြို့သို့ ယေရှုကြွလာမည်ဟူသော သတင်းကို ကြားသဖြင့် 13 စွန်ပလွံခက်များကို ကိုင်ဆောင်လျက် ယေရှုကို ကြိုဆိုရန် ထွက်လာကြ၏။ ထိုသူတို့က
“ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပါစေသော။d
ထာဝရဘုရား၏ အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော။
အစ္စရေးတို့၏ရှင်ဘုရင်သည် မင်္ဂလာရှိပါစေသော”e
ဟု ကြွေးကြော်ကြ၏။
14 ယေရှုသည် မြည်းကလေးတစ်ကောင်ကို တွေ့၍ စီးတော်မူ၏။ ဤအရာသည် ပရောဖက်၏ဟောပြောချက်ကို ပြည့်စုံစေလေ၏။ 15 ထိုဟောပြောချက်မှာ
“အို ဇိအုန်မြို့သူမြို့သားတို့f… မကြောက်ကြနှင့်။
ကြည့်လော့။ သင်တို့၏ ရှင်ဘုရင်သည်
မြည်းကလေးပေါ်တွင် စီး၍ ကြွလာတော်မူပြီ”g
ဟူ၍ ဖြစ်၏။
16 ဤအရာသည် ပရောဖက်ဟောပြောချက်အတိုင်း ဖြစ်လာသည်ကို တပည့်တော်တို့သည် ထိုအခါက နားမလည်ကြ။ သို့သော် ယေရှု ဘုန်းပွင့်တော်မူပြီးနောက်မှသာ ဤအကြောင်းအရာများသည် ကိုယ်တော်ကို ရည်ညွှန်း၍ ထိုသို့ရေးသားထားကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ကို ထိုသို့ပြုခဲ့ကြကြောင်းကိုလည်းကောင်း တပည့်တော်တို့သည် ပြန်လည်သတိရကြ၏။
17 ယေရှုသည် လာဇရုကို သင်္ချိုင်းမှ ခေါ်ထုတ်၍ သေရာမှ ပြန်ရှင်စေတော်မူသည်ကို တွေ့မြင်ခဲ့သောလူတို့သည် ထိုအကြောင်းကို အခြားသူတို့အား ပြောပြကြ၏။ 18 ထိုနိမိတ်လက္ခဏာအကြောင်းကို ကြားသောကြောင့် လူများစွာတို့သည် ကိုယ်တော်ကို ကြိုဆိုရန် ထွက်သွားကြ၏။ 19 ထိုအခါ ဖာရိရှဲတို့က “ငါတို့ မည်သို့မျှမတတ်နိုင်တော့ပါ။ တစ်လောကလုံးသည် သူ့နောက်သို့ လိုက်သွားကြပြီ” ဟု အချင်းချင်းပြောဆိုကြ၏။
မိမိအသေခံတော်မူမည့်အကြောင်းကို ကြိုတင်ဟောတော်မူခြင်း
20 ပသခါပွဲတော်တွင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် ဂျေရုဆလင်မြို့သို့ လာကြသောသူတို့ထဲ၌ ဂရိလူမျိုးတချို့ပါ၏။ 21 ထိုသူတို့သည် ဂါလိလဲပြည်၊ ဗက်ဇဲဒမြို့သား ဖိလိပ္ပုထံသို့ သွား၍ “ဆရာ… ကျွန်ုပ်တို့သည် ယေရှုကို တွေ့လိုပါသည်” ဟု တောင်းဆိုကြ၏။ 22 ဖိလိပ္ပုသည် ထိုအကြောင်းကို အန္ဒြေအား သွား၍ ပြောပြ၏။ ထို့နောက် သူတို့နှစ်ဦးသည် ယေရှုထံတော်သို့ သွား၍ လျှောက်ကြ၏။
23 ထိုအခါ ယေရှုက “လူသားhဘုန်းပွင့်မည့်အချိန် ကျရောက်ပြီ။ 24 သင်တို့အား ငါအမှန်ဆို၏။ ဂျုံစေ့သည် မြေ၌ကျ၍ မပျက်စီးလျှင် အစေ့တစ်စေ့တည်းအဖြစ်သာ ရှိနေ၏။ သို့သော် ပျက်စီးလျှင် ဂျုံစေ့များစွာကို ဖြစ်ထွန်းစေတတ်၏။ 25 ဤလောက၌ မိမိအသက်ကို ချစ်သောသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသောသူသည် ထိုအသက်ကို ထာဝရပိုင်ဆိုင်ရလိမ့်မည်။ 26 ငါ့အမှုကို ထမ်းဆောင်လိုသောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုဆောင်သည် ငါရှိရာ အရပ်တွင် ရှိရမည်။ ငါ့အမှုကို ထမ်းဆောင်သောသူအား ငါ့ခမည်းတော်သည် ဂုဏ်ပြုလိမ့်မည်။
27 ယခုငါသည် အလွန်စိတ်ပူပန်လျက်ရှိ၏။ ငါ့ခမည်းတော်ထံ ‘အို အဖ… အကျွန်ုပ်ကို ဤဒုက္ခရောက်ချိန်နှင့် ကင်းလွှတ်စေတော်မူပါ’ ဟု ဆုတောင်းရမည်လော။ သို့ရာတွင် ငါသည် ဤအချိန်နာရီအတွက် ရောက်လာခြင်းဖြစ်၏။ 28 ‘အို အဖ… အဖ၏နာမတော်ကို ဘုန်းကြီးစေတော်မူပါ’ ” ဟု မြွက်ဆိုတော်မူ၏။
ထိုအခါ ကောင်းကင်မှ “ငါ၏နာမတော်ကို ဘုန်းကြီးစေပြီ။ ထပ်မံ၍လည်း ဘုန်းကြီးစေဦးမည်” ဟူသော အသံတော်ထွက်ပေါ်လာ၏။ 29 ထိုနေရာတွင် ဝန်းရံလျက်ရှိသောလူထုသည် ထိုအသံတော်ကို ကြားသော် “မိုးခြိမ်းသည်” ဟု ဆိုကြ၏။ တချို့က “ယေရှုကို ကောင်းကင်တမန်စကားပြောသည်” ဟု ဆိုကြ၏။
30 ယေရှုက “ထိုအသံတော်မှာ သင်တို့အတွက်ဖြစ်၏။ ငါ့အတွက် မဟုတ်။ 31 ယခုအချိန်သည် ဤလောကကို တရားစီရင်သည့်အချိန်ဖြစ်၏။ ဤလောက၏ မင်းဖြစ်သော စာတန်မာရ်နတ်သည် နှင်ထုတ်ခြင်းခံရလိမ့်မည်။ 32 ငါသည်လည်း မြေမှ မြှောက်ထားခြင်းခံရသောအခါ လူအပေါင်းတို့ကို ငါ့ထံသို့ ဆွဲခေါ်မည်” ဟု မိန့်တော်မူ၏။ 33 ဤသို့မိန့်တော်မူသည်မှာ မိမိသည် မည်သို့အသေခံရမည်ကို အရိပ်အမြွက်ပြတော်မူခြင်းဖြစ်၏။
34 ထိုအခါ လူထုက “ခရစ်တော်iသည် ထာဝရအသက်ရှင်တော်မူသည်ဟု ပညတ်ကျမ်းအရ ကျွန်ုပ်တို့သိရပါ၏။ သို့ဖြစ်၍ သင်က လူသားသည် မြေမှ မြှောက်ထားခြင်းခံရမည်ဟု အဘယ်ကြောင့်ဆိုသနည်း။ ထိုလူသားသည် မည်သူနည်း” ဟု မေးမြန်းကြ၏။
35 ယေရှုက “အလင်းသည် သင်တို့တွင် ခဏတာမျှ ရှိဦးမည်။ သင်တို့ကို အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိခိုက် သွားလာကြလော့။ အမှောင်တွင် သွားလာသူသည် မိမိအဘယ်အရပ်သို့ သွားလာသည်ကို မသိနိုင်ပေ။ 36 ထို့ကြောင့် အလင်းရှိခိုက် ထိုအလင်းကို ယုံကြည်ကြလော့။ သို့မှသာ သင်တို့သည် အလင်း၏သားသမီးများ ဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။ ဤအရာများကို မိန့်တော်မူပြီးနောက် ယေရှုသည် ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက် နေတော်မူ၏။
လူတို့၏ ယုံကြည်ခြင်းကင်းမဲ့မှု
37 ယေရှုသည် လူတို့ရှေ့၌ နိမိတ်လက္ခဏာများစွာကို ပြုတော်မူသော်လည်း လူတို့သည် ယေရှုကို မယုံကြည်ကြ။ 38 ဤအရာသည် ပရောဖက်ဟေရှာယ ဟောပြောထားသည့်အတိုင်း ဖြစ်လာရန်ပင်ဖြစ်၏။ ထိုဟောပြောချက်မှာ
“အို ထာဝရဘုရား… မည်သူသည် အကျွန်ုပ်တို့၏ ဟောပြောချက်ကို ယုံပါသနည်း။
အရှင်၏ တန်ခိုးတော်jကို မည်သူ့အား ဖော်ပြသနည်း”k
ဟူ၍ ဖြစ်၏။
39 ထိုသူတို့ မယုံကြည်နိုင်သည့် အကြောင်းရင်းမှာ ဟေရှာယက
40 “ဘုရားသခင်သည် သူတို့၏ မျက်စိကို ကွယ်စေ၍
စိတ်နှလုံးကို မာကျောစေတော်မူသဖြင့်
သူတို့၏ မျက်စိသည် မမြင်နိုင်ကြ။
စိတ်ထဲ၌လည်း နားမလည်နိုင်ကြ။
သူတို့သည် ဘုရားသခင်ထံ ပြန်မလှည့်လာသောကြောင့်
ဘုရားသခင်၏ကုသမှုကိုလည်း မခံယူနိုင်ကြ”l
ဟု ဟောပြောခဲ့ သောကြောင့်ဖြစ်၏။
41 ဟေရှာယသည် ယေရှု၏ ဘုန်းအသရေကို တွေ့မြင်ခဲ့သောကြောင့် ယေရှုကို ရည်ညွှန်း၍ ဤသို့ဟောပြောခြင်းဖြစ်၏။ 42 မည်သို့ပင်ဖြစ်စေ ဂျူးခေါင်းဆောင်များအပါအဝင် လူများစွာတို့သည် ယေရှုကို ယုံကြည်ကြ၏။ သို့သော်လည်း သူတို့အား ဖာရိရှဲတို့က ဂျူးဝတ်ပြုဆောင်မှ ထုတ်ပယ်မည်ကို စိုးသဖြင့် သူတို့သည် လူတို့ရှေ့၌ ဝန်မခံကြ။ 43 အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ဂုဏ်ပြုချီးမွမ်းခြင်းထက် လူတို့၏ ဂုဏ်ပြုချီးမွမ်းခြင်းကို ပို၍ နှစ်သက်ကြသောကြောင့် ဖြစ်၏။
44 ယေရှုက “ငါ့ကို ယုံကြည်သောသူသည် ငါ့ကိုသာ ယုံကြည်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလည်း ယုံကြည်၏။ 45 ငါ့ကို မြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကိုလည်း မြင်၏။ 46 ငါ့ကို ယုံကြည်သောသူတိုင်း အမှောင်၌ မနေစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ ကြွလာပြီ။ 47 ငါ့စကားကို ကြား၍ မလိုက်နာသောသူကို ငါသည် အပြစ်မစီရင်။ အဘယ်ကြောင့်ဆိုသော် ငါသည် လောကီသားတို့ကို တရားစီရင်ရန် ကြွလာသည်မဟုတ်။ ကယ်တင်ရန် ကြွလာ၏။ 48 ငါနှင့် ငါ့စကားကို ငြင်းပယ်သောသူတို့သည် ငါဟောပြောသော တရားစကားများအတိုင်း တရားစီရင်ရာနေ့တွင် အပြစ်စီရင်ခြင်း ခံကြရမည်။ 49 အဘယ်ကြောင့်ဆိုသော် ငါသည် မိမိဆန္ဒအတိုင်း ဟောပြောသည်မဟုတ်ဘဲ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်ကိုယ်တိုင်က မည်သည့်အရာကို ဟောပြောရမည်၊ မည်သို့ဟောပြောရမည်ကို ငါ့ကို အမိန့်ပေးတော်မူ၏။ 50 ခမည်းတော်၏ အမိန့်တော်သည် ထာဝရအသက်ရစေသည်ကို ငါသိ၏။ ထို့ကြောင့် ခမည်းတော်ဟောပြောစေလိုသည့်အတိုင်း ငါဟောပြော၏” ဟု ကြွေးကြော်တော်မူ၏။