6
ဘုရားသခင်​၏ လုပ်ဖော်ကိုင်ဖက်များ​အနေဖြင့် သင်တို့​အား ကျွန်ုပ်တို့​တိုက်တွန်း​နှိုးဆော်လိုသည်​မှာ “သင်တို့​သည် ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရရှိသူများ​ဖြစ်ကြသည်​နှင့်အညီ ထို​ကျေးဇူးတော်​ကို အချည်းနှီး​မဖြစ်စေကြနှင့်” ဟူ၍​ဖြစ်၏။ 2 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​က
“ငါ​သည် ကျေးဇူးပြု​ရန် သင့်လျော်သော​အချိန်​၌ သင့်​စကား​ကို နားထောင်ခဲ့ပြီ။
ကယ်တင်သော​နေ့ရက်​၌ သင့်​ကို ကူညီမစခဲ့ပြီ”
ဟု မိန့်တော်မူခဲ့၏။ ယခု​အချိန်​သည် ကိုယ်တော်​၏​ကျေးဇူးပြုတော်မူခြင်း​ကို ခံစားရမည့်​အချိန်​ပင် ဖြစ်၏။ ယခု​အချိန်​သည် ကယ်တင်တော်မူရာ​နေ့ရက်​ပင် ဖြစ်၏။
ပေါလု​၏ ဆင်းရဲ​ဒုက္ခများ
3 အမှုတော်​လုပ်ငန်း​တွင် အပြစ်တင်စရာ​အကြောင်း တစ်စုံတစ်ခု​မျှ မရှိ​စေရန် ကျွန်ုပ်တို့​သည် သူတစ်ပါး​ရှေ့​၌ ထိမိ​၍ လဲစရာ​မဖြစ်စေကြ။ 4 ထိုသို့​ဖြစ်စေမည့်​အစား ကျွန်ုပ်တို့​သည် ဆင်းရဲ​ဒုက္ခများ၊ အကျပ်အတည်းများ၊ အခက်အခဲများ​ကို အလွန်​သည်းခံ​လျက် ဘုရားသခင်​၏ အစေခံများ​ဖြစ်ကြောင်း​ကိုသာ ပေါ်လွင်စေကြ၏။ 5 ရိုက်နှက်ခံရခြင်း၊ ထောင်ကျခြင်း၊ ရုန်းရင်းဆန်ခတ်​ပြုလုပ်ခံရခြင်း၊ အလုပ်​ပင်ပန်းခြင်း၊ အိပ်ရေးပျက်ခြင်း၊ အစာ​ပြတ်လပ်ခြင်း​တို့​ကို သည်းခံကြ၏။ 6 ဖြူစင်ခြင်း၊ အသိပညာ​ရှိခြင်း၊ စိတ်ရှည်ခြင်း​နှင့် ကျေးဇူးပြုခြင်းတို့​ဖြင့်​လည်းကောင်း၊ သန့်ရှင်းသော​ဝိညာဉ်တော်​ကို နာခံခြင်း၊ စစ်မှန်သော​ချစ်ခြင်းမေတ္တာ​ရှိခြင်း၊ 7 သမ္မာတရား​ကို ဟောပြောခြင်း၊ ဘုရားသခင်​၏ တန်ခိုးတော်​ကို ပြခြင်းတို့​ဖြင့်​လည်းကောင်း၊ လက်ဝဲ လက်ယာ​၌ ကိုင်ဆောင်ထားသော ဖြောင့်မတ်ခြင်း​လက်နက်များ​အားဖြင့်​လည်းကောင်း၊ 8 ချီးမွမ်းခံရခြင်း​နှင့် ကဲ့ရဲ့ခံရခြင်း၊ အကောင်း​ပြောခံရခြင်း​နှင့် မကောင်း​ပြောခံရခြင်း​အားဖြင့်​လည်းကောင်း အရာရာတို့​၌ ဘုရားသခင်​၏ အစေခံများ​ဖြစ်ကြောင်း ပေါ်လွင်စေကြ၏။ ကျွန်ုပ်တို့​သည် လှည့်ဖြားသူများ​အဖြစ် သတ်မှတ်ခံရ​သော်လည်း ဖြောင့်မှန်သောသူများ​ဖြစ်ကြ၏။ 9 တချို့​သည် ကျွန်ုပ်တို့​ကို တမန်တော်​အဖြစ် အသိအမှတ်​မပြုကြ​သော်လည်း ကျွန်ုပ်တို့​သည် ထင်ပေါ်​ကျော်ကြားသောသူများ ဖြစ်ကြ၏။ သေလူ​ကဲ့သို့​ဖြစ်သော်လည်း အသက်ရှင်ကြ၏။ ရိုက်နှက်​ခံရသူများ​ကဲ့သို့​ဖြစ်သော်လည်း အသတ်​မခံရကြ။ 10 ဝမ်းနည်းသောသူများ​ကဲ့သို့​ဖြစ်သော်လည်း အစဉ်အမြဲ​ဝမ်းမြောက်ကြ၏။ ဆင်းရဲသောသူ​ကဲ့သို့​ဖြစ်​သော်လည်း လူအမြောက်အမြား​ကို ချမ်းသာ​စေကြ၏။ မည်သည့်​အရာ​မျှ မရှိသောသူ​ကဲ့သို့ ဖြစ်သော်လည်း အရာ​အားလုံး​ကို ပိုင်ဆိုင်ကြ၏။
11 ကောရိန္သုမြို့သားတို့… ကျွန်ုပ်တို့​သည် သင်တို့​အား ပွင့်လင်း​စွာ ပြောဆို​၍ သင်တို့​အပေါ်​ထားသော ကျွန်ုပ်တို့​၏​မေတ္တာ​မှာလည်း ကြီးမားလှ၏။ 12 ကျွန်ုပ်တို့​သည် သင်တို့​အပေါ်​ထားသော မေတ္တာတရား​ကို ကန့်သတ်​ပိတ်ပင်ထားသည်​မဟုတ်။ သင်တို့​ကသာ ကျွန်ုပ်တို့​အပေါ် ထားရမည့်​မေတ္တာတရား​ကို ကန့်သတ်​ပိတ်ပင်ထားခြင်း​ဖြစ်၏။ 13 သို့ဖြစ်၍ ပြန်လည်​တုံ့ပြန်သော​အနေဖြင့် “ကျွန်ုပ်တို့​အပေါ်​ထားသော သင်တို့​၏​မေတ္တာ​ကိုလည်း ကြီးမားစေကြလော့” ဟု မိမိ​သားသမီးများ​ကို ပြော​သကဲ့သို့ ကျွန်ုပ်​ပြောလို၏။
အသက်ရှင်တော်မူသော​ဘုရားသခင်​၏ ဗိမာန်တော်
14 မယုံကြည်သောသူတို့​နှင့် တွဲဖက်​၍ မလုပ်ဆောင်ကြနှင့်။ ဖြောင့်မတ်သောသူ​နှင့် တရားမဲ့သောသူ​သည် မည်သို့ တွဲဖက်​၍ လုပ်ဆောင်နိုင်မည်နည်း။ အလင်း​နှင့် အမှောင်​သည် မည်သို့ ဆက်စပ်​ယှဉ်တွဲ​၍ နေနိုင်မည်နည်း။ 15 ခရစ်တော်​နှင့် နတ်ဆိုး​ဖြစ်သော ဗေလျာလa​အကြား မည်သို့ သဘောတူညီမှု​ရှိ​နိုင်မည်နည်း။ ယုံကြည်သူ​နှင့် မယုံကြည်သူ​အကြား မည်သို့ အကျိုးတူ​ခံစား​နိုင်မည်နည်း။ 16 ဘုရားသခင်​၏ ဗိမာန်တော်​သည် ရုပ်တုတို့​နှင့် မည်သို့ ပတ်သက်​စပ်လျဉ်းမှု​ရှိ​မည်နည်း။ ဘုရားသခင်​က
“ငါ​သည် သူတို့​နှင့်အတူ နေထိုင်​၍
သူတို့​ထဲတွင် သွားလာမည်။
ငါ​သည် သူတို့​၏ ဘုရားသခင်​ဖြစ်​၍
သူတို့​သည်လည်း ငါ​၏ လူမျိုး​ဖြစ်ကြ​လိမ့်မည်”
ဟု မိန့်တော်မူသည့်​အတိုင်း ကျွန်ုပ်တို့​သည် အသက်ရှင်တော်မူသော​ဘုရားသခင်​၏ ဗိမာန်​ဖြစ်ကြ၏။ 17 ထို့ကြောင့်
“သူတို့​အထဲမှ ထွက်​၍
သီးခြား​နေကြလော့။
မစင်ကြယ်သော​အရာ​ကို မထိကြနှင့်။
သို့ပြုလျှင် ငါ​သည် သင်တို့​ကို လက်ခံမည်။
18 ငါ​သည် သင်တို့​၏ အဖ​ဖြစ်မည်။
သင်တို့​သည် ငါ​၏ သားသမီးများ​ဖြစ်ကြ​လိမ့်မည်”b
ဟု အနန္တ​တန်ခိုးရှင် ထာဝရဘုရား​မိန့်တော်မူ၏။