ပေါလု၏ ပညာစကား
2
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့ထံ ရောက်လာစဉ်က ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအကြံအစည်ကို ထူးမြတ်သောစကားလုံးများ၊ သာလွန်သောပညာများဖြင့် ဟောပြောခဲ့သည်မဟုတ်။ 2 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူခဲ့သော ယေရှုခရစ်တော်၏အကြောင်းမှလွဲ၍ အခြားမည့်သည့်အရာကိုမျှ မသိသကဲ့သို့နေရန် ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။ 3 ကျွန်ုပ်သည် သင်တို့ထံသို့ ရောက်လာချိန်က အားနည်း၍ ကြောက်ရွံ့လျက်၊ တုန်လှုပ်လျက် ရှိ၏။ 4 ကျွန်ုပ်၏သတင်းစကားနှင့် ကျွန်ုပ်၏ ဟောပြောချက်တို့မှာ အလွန်ရိုးစင်း၏။ ကျွန်ုပ်သည် ဖြားယောင်းသော ပညာစကားတို့ဖြင့် မပြောဆိုဘဲ သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်တို့၏ သက်သေအထောက်အထားအားဖြင့်သာ ပြောဆို၏။ 5 ဤသည်မှာ သင်တို့၏ ယုံကြည်ခြင်းကို လူ့ဉာဏ်ပညာအပေါ် အခြေမခံဘဲ ဘုရားသခင်၏တန်ခိုးတော်အပေါ် အခြေခံစေလိုသောကြောင့် ဖြစ်၏။6 သို့သော်လည်း ကျွန်ုပ်တို့သည် ရင့်ကျက်သောသူများအကြားတွင်မူ ပညာစကားကို ပြောဆိုကြ၏။ ထိုပညာစကားသည် လောကီပညာစကားမဟုတ်။ ပျက်စီးပျောက်ကွယ်မည့် လောကီအစိုးရမင်းတို့၏ ပညာစကားလည်းမဟုတ်။ 7 ကျွန်ုပ်တို့ပြောဆိုသောပညာစကားမှာ ဝှက်ထားတော်မူသည့် လျှို့ဝှက်နက်နဲသောဘုရားသခင်၏ ပညာစကားဖြစ်၏။ ဘုရားသခင်သည် ကမ္ဘာမတည်မီကပင် ထိုပညာကို ကျွန်ုပ်တို့၏ ဘုန်းအသရေအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။ 8 လောကီအစိုးရမင်းတို့သည် ထိုပညာကို နားမလည်ကြ။ နားလည်ကြလျှင် ဘုန်းကြီးတော်မူသော သခင်ကို လက်ဝါးကပ်တိုင်တွင် သတ်ကြမည်မဟုတ်ပေ။
9 ထိုအရာမှာ ကျမ်းစာ၌
“မိမိကို ချစ်သောသူတို့အတွက် ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကို လူ့မျက်စိဖြင့် မမြင်၊ လူ့နားဖြင့် မကြား၊
လူ့စိတ်ဖြင့် မတွေးမိဖူးသေး”
ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်၏။
10 သို့သော် ဘုရားသခင်သည် ဤအရာများကို ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့အား ဖော်ပြတော်မူ၏။ ဝိညာဉ်တော်သည် အရာအားလုံးကို ဆန်းစစ်၍ ဘုရားသခင်၏ နက်နဲသောလျှို့ဝှက်ချက်များကိုပင် ကျွန်ုပ်တို့အား ဖော်ပြပေးတော်မူ၏။ 11 တစ်စုံတစ်ဦး၏ အတွေးအမြင်ကို ထိုသူ၏ စိတ်ဝိညာဉ်မှလွဲ၍ မည်သူမျှ မသိနိုင်ပေ။ ထိုကဲ့သို့ပင် ဘုရားသခင်၏ အတွေးအမြင်ကို ဘုရားသခင်၏ ဝိညာဉ်တော်မှလွဲ၍ မည်သူမျှ မသိနိုင်ပေ။ 12 ကျွန်ုပ်တို့သည် ဤလောက၏ဝိညာဉ်ကို ရရှိကြသည်မဟုတ်။ ဘုရားသခင်ရက်ရောစွာပေးတော်မူသောအရာကို သိမြင်နိုင်ရန်အတွက် ဘုရားသခင်ထံမှလာသော ဝိညာဉ်တော်ကို ရရှိကြ၏။ 13 သို့ဖြစ်၍ ဤအရာများကို ပြောဆိုရာတွင် ကျွန်ုပ်တို့သည် လူ့ဉာဏ်ပညာက သင်ကြားပေးသောစကားများဖြင့် မပြောဆို။ ဝိညာဉ်တော်က သင်ကြားပေးသော စကားများဖြင့်သာ ပြောဆိုကြ၍ ဝိညာဉ်ရေးရာအမှန်တရားများကို ဝိညာဉ်ရေးရာစကားလုံးများဖြင့် ရှင်းလင်းဖော်ပြကြ၏။ 14 သို့သော် ဝိညာဉ်တော်ကို မရရှိထားသောသူသည် ဘုရားသခင်၏ဝိညာဉ်တော်ထံမှ အမှန်တရားကို မခံယူနိုင်ပေ။ ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာများဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်တော်အားဖြင့်သာ ပိုင်းခြားသိမြင်နိုင်သောကြောင့် သူသည် နားမလည်နိုင်ပေ။ 15 ဝိညာဉ်တော်ကို ရရှိထားသောသူသည် အရာအားလုံးကို ပိုင်းခြားသိမြင်နိုင်၏။ သို့သော် ထိုသူကို မည်သူမျှ ပိုင်းခြား၍ မသိမြင်နိုင်ပေ။ 16 အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌
“မည်သူသည် ထာဝရဘုရား၏ စိတ်တော်ကို သိနိုင်၍
ကိုယ်တော်ကို သွန်သင်နိုင်ပါမည်နည်း”a
ဟု ဖော်ပြထားသောကြောင့်ဖြစ်၏။
ကျွန်ုပ်တို့မှာမူ ခရစ်တော်၏ စိတ်ကို ရရှိထားကြ၏။