ဂျေရုဆလင်မြို့​ရှိ အသင်းသားများ​အတွက် အလှူငွေ​ကောက်ခံခြင်း
16
ဂျေရုဆလင်မြို့​ရှိ ယုံကြည်သူများa​အတွက် အလှူငွေ​ကောက်ခံခြင်း​နှင့်​ပတ်သက်၍ ဂလာတိပြည်​ရှိ အသင်းတော်များ​ကို ကျွန်ုပ်​လမ်းညွှန်ထား​သကဲ့သို့ သင်တို့​သည်လည်း ထို​နည်း​အတိုင်း ပြုကြလော့။ 2 ကျွန်ုပ်​ရောက်လာ​သောအခါ အလှူငွေ​ကောက်ခံစရာ မလို​စေရန် အပတ်တိုင်း​၏ ပထမနေ့​တွင် သင်တို့​တစ်ဦးချင်းစီ​က ရရှိသော​ဝင်ငွေ​ထဲမှ တချို့​ကို ထုတ်​၍ စုထားကြလော့။ 3 ကျွန်ုပ်​ရောက်လာ​သောအခါ သင်တို့​၏ အလှူငွေ​ကို ဂျေရုဆလင်မြို့​သို့ ယူဆောင်သွား​ရန် သင်တို့​ရွေးချယ်သော​သူတို့​အား စာ​နှင့် လွှတ်လိုက်မည်။ 4 အကယ်၍ ကျွန်ုပ်​ကိုယ်တိုင် သွား​ရန် လိုအပ်​ပါက ကျွန်ုပ်​သည် ထို​သူတို့​နှင့်အတူ သွားမည်။
ပေါလု​၏ နောက်ဆုံး​ညွှန်ကြားချက်များ
5 ကျွန်ုပ်​သည် မာကေဒေါနိပြည်​ကို ဖြတ်​သွား​ရန် စီစဉ်ထား​သောကြောင့် ထို​ပြည်​ကို ဖြတ်​ပြီးမှ သင်တို့​ထံ လာခဲ့မည်။ 6 ကျွန်ုပ်​သည် သင်တို့​နှင့်အတူ အတန်ကြာ နေကောင်းနေ​လိမ့်မည်။ ဆောင်းရာသီ​ကာလပတ်လုံး နေ​ရန်ပင် ဖြစ်နိုင်၏။ ထို့နောက်​တွင်မူ ကျွန်ုပ် သွားရမည့် အရပ်​သို့ သွား​နိုင်ရန် သင်တို့​ကူညီ​နိုင်ကြ​လိမ့်မည်​ဟု မျှော်လင့်၏။ 7 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သင်တို့​ထံ ယခု ခရီးကြုံ​၍ လည်ပတ်​ရုံသာ မပြုလိုပါ။ သခင်ဘုရား ခွင့်ပြုတော်မူ​လျှင် သင်တို့​နှင့်အတူ ကာလ​အတန်ကြာ နေ​နိုင်ရန် ကျွန်ုပ်​မျှော်လင့်ထား၏။ 8 ဤ​အတောအတွင်း ပင်တေကုတ္တေပွဲနေ့​တိုင်အောင် ဧဖက်မြို့​တွင် ကျွန်ုပ်​နေပါမည်။ 9 ဤ​မြို့​တွင် ထိရောက်​စွာ အမှုတော်​ဆောင်​နိုင်ရန်​အတွက် အခွင့်အရေး​တံခါးကြီး​သည် ပွင့်​လျက်​ရှိ၏။ ကျွန်ုပ်​ကို ဆန့်ကျင်သော​သူများလည်း ရှိကြ၏။
10 သင်တို့​ထံ တိမောသေ ရောက်လာ​လျှင် သူ့​ကို မစိုးထိတ်စေနှင့်။ သူ​သည် ကျွန်ုပ်​ကဲ့သို့ သခင်ဘုရား​၏ အမှုတော်​ကို ဆောင်ရွက်နေသူ​ဖြစ်၏။ 11 မည်သူမျှ သူ့​ကို မထီမဲ့မြင်​မပြုစေနှင့်။ သူ​သည် ကျွန်ုပ်​ထံသို့ စိတ်ချမ်းသာ​စွာ ပြန်လာ​နိုင်ရန် သင်တို့​ကူညီပေးကြလော့။ ကျွန်ုပ်​သည်လည်း သူ့​ကို ယုံကြည်သူများb​နှင့်အတူ ရောက်လာမည်​ကို စောင့်နေ​လျက်​ရှိ၏။
12 ယခု ကျွန်ုပ်​ညီ အာပေါလု​နှင့် ပတ်သက်၍​ဆိုရ​လျှင် ကျွန်ုပ်​သည် သူ့​ကို အခြား​ယုံကြည်သူများ​နှင့်အတူ သင်တို့​ထံသို့ အလည်​လာ​ရန် အလေးအနက်​တိုက်တွန်းခဲ့၏။ သို့သော်လည်း သူ​သည် ယခု လာ​ရန် ဆန္ဒ​မရှိ။ အခွင့်ကြုံ​သောအခါ သူ​လာရောက်​လည်ပတ်​ပါ​လိမ့်မည်။
13 သတိ​ဝီရိယ​ရှိကြလော့။ ယုံကြည်ခြင်း​၌ ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ သတ္တိ​ရှိကြလော့။ အားတင်းထားကြလော့။ 14 ပြုလေ​သမျှသော​အရာတို့​ကို မေတ္တာ​ရှေ့ထား​၍ ပြုကြလော့။
15 ညီအစ်ကို​မောင်နှမတို့… သတေဖနာ​နှင့် သူ​၏ အိမ်သူအိမ်သားတို့​သည် ဂရိပြည်c​တွင် ပထမဆုံး ယုံကြည်​သက်ဝင်လာကြသော​သူများ​ဖြစ်ပြီး ယုံကြည်သူများ​ကို အစေခံ​ရန် မိမိတို့ကိုယ်မိမိ ဆက်ကပ်ထားသူများ​ဖြစ်ကြောင်း သင်တို့​သိကြ၏။ 16 ထိုသို့​ဆက်ကပ်ထားသော သူများ​မှစ၍ သူတို့​နှင့်အတူ လုပ်ကိုင်​လျက် ကြိုးစားအားထုတ်​နေကြသောသူ​အားလုံး​၏ ဦးဆောင်မှု​ကို လိုက်နာကြ​ရန် သင်တို့​ကို ကျွန်ုပ်​တိုက်တွန်းနှိုးဆော်ပါ၏။ 17 သတေဖနာ၊ ဖော်တုနတ်​နှင့် အခါယကု​တို့ ရောက်လာကြသည်​ကို ကျွန်ုပ်​ဝမ်းမြောက်ပါ၏။ ထို​သူတို့​သည် သင်တို့​မတတ်နိုင်သော​အရာ​ကို ဖြည့်ဆည်းပေးကြ၏။ 18 သူတို့​သည် ကျွန်ုပ်​၏ စိတ်​နှင့် သင်တို့​၏ စိတ်​ကို လန်းဆန်းစေကြ၏။ ထို့ကြောင့် ထိုသို့သော​သူတို့​ကို အသိအမှတ်​ပြုကြလော့။
နိဂုံးချုပ်​စကား
19 အာရှပြည်​ရှိ အသင်းတော်များ​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ အာကုလ​နှင့် ပြစ်ကိလ​တို့​မှစ၍ သူတို့​အိမ်​၌ စုဝေးကြသော​အသင်းတော်​သည် သခင်ဘုရား​ကို ထောက်​၍ သင်တို့​ကို လှိုက်လှဲစွာ နှုတ်ဆက်လိုက်ပါ၏။ 20 ဤ​အရပ်​ရှိ ညီအစ်ကို​မောင်နှမများ​ကလည်း သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ အချင်းချင်း တစ်ဦး​ကို​တစ်ဦး သန့်ရှင်းသော​အနမ်း​ဖြင့် နှုတ်ဆက်ကြလော့။
21 ကျွန်ုပ်​ပေါလု​ကိုယ်တိုင် ဤ​နှုတ်ဆက်စကား​ကို မိမိ​လက်​နှင့် ရေးလိုက်ပါ၏။
22 မည်သူမဆို သခင်ဘုရား​ကို မချစ်​လျှင် ထို​သူ​သည် ကျိန်ဆိုခြင်း​ကို ခံပါစေ။ သခင်ဘုရား ကြွလာတော်မူပါ။d 23 သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​နှင့်အတူ ရှိပါစေ။ 24 ကျွန်ုပ်​၏ ချစ်ခြင်းမေတ္တာ​သည် ယေရှု​ခရစ်တော်​၌ သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။e
ကောရိန္သု​ဩဝါဒစာ​ပထမစောင် ပြီးပါပြီ။