3
ကျွန်ုပ်တို့​သည် မိမိကိုယ်ကိုယ် ပြန်​၍ ထောက်ခံ​ချီးမွမ်း​ရာ ရောက်သလော။ ကျွန်ုပ်တို့​သည် အခြားသူများ​ကဲ့သို့ သင်တို့​ထံ ထောက်ခံစာ​ယူလာ​ရန် လိုအပ်သလော။ သို့မဟုတ် သင်တို့​ရေးပေးသော ထောက်ခံစာ​ကို လိုအပ်သလော။ 2 သင်တို့​ကိုယ်တိုင်​သည် ကျွန်ုပ်တို့​၏​နှလုံးသား​၌ ရေးထားသည့် လူတိုင်း​ဖတ်ရှု​၍ သိနိုင်သော ကျွန်ုပ်တို့​၏​ထောက်ခံစာ​ဖြစ်၏။ 3 သင်တို့​သည် ကျွန်ုပ်တို့ ပြုစုသော ခရစ်တော်​ထံမှ​စာ​ဖြစ်ကြောင်း သိသာ​ထင်ရှား၏။ ဤ​စာ​သည် မင်​ဖြင့် ရေးသားထားသော​စာ မဟုတ်၊ အသက်ရှင်တော်မူသော​ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် ရေးသားထားသော​စာ​ဖြစ်၏။ ကျောက်ပြား​ပေါ်တွင် ရေးထွင်းထားသော​စာ​မဟုတ်၊ လူ့​နှလုံးသား​ပေါ်တွင် ရေးထွင်းထားသော​စာ​ဖြစ်၏။
4 ကျွန်ုပ်တို့​သည် ခရစ်တော်​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ထိုသို့သော​စိတ်ချ​ယုံကြည်မှု​ရှိကြ၏။ 5 ထိုသို့​ဆိုသော် ကျွန်ုပ်တို့​သည် အရာရာ​ကို မိမိဘာသာ လုပ်ဆောင်နိုင်သည့် စွမ်းရည်​ရှိကြောင်း ထင်မှတ်ကြသည်​မဟုတ်ပါ။ ကျွန်ုပ်တို့​၏ စွမ်းရည်​သည် ဘုရားသခင်​ထံမှ ဖြစ်၏။ 6 ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ပဋိညာဉ်သစ်​၏ အမှု​ကို​ဆောင်ရွက်​နိုင်သော စွမ်းရည်​ကို ပေးတော်မူ၏။ ထို​ပဋိညာဉ်​သည် စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​မဟုတ်၊ ဝိညာဉ်တော်​နှင့်​ဆိုင်သော​တရား​ဖြစ်၏။ စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​သည် အသက်​ကို သေစေ၏။ ဝိညာဉ်တော်​ကမူ အသက်​ကို ရှင်စေတော်မူ၏။
ပဋိညာဉ်သစ်​၏ ဘုန်းတန်ခိုး
7 ကျောက်ပြား​ပေါ်တွင် ရေးထွင်းထားသည့် သေခြင်း​နှင့်ဆိုင်သော​တရား​ကို ပေးအပ်တော်မူ​စဉ် ဘုရားသခင်​၏ ဘုန်းရောင်ခြည်​ထွန်းတောက်တော်မူ၏။ ထို​ဘုန်းရောင်ခြည်​သည် မောရှေ​၏ မျက်နှာ​၌ ထင်ဟပ်​၍ ထို​ထင်ဟပ်ခြင်း​မှာ တဖြည်းဖြည်း​မှေးမှိန်လာ​သော်လည်း အစ္စရေးလူမျိုးတို့​သည် မောရှေ​၏ မျက်နှာ​ကို စေ့စေ့​မကြည့်နိုင်ခဲ့ကြပေ။ သေခြင်း​နှင့်ဆိုင်သော တရား​သည် ဤကဲ့သို့သော ဘုန်းအသရေ​နှင့် ပြည့်စုံ​လျှင် 8 အသက်​ကို ရှင်စေသည့်​သန့်ရှင်းသော​ဝိညာဉ်တော်​၏ တရား​သည် မည်မျှ​ပို၍ ဘုန်းအသရေ​နှင့် ပြည့်စုံ​လိမ့်မည်နည်း။ 9 ပြစ်ဒဏ်​ချမှတ်စေခြင်း​နှင့်ဆိုင်သော တရား​သည် ဘုန်းအသရေ​နှင့် ပြည့်စုံ​လျှင် ဖြောင့်မတ်စေခြင်း​နှင့်ဆိုင်သော​တရား​သည် ပို၍ ဘုန်းအသရေ​နှင့် ပြည့်စုံ​ပေလိမ့်မည်။ 10 အမှန်​တွင်မူ ယခု​ဘုန်းအသရေ​၏ သာလွန်ထူးကဲခြင်း​ကြောင့် ယခင်​က ဘုန်းအသရေ​ရှိသော​အရာ​သည် ကွယ်ပျောက်သွားရ၏။ 11 မှေးမှိန်သွားသော​အရာ​၌ ဘုန်းအသရေ​ရှိ​လျှင် ထာဝရ​တည်မြဲသော​အရာ​၌ မည်မျှ ပို၍ ဘုန်းအသရေ​ရှိ​လိမ့်မည်နည်း။
12 ဤသို့သော​မျှော်လင့်ခြင်း​ရှိ​သဖြင့် ကျွန်ုပ်တို့​သည် အလွန်​ရဲရင့်ကြ၏။ 13 ကျွန်ုပ်တို့​သည် မောရှေ​ကဲ့သို့​မပြုကြ။ မောရှေ​သည် မှေးမှိန်လာသော ဘုန်းအသရေ​၏​အဆုံးပိုင်း​ကို အစ္စရေး​လူမျိုးတို့ မမြင်နိုင်အောင် သူ​၏ မျက်နှာ​ကို ပဝါ​ဖြင့် ဖုံးအုပ်ခဲ့၏။ 14 ထို​အစ္စရေး​လူမျိုးတို့​၏ စိတ်နှလုံး​သည် မာကျော​လျက်​ရှိခဲ့၏။ ယနေ့​တိုင်အောင် ပဋိညာဉ်​တရားဟောင်း​ကို ဖတ်​သောအခါ ထို​ပဝါ​သည် သူတို့​၏ စိတ်နှလုံး​ကို ဖုံးအုပ်​လျက်​ရှိ၏။ ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့်​သာ ထို​ပဝါ​ကို ဖယ်ရှားနိုင်၏။ 15 ယနေ့​တိုင်အောင်​ပင် မောရှေ​၏ ကျမ်းစာ​ကို ဖတ်ကြ​သောအခါ​တိုင်း​တွင် သူတို့​၏ စိတ်နှလုံး​သည် ထို​ပဝါ​ဖြင့် ဖုံးအုပ်​ခံရဆဲ​ဖြစ်​လျက် နားမလည်နိုင်ဘဲ​ရှိကြ၏။
16 သို့သော် တစ်စုံတစ်ယောက်​သည် သခင်ဘုရား​ထံသို့ ပြန်လှည့်လာ​သောအခါ ထို​ပဝါ​သည် သူ့​ထံမှ ဖယ်ရှား​ခံရ၏။ 17 သခင်ဘုရား​သည် ဝိညာဉ်တော်​ဖြစ်တော်မူ​ပြီး သခင်ဘုရား​၏ ဝိညာဉ်တော်​ရှိသော အရပ်​၌ လွတ်လပ်မှု​ရှိ၏။ 18 ထို့ကြောင့် ပဝါ​ဖုံးအုပ်ခံရခြင်း​မရှိတော့သော ကျွန်ုပ်တို့​၏ မျက်နှာ​တွင် သခင်ဘုရား​၏ ဘုန်းတော်​ထင်ဟပ်​လျက်​ရှိ၏။ ဝိညာဉ်တော်​ဖြစ်သော သခင်ဘုရား​ထံတော်မှ ဆင်းသက်လာသည့် ဘုန်းအသရေ​သည် ကျွန်ုပ်တို့​ကို အစဉ်အမြဲ ဘုန်းအသရေ​တိုးပွားစေ​၍ ကိုယ်တော်​၏ ပုံသဏ္ဌာန်တော်​အတိုင်း ပြောင်းလဲ​စေလျက်​ရှိ၏။