ဝိညာဉ်​ဆုကျေးဇူးများ
12
ညီအစ်ကို​မောင်နှမတို့… ဝိညာဉ်​ဆုကျေးဇူး​နှင့် ပတ်သက်သော​အကြောင်းအရာများ​ကို သင်တို့ မသိ​နားမလည်ဘဲ​မနေစေလိုပါ။ 2 သင်တို့​သည် ဘုရားသခင်​ကို မကိုးကွယ်​မီ​အချိန်​က စကား​မပြောနိုင်သော​ရုပ်တုများ​ကို ကိုးကွယ်​ရန် တစ်နည်း၊ သို့မဟုတ် တစ်နည်း​ဖြင့် သွေးဆောင်​ခံရ​ကာ လမ်းလွဲခဲ့ကြကြောင်း သင်တို့​အသိ​ပင် ဖြစ်၏။ 3 ထို့ကြောင့် သင်တို့​အား ကျွန်ုပ်​သိစေလိုသည်​မှာ မည်သူ​ကမျှ ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် ယေရှု​ကို ကျိန်မည်​မဟုတ်။ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် မဟုတ်လျှင် မည်သူ​ကမျှ ယေရှု​သည် သခင်​ဖြစ်ကြောင်း ပြော​နိုင်မည်​မဟုတ်။
4 ဝိညာဉ်​ဆုကျေးဇူး​အမျိုးမျိုး​ရှိ​သော်လည်း ဝိညာဉ်တော်​တစ်ပါးတည်း​ရှိ၏။ 5 အမှုတော်​လုပ်ငန်း​အမျိုးမျိုး​ရှိ​သော်လည်း ဘုရားသခင်​တစ်ပါးတည်း​ရှိ၏။ 6 လုပ်ဆောင်ပုံ​အမျိုးမျိုး​ရှိ​သော်လည်း လူအပေါင်းတို့​၌ ရှိသော လုပ်ဆောင်ပုံ​အားလုံး​ကို သက်ဝင်လှုပ်ရှား​စေတော်မူသော ဘုရားသခင် တစ်ပါးတည်း​ရှိ၏။
7 အများ​ကောင်းကျိုး​ဖြစ်​စေရန် ဝိညာဉ်​ဆုကျေးဇူး​ကို ကျွန်ုပ်တို့ တစ်ဦးစီ​တိုင်း​အား ပေးတော်မူ၏။ 8 ဝိညာဉ်တော်​သည် လူတစ်ယောက်​အား ဉာဏ်ပညာ​စကား​ကို ပေးတော်မူ၏။ ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကပင် အခြားသူ​တစ်ယောက်​အား အသိပညာ​စကား​ကို ပေးတော်မူ၏။ 9 ထို​ဝိညာဉ်တော်​ကပင် အခြားသူ​တစ်ယောက်​အား ယုံကြည်ခြင်း​ကို ပေးတော်မူ၏။ ထို​ဝိညာဉ်တော်​ကပင် အခြားသူ​တစ်ယောက်​အား ရောဂါ​ပျောက်ကင်းစေနိုင်သော​ဆုကျေးဇူး​ကို ပေးတော်မူ၏။ 10 ဝိညာဉ်တော်​သည် လူတစ်ယောက်​အား အံ့ဖွယ်တန်ခိုး​ပြနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား ပရောဖက်ပြု​ဟောပြောနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား သန့်ရှင်းသော​ဝိညာဉ်တော်​ထံမှ​လာသော​အရာ​နှင့် အခြား​ဝိညာဉ်​ထံမှ လာသော​အရာ​တို့ကို ပိုင်းခြားနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား ဘာသာစကား​အမျိုးမျိုး ပြောနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား ထို​ဘာသာစကားများ​၏ အနက်​ကို ပြန်နိုင်စွမ်း​ကို​လည်းကောင်း ပေးတော်မူ၏။ 11 ဤ​ဆုကျေးဇူး​အားလုံး​ကို သက်ဝင်လှုပ်ရှား​စေတော်မူသော​သူမှာ တစ်ပါးတည်းသော ဝိညာဉ်တော်​ဖြစ်တော်မူ၏။ ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကသာ မိမိ​အလို​အတိုင်း ထို​ဆုကျေးဇူးတို့​ကို တစ်ဦးစီ​အား အသီးသီး​ဝေငှပေးတော်မူ၏။
အင်္ဂါ​အစိတ်အပိုင်းများ​စွာ ပါရှိသော ကိုယ်ခန္ဓာ
12 ယုံကြည်သူများ​သည် ခရစ်တော်​၌ အင်္ဂါ​အစိတ်အပိုင်း​များစွာ​ပါရှိသည့် ကိုယ်ခန္ဓာ​ကဲ့သို့ ဖြစ်ကြ၏။ လူ့​ကိုယ်ခန္ဓာ​တွင် အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​သော်လည်း ထို​အစိတ်အပိုင်း​များစွာ​သည် ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်၏။ 13 ထိုကဲ့သို့​ပင် ကျွန်ုပ်တို့​အားလုံး​သည် ဂျူးလူမျိုး​ဖြစ်စေ၊ ဂရိလူမျိုး​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လွတ်လပ်သူ​ဖြစ်စေ ဝိညာဉ်တော်​တစ်ပါးတည်း​အားဖြင့် ကိုယ်ခန္ဓာ​တစ်ခုတည်း​ထဲသို့ နှစ်ခြင်း​မင်္ဂလာ​ခံယူကြပြီး ကျွန်ုပ်တို့​အားလုံး​သည် ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကို သောက်သုံးကြ၏။
14 မှန်ပါ၏။ ကိုယ်ခန္ဓာ​တွင် အင်္ဂါ​အစိတ်အပိုင်း​တစ်ခုတည်း​သာ ရှိသည်​မဟုတ်ဘဲ အစိတ်အပိုင်း​များစွာ ရှိ၏။ 15 ခြေ​က “ငါ​သည် လက်​မဟုတ်​သောကြောင့် ကိုယ်ခန္ဓာ​၏ အစိတ်အပိုင်း​မဟုတ်ပါ” ဟု ဆို​ပါက ထိုသို့ ဆို​သောကြောင့် ကိုယ်ခန္ဓာ​နှင့် မဆိုင်​တော့သည်​မဟုတ်ပေ။ 16 နား​ကလည်း “ငါ​သည် မျက်စိ​မဟုတ်​သောကြောင့် ကိုယ်ခန္ဓာ​၏ အစိတ်အပိုင်း​မဟုတ်ပါ” ဟု ဆို​ပါက ထိုသို့ ဆို​သောကြောင့် ကိုယ်ခန္ဓာ​နှင့် မဆိုင်​တော့သည်​မဟုတ်ပေ။ 17 အကယ်၍ ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် မျက်စိ​ဖြစ်လျှင် မည်သို့ ကြား​နိုင်မည်နည်း။ ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် နား​ဖြစ်လျှင် မည်သို့​အနံ့ရ​နိုင်မည်နည်း။
18 သို့သော်လည်း ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်း​တစ်ခုစီ​ကို အလိုတော်​ရှိသည့်​အတိုင်း ကိုယ်ခန္ဓာ​၌ အသီးသီး နေရာချ​တော်မူ၏။ 19 အင်္ဂါ​အစိတ်အပိုင်း​အားလုံး​သည် အစိတ်အပိုင်း​တစ်ခုတည်း​သာ ဖြစ်​လျှင် ကိုယ်ခန္ဓာ​ဟူ၍ မည်သို့​ရှိတော့မည်နည်း။ 20 ယခု​တွင်မူ အင်္ဂါ​အစိတ်အပိုင်း​များစွာ ရှိ​သော်လည်း ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်၏။ 21 မျက်စိ​က လက်​အား “သင့်​ကို ငါ​မလိုအပ်” ဟု ပြော​၍​မရပါ။ ထို​နည်းတူ ဦးခေါင်း​က ခြေ​အား “သင့်​ကို ငါ​မလိုအပ်” ဟု ပြော​၍​မရပါ။
22 ကိုယ်ခန္ဓာ​တွင် ပို​၍ အားနည်းသည်​ဟု ထင်ရသော အင်္ဂါ​အစိတ်အပိုင်းများ​သည် အမှန်​တွင်မူ မရှိမဖြစ်သော​အစိတ်အပိုင်းများ​ဖြစ်ကြပြီး 23 ပို​၍ ဂုဏ်သရေ​နည်းသည်​ဟု ထင်ရသော အင်္ဂါ​အစိတ်အပိုင်းများ​ကို ကျွန်ုပ်တို့​သည် အထူး​အလေးပေး ဆင်ယင်ကြ၏။ အမြင်​မတင့်တယ်သော အစိတ်အပိုင်းများ​ကိုလည်း ဂရုတစိုက် ဖုံးအုပ်​ဆင်ယင်တတ်ကြ၏။ 24 အမြင်​တင့်တယ်သော အင်္ဂါ​အစိတ်အပိုင်းများ​ကိုမူ ထိုသို့ ပြု​ရန် မလိုအပ်ပေ။ သို့သော် ဘုရားသခင်​သည် ဂုဏ်သရေ​နည်းသော အင်္ဂါ​အစိတ်အပိုင်းများ​အား ပို​၍ ဂုဏ်သရေ​ရှိစေ​၍ ကိုယ်ခန္ဓာ​ကို ဖွဲ့စည်းတော်မူ၏။ 25 ဤသည်​မှာ ကိုယ်ခန္ဓာ​တွင် စိတ်ဝမ်း​မကွဲဘဲ အင်္ဂါ​အစိတ်အပိုင်း​အချင်းချင်း ဂရုစိုက်ကြ​ရန်​ဖြစ်၏။ 26 အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​သည် ဝေဒနာ​ခံစားရ​လျှင် ကျန်​အစိတ်အပိုင်း​ရှိသမျှတို့​သည်လည်း အတူတကွ ခံစားကြ​ရ၏။ အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​သည် ဂုဏ်တက်​လျှင် ကျန်​အစိတ်အပိုင်း​ရှိသမျှတို့​သည်လည်း အတူတကွ ဝမ်းမြောက်ကြ၏။
27 သင်တို့​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်ကြပြီး သင်တို့​တစ်ဦးချင်း​သည် အင်္ဂါ​အစိတ်အပိုင်းများ​ဖြစ်ကြ၏။ 28 အသင်းတော်​အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများ​မှာ
ပထမ​အနေဖြင့် တမန်တော်များ၊
ဒုတိယ​အနေဖြင့် ပရောဖက်များ၊
တတိယ​အနေဖြင့် ဆရာများ၊
ထို့နောက် အံ့ဖွယ်​တန်ခိုး​ကို ပြသူများ၊
ရောဂါ​ပျောက်ကင်းစေနိုင်သော ဆုကျေးဇူး​ကို ရရှိထားသူများ၊
အများ​ကို ကူညီဖေးမသူများ၊
ဦးဆောင်​လမ်းပြနိုင်သူများ၊
ဘာသာစကား​အမျိုးမျိုး​ကို ပြောနိုင်သူများ
စသည်တို့​ဖြစ်ကြ၏။
29 လူတိုင်း တမန်တော်​ဖြစ်သလော။ လူတိုင်း ပရောဖက်​ဖြစ်သလော။ လူတိုင်း​ဆရာ ဖြစ်သလော။ လူတိုင်း အံ့ဖွယ်​တန်ခိုး​ကို ပြနိုင်သလော။ 30 လူတိုင်း ရောဂါ​ပျောက်ကင်းစေနိုင်သော ဆုကျေးဇူး ရှိ​သလော။ လူတိုင်း ဘာသာစကား​အမျိုးမျိုး​ကို ပြောနိုင်​သလော။ လူတိုင်း ထို​ဘာသာစကား​၏ အနက်​ကို ပြန်နိုင်​သလော။ 31 သို့ဖြစ်၍ သင်တို့​သည် ပို​၍ မြတ်သော ဆုကျေးဇူးများ​ကို အလွန်​လိုချင်သော​စိတ် ရှိကြလော့။ ယခု​တွင်မူ ကျွန်ုပ်​သည် သင်တို့​အား အမြတ်ဆုံးသော​လမ်း​ကို ပြဦးမည်။