အခြား​ဘာသာစကား​ပြောခြင်း​နှင့် ပရောဖက်ပြု​ဟောပြောခြင်း
14
ချစ်ခြင်း​မေတ္တာ​တရား​ကို ကြိုးစား​၍ ကျင့်သုံးကြလော့။ ဝိညာဉ်​ဆုကျေးဇူးများ​ကိုလည်း အလွန်​လိုချင်သော​စိတ် ရှိကြလော့။ အထူး​သဖြင့် ပရောဖက်ပြု​ဟောပြော​နိုင်သော​ဆုကျေးဇူး​ကို လိုချင်သော​စိတ် ရှိကြလော့။ 2 အဘယ်ကြောင့်ဆိုသော် အခြား​ဘာသာစကား​ကို ပြောဆိုသူ​သည် လူတို့​အား ပြောဆိုသည်​မဟုတ်။ ဘုရားသခင်​အား ပြောဆိုခြင်း​ဖြစ်၏။ ထိုသူ​ပြောသော​စကား​ကို မည်သူမျှ နားမလည်ပေ။ သူ​သည် ဝိညာဉ်တော်​၏​တန်ခိုး​အားဖြင့် လျှို့ဝှက်​နက်နဲသော​အရာတို့​ကို ပြောဆိုနေခြင်း​ဖြစ်၏။ 3 ပရောဖက်ပြု​ဟောပြောသောသူ​ကမူ လူတို့​အား ဆောက်တည်စရာ​စကား၊ အားပေး​စကား၊ နှစ်သိမ့်​စကားတို့​ကို ဟောပြော၏။ 4 အခြား​ဘာသာစကား​ကို ပြောသောသူ​သည် မိမိ​ကိုယ်ကိုယ် တည်ဆောက်၏။ ပရောဖက်ပြု​ဟောပြောသောသူ​ကမူ အသင်းတော်​တစ်ခုလုံး​ကို တည်ဆောက်ပေး၏။
5 ကျွန်ုပ်​သည် သင်တို့​ရှိသမျှ​အား အခြား​ဘာသာစကား​ကို ပြောတတ်​စေလို၏။ သို့သော် ပရောဖက်ပြု​ဟောပြောခြင်း​ကို ပို​၍ တတ်စေလို၏။ အဘယ်ကြောင့်ဆိုသော် အခြား​ဘာသာစကား​ကို ပြောဆို​ရာတွင် အသင်းတော်​အတွက် တည်ဆောက်​စရာ​ဖြစ်​စေရန် အနက်​ကို ပြန်နိုင်​ရမည်​ဖြစ်၏။ အနက်​မပြန်နိုင်​လျှင် အခြား​ဘာသာစကား​ကို ပြောဆိုခြင်း​ထက် ပရောဖက်ပြု​ဟောပြောခြင်း​သည် ပို​၍ မြတ်၏။
6 ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် သင်တို့​ထံသို့ လာ​၍ သင်တို့​နားမလည်သော အခြား​ဘာသာစကား​ဖြင့် ပြောဆို​သော်လည်း ဗျာဒိတ်တော်​ဖွင့်ပြခြင်း၊ အသိပညာ​မျှဝေခြင်း၊ ပရောဖက်ပြုခြင်း၊ သင်ကြားခြင်းတို့​ဖြင့် မပြောဆို​လျှင် သင်တို့​အတွက် မည်သည့်​အကျိုး​ရှိမည်နည်း။ 7 ပလွေ၊ စောင်း​ကဲ့သို့သော သက်မဲ့​တူရိယာများ​ပင်လျှင် ရှင်းလင်း​ပြတ်သားသော သံစဉ်​မထွက်​ပါက မည်သည့်​တီးလုံး တီးမှုတ်နေသည်​ကို မည်သို့​သိနိုင်မည်နည်း။ 8 တံပိုးခရာ​သည်လည်း ရှင်းလင်း​ပြတ်သားသော​အသံ​မထွက်​လျှင် စစ်တိုက်​ရန် ခေါ်ကြောင်း စစ်သားများ​က မည်သို့​သိမည်နည်း။
9 သင်တို့​သည် တစ်စုံတစ်ယောက်​အား ထို​သူ နားမလည်နိုင်သော​အခြား​ဘာသာစကား​ဖြင့် ပြောဆို​လျှင် သင်တို့​ဆိုလိုသော​အရာ​ကို သူ​သည် မည်သို့​သိ​နိုင်မည်နည်း။ လေ​အား ပြောလိုက်​သကဲ့သို့​သာ ဖြစ်​လိမ့်မည်။
10 ကမ္ဘာ​ပေါ်တွင် မတူညီသော ဘာသာ​စကားပေါင်း​များစွာ ရှိ​သော်လည်း အဓိပ္ပာယ်​မဲ့သော ဘာသာ​စကား​ဟူ၍ မရှိပါ။ 11 အကယ်၍ တစ်စုံတစ်ယောက်​ပြောသော ဘာသာစကား​ကို ကျွန်ုပ်​နားမလည်​လျှင် ထို​သူ​သည် ကျွန်ုပ်​အတွက် လူမျိုးကွဲ​ဖြစ်ပြီး ကျွန်ုပ်​သည်လည်း ထို​သူ​အတွက် လူမျိုးကွဲ​ဖြစ်​လိမ့်မည်။ 12 သို့ဖြစ်၍ သင်တို့​သည်လည်း ဝိညာဉ်​ဆုကျေးဇူးများ​ကို ရ​ရန် စိတ်အားထက်သန်သည့်​အလျောက် အသင်းတော်​ကို တည်ဆောက်​ရာတွင် အကျိုးပြုမည့် ဆုကျေးဇူးများ​ကိုသာ ရ​ရန် ကြိုးစားကြလော့။
13 ထို့ကြောင့် အခြား​ဘာသာစကား​ကို ပြောဆိုသောသူ​သည် မိမိ​ပြောသော​စကားတို့​ကို အနက်​ပြန်​နိုင်ရန်​အတွက်လည်း ဆုတောင်း​သင့်၏။ 14 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် အခြား​ဘာသာစကား​အားဖြင့် ဆုတောင်း​လျှင် ကျွန်ုပ်​၏ စိတ်ဝိညာဉ်​သည် ဆုတောင်းနေ​သော်လည်း ကျွန်ုပ်​၏ အသိဉာဏ်​အတွက် အကျိုး​မရှိ။
15 ထိုသို့​ဆိုလျှင် မည်သို့​ပြုရမည်နည်း။ ကျွန်ုပ်​သည် စိတ်ဝိညာဉ်​နှင့် ဆုတောင်းမည်။ အသိဉာဏ်​နှင့်လည်း ဆုတောင်းမည်။ စိတ်ဝိညာဉ်​နှင့် သီချင်းဆိုမည်။ အသိဉာဏ်​နှင့်​လည်း သီချင်းဆိုမည်။ 16 အဘယ်ကြောင့်ဆိုသော် သင်​သည် စိတ်ဝိညာဉ်​နှင့် ဘုရားသခင်​ကို ချီးမွမ်း​လျှင် အကျွမ်းတဝင်​မရှိသေးသော​လူတစ်ယောက်​သည် သင်​ပြောနေသော​စကား​ကို နားမလည်​သောကြောင့် ဘုရားသခင်​အား သင်​ကျေးဇူးတင်သည်​ကို အာမင်​ဟု မည်သို့ ဝန်ခံ​ပြောဆို​နိုင်မည်နည်း။ 17 သင်​သည် ဘုရားသခင်​အား ကောင်းစွာ ကျေးဇူးတင်​နေ​သော်လည်း တစ်ပါးသူ​အတွက် တည်ဆောက်စရာ​မဖြစ်ပေ။
18 ကျွန်ုပ်​သည် အခြား​ဘာသာစကား​ကို သင်တို့​ထက်​ပို၍ ပြောဆို​ရ​သောကြောင့် ဘုရားသခင်​ကို ကျေးဇူးတင်၏။ 19 သို့ဖြစ်စေကာမူ အသင်းတော်​တွင် အခြား​ဘာသာစကား​ဖြင့် အခွန်း​တစ်သောင်း​ကို ပြောဆိုသည်​ထက် တစ်ပါးသူ​ကို သွန်သင်​ရန် နားလည်နိုင်သော​စကား​ငါးခွန်း​ကိုသာ ကျွန်ုပ်​ပြောဆိုမည်။
20 ချစ်သော ညီအစ်ကို​မောင်နှမတို့… ကလေးဆန်​စွာ မတွေးခေါ်ကြနှင့်။ မကောင်းမှု​နှင့်​ပတ်သက်​လျှင် ကလေးငယ်​ကဲ့သို့ ဖြစ်၍ စဉ်းစား​တွေးခေါ်မှု​နှင့်​ပတ်သက်​လျှင် ရင့်ကျက်သော​သူများ​ကဲ့သို့ ဖြစ်ကြလော့။ 21 ကျမ်းစာ​၌
“ငါ​သည် ဤ​လူမျိုးတို့​အား ပြော​ရန် အခြား​နိုင်ငံ​မှ လူတို့​ကို အသုံးပြုမည်။
ထို​သူတို့​သည် အခြား​ဘာသာစကားများ​ဖြင့် ပြောဆိုကြလိမ့်မည်။
သို့သော်လည်း သူတို့​သည် ငါ့​ကို နားထောင်ကြ​လိမ့်မည်​မဟုတ် ဟု ထာဝရဘုရား​မိန့်တော်မူ၏”a
ဟူ၍ ရေးသားထား၏။
22 သို့ဖြစ်၍ အခြား​ဘာသာစကား​သည် ယုံကြည်သူများ​အတွက် နိမိတ်​လက္ခဏာ​မဟုတ်ဘဲ မယုံကြည်သူများ​အတွက်​သာ ဖြစ်၏။ ပရောဖက်ပြု​ဟောပြောခြင်း​မှာမူ မယုံကြည်သူများ​အတွက် မဟုတ်ဘဲ ယုံကြည်သူများ​အတွက်​ဖြစ်၏။ 23 ထို့ကြောင့် အသင်းတော်​တစ်ခုလုံး​စုဝေး​၍ အခြား​ဘာသာစကားများ​ဖြင့် ပြောဆိုနေကြ​စဉ် အကျွမ်းတဝင်​မရှိသေးသော​သူများ​နှင့် မယုံကြည်သူများ ဝင်လာ​လျှင် သင်တို့​ကို ရူးနေကြပြီ​ဟု ပြောကြမည်​မဟုတ်လော။ 24 သို့သော် သင်တို့​ရှိသမျှ​သည် ပရောဖက်ပြု​ဟောပြောနေကြ​စဉ် အကျွမ်းတဝင်​မရှိသေးသော​သူများ​နှင့် မယုံကြည်သူများ ဝင်လာ​လျှင် သင်တို့​၏​ဟောပြောချက်​အားဖြင့် သူတို့​က မိမိတို့​သည် အပြစ်ရှိသူများ​ဖြစ်ကြောင်း​နှင့် စစ်ဆေး​စီရင်ခြင်း​ကို ခံရမည်​ဖြစ်ကြောင်း သိမြင်လာကြ​လိမ့်မည်။ 25 သူတို့​၏ စိတ်နှလုံး​ထဲမှ လျှို့ဝှက်သော​အတွေးအခေါ်များ​သည် ပေါ်လွင်​လာ​သဖြင့် သူတို့​သည် ဝပ်တွားခယ​ကာ “ဘုရားသခင်​သည် သင်တို့​နှင့်အတူ အမှန်တကယ်​ရှိတော်မူ၏” ဟု ကြွေးကြော်​လျက် ဘုရားသခင်​ကို ကိုးကွယ်ကြ​လိမ့်မည်။
အစီအစဉ်​တကျ ဝတ်ပြုကိုးကွယ်ခြင်း
26 သို့ဖြစ်လျှင် ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ဤသို့​ဖြစ်၏။ သင်တို့​စုဝေးကြ​သောအခါ တစ်ဦး က ဓမ္မသီချင်း​ဆိုခြင်း၊ တစ်ဦး​က သင်ကြားခြင်း၊ တစ်ဦး​က ဗျာဒိတ်တော်​ကို ဖွင့်ပြခြင်း၊ တစ်ဦး​က အခြား​ဘာသာစကား​ကို ပြောခြင်း​နှင့် တစ်ဦး​က ထို​ဘာသာစကား​ကို အနက်​ပြန်ခြင်း​ဟူ၍ အသီးသီး​ဆောင်ရွက်ကြ၏။ ထို​အခြင်းအရာ​အားလုံး​ကို သင်တို့​လုပ်ဆောင်ရာ​တွင် အသင်းတော် တည်ဆောက်စရာ​အတွက် ဖြစ်စေကြလော့။
27 အခြား​ဘာသာစကား​ဖြင့် ပြောမည်​ဆိုပါက နှစ်ဦး သို့မဟုတ် သုံးဦး​ထက်​ပို၍ မပြောသင့်ပေ။ သူတို့​သည် တလှည့်စီ​ပြော​၍ သူတို့​ပြောဆိုသော​စကား​ကို တစ်ယောက်​က အနက်ပြန်​ပေး​ရမည်။ 28 သို့သော် အနက်ပြန်​နိုင်မည့်သူ မရှိ​လျှင် ထို​သူတို့​သည် အသင်းတော်​စုဝေးရာ​၌ တိတ်ဆိတ်​စွာ နေ​၍ စိတ်​ထဲ၌​သာ ဘုရားသခင်​ကို ပြောဆိုရမည်။
29 ပရောဖက်​နှစ်ဦး သို့မဟုတ် သုံးဦး​က ဟောပြော​၍ ထို​ဟောပြောသော​အရာ​ကို အခြားသော​သူတို့​သည် အကဲဖြတ်​သုံးသပ်ကြစေ။ 30 သို့သော် ထိုင်နေသော​သူတို့​ထဲမှ တစ်ယောက်​သည် ဗျာဒိတ်တော်​ကို ရရှိ​လျှင် ပရောဖက်ပြု​ဟောပြောနေသောသူ​သည် တိတ်ဆိတ်စွာ​နေရမည်။ 31 လူတိုင်း သင်ယူရပြီး လူတိုင်း အားပေးခံရ​နိုင်ရန် ပရောဖက်​ပြုသောသူ​အားလုံး​သည် တစ်လှည့်စီ ပရောဖက်ပြု​ဟောပြောကြရမည်။ 32 ပရောဖက်တို့​သည် မိမိတို့​၏ စိတ်ဝိညာဉ်​ကို ချုပ်ထိန်း​နိုင်ကြ၏။ 33 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ယောက်ယက်ခတ်​စေတတ်သော​ဘုရား​မဟုတ်ဘဲ ယုံကြည်သူတို့b​၏ အသင်းတော်များ​၌ ပြု​သကဲ့သို့ ငြိမ်းချမ်းခြင်း​ကို ဖြစ်​စေသော​ဘုရား ဖြစ်တော်မူ​သောကြောင့်​ပင်။ 34 အမျိုးသမီးများ​သည် အသင်းတော်​တွင် တိတ်ဆိတ်​စွာ နေကြရမည်။ သူတို့​တွင် ပြောဆိုခွင့်​မရှိ။ ပညတ်တရား​တွင် ဆိုထားသည့်​အတိုင်း သူတို့​သည် နာခံမှု​ရှိကြရမည်။ 35 သူတို့​သည် တစ်စုံတစ်ခု​ကို သိလို​လျှင် အိမ်​၌ မိမိ​ခင်ပွန်း​ကို မေးမြန်းကြစေ။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများ​အနေဖြင့် အသင်းတော်​တွင် ပြောဆိုခြင်း​သည် မသင့်လျော်​သောကြောင့်​ဖြစ်၏။
36 ဘုရားသခင်​၏ နှုတ်ကပတ်တော်​သည် သင်တို့​ထံမှ ထွက်လာ​သလော။ သင်တို့​အတွက်​သာ ပေးထား​သလော။ 37 တစ်စုံတစ်ယောက်​သည် မိမိကိုယ်ကိုယ် ပရောဖက်​ဖြစ်သည် သို့မဟုတ် ဝိညာဉ်​ဆုကျေးဇူး​ရရှိသူ​ဖြစ်သည်​ဟု ယူဆ​လျှင် သင်တို့​ထံသို့ ကျွန်ုပ်​ရေးလိုက်သော အကြောင်းအရာတို့​သည် သခင်ဘုရား​၏ ပညတ်တော်​ဖြစ်ကြောင်း သိမှတ်​ရမည်။ 38 ဤ​အကြောင်းအရာ​ကို မသိမှတ်​လျှင် ထို​သူ​သည်လည်း အသိအမှတ်​ပြုခံရမည်​မဟုတ်ပေ။c
39 ထို့ကြောင့် ချစ်သော ညီအစ်ကို​မောင်နှမတို့… ပရောဖက်ပြု​ဟောပြောနိုင်စွမ်း​ကို အလွန်​လိုချင်သော​စိတ် ရှိကြလော့။ အခြား​ဘာသာစကား​ပြောခြင်း​ကိုလည်း မတားမြစ်ကြနှင့်။ 40 သို့ရာတွင် အရာရာတိုင်း​ကို သင့်လျော်​စွာ အစီအစဉ်တကျ လုပ်ဆောင်ကြလော့။