စိုက်ပျိုးသည့်​အတိုင်း ရိတ်သိမ်းခြင်း
6
ညီအစ်ကို​မောင်နှမတို့… တစ်စုံတစ်ယောက်​သည် အပြစ်​ပြုမိ​လျှင် ဝိညာဉ်တော်​၏ လမ်းပြခြင်း​ခံရသော သင်တို့​က နူးညံ့သိမ်မွေ့သော​စိတ်​ဖြင့် ထို​သူ​ကို ပြုပြင်ပေး​ရမည်။ သင်တို့​ကိုယ်တိုင်​လည်း ဖြားယောင်း​သွေးဆောင်​ရာသို့ မလိုက်ပါမိ​စေရန် သတိပြုကြလော့။ 2 အချင်းချင်းတို့​၏ ဝန်ထုပ်ဝန်ပိုးများ​ကို ကူညီ​ထမ်းရွက်ကြလော့။ ဤသို့​ပြုခြင်း​အားဖြင့် သင်တို့​သည် ခရစ်တော်​၏ တရားတော်​ကို လိုက်နာ​လိမ့်မည်။ 3 တစ်စုံတစ်ယောက်​သည် အရေးပါသူ​မဟုတ်ပါ​လျက်​နှင့် မိမိကိုယ်ကိုယ်​အရေးပါသူ​ဟု ထင်မှတ်​လျှင် သူ​သည် မိမိ​ကိုယ်ကိုယ် လှည့်စားသောသူ ဖြစ်၏။
4-5 လူတိုင်း မိမိ​ဝန်​ကို ထမ်းရမည်​ဖြစ်​သောကြောင့် လူတိုင်း မိမိ​ပြုသော​အမှု​ကို ဆန်းစစ်ပါစေ။ သို့မှသာ မိမိ​ကိုယ်​မိမိ အခြားသူ​နှင့် မနှိုင်းယှဉ်​ဘဲ ကိုယ်တိုင် ပြုသော​အမှုများ​ကြောင့် ဂုဏ်ယူ​ဝင့်ကြွားနိုင်​လိမ့်မည်။ 6 နှုတ်ကပတ်​တရားတော်​ကို သင်ယူသော​သူ​သည် သင်ကြားပေးသော မိမိ​ဆရာသမား​အား ကောင်းသော​အရာ​ဟူသမျှ​ကို ဝေမျှ​၍ ထောက်ပံ့​ရမည်။
7 ယူဆမှု​မလွဲကြနှင့်။ ဘုရားသခင်​ကို မည်သူမျှ လှည့်စား​၍ မရ။ လူ​သည် မိမိ​စိုက်ပျိုးသည့်​အတိုင်း ရိတ်သိမ်းရ​လိမ့်မည်။ 8 လူ့​ဗီဇစိတ်​ကို အလို​လိုက်​၍ စိုက်ပျိုးသောသူ​သည် ဗီဇစိတ်​မှ ပျက်စီးခြင်း​ကို ရိတ်သိမ်းရ​လိမ့်မည်။ ဝိညာဉ်တော်​၏ အလိုတော်​အတိုင်း စိုက်ပျိုးသောသူ​သည် ဝိညာဉ်တော်​ထံမှ ထာဝရ​အသက်​ကို ရိတ်သိမ်းရ​လိမ့်မည်။ 9 စိတ်မပျက် အားမလျော့ဘဲ ကောင်းသော​အမှု​ကို ဆက်​၍ ပြုကြစို့။ စိတ်မပျက်​လျှင် အချိန်တန်​သောအခါ အသီးအပွင့်​ကို ရိတ်သိမ်းရ​လိမ့်မည်။ 10 ထို့ကြောင့် ကျွန်ုပ်တို့​သည် အခွင့်သာ​တိုင်း လူအပေါင်းတို့​အပေါ်၊ အထူး​သဖြင့် ယုံကြည်သူ​မိသားစုတို့​အပေါ် ကောင်းမှု​ပြုကြစို့။
နိဂုံးချုပ်​တိုက်တွန်းစကား
11 သင်တို့​ထံသို့ မည်မျှလောက်​ကြီးသော စာလုံးများ​ကို ကျွန်ုပ်​လက်​ဖြင့် ရေးလိုက်သည်​ကို ကြည့်ကြလော့။ 12 သင်တို့​အား အရေပြားလှီးခြင်း​မင်္ဂလာ​ခံယူ​ရန် အတင်းအကျပ် စေခိုင်း​လျက်​ရှိသော​သူတို့​သည် အပြင်ပန်း​တင့်တယ်​လိုကြ၏။ ထိုသို့ စေခိုင်းသည်​မှာ ခရစ်တော်​၏ လက်ဝါးကပ်တိုင်​တရား​ကသာ ကယ်တင်နိုင်သည်​ဟူ၍ ဟောပြောခြင်း​အတွက် ခံရမည့် ညှဉ်းပန်းနှိပ်စက်ခြင်း​ကို မလိုလား​သောကြောင့် ဖြစ်၏။ 13 အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသော​သူတို့​ပင်လျှင် ကိုယ်တိုင် ပညတ်တရား​ကို လိုက်နာ​ကျင့်သုံးကြသည်​မဟုတ်။ ထို​သူတို့​သည် သင်တို့​၏ အသွေးအသား​၌ အရေပြားလှီးခြင်း​အပေါ် ကြွားဝါ​နိုင်ရန် သင်တို့​အား အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူ​စေလိုကြခြင်း ဖြစ်၏။
14 ကျွန်ုပ်​မှာမူ သခင်​ယေရှု​ခရစ်တော်​၏ လက်ဝါးကပ်တိုင်​အတွက်​မှလွဲ၍ အခြား မည်သည့်​အရာ​အတွက်​မျှ ကြွားဝါ​လိမ့်မည်​မဟုတ်။ ထို​လက်ဝါးကပ်တိုင်​ကြောင့် ဤ​လောက​နှင့်​ဆိုင်သော​အရာတို့​သည် ကျွန်ုပ်​နှင့် အဆက်ပြတ်​၍ ကျွန်ုပ်​သည်လည်း ဤ​လောက​နှင့်​ဆိုင်သော အရာတို့​နှင့် အဆက်ပြတ်ပြီ။ 15 အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသည်​ဖြစ်စေ၊ မခံယူဘဲနေသည်​ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည့်​အချက်မှာ အသစ်​ဖန်ဆင်းခံရခြင်း ဖြစ်၏။ 16 ဤ​အခြေခံ​သဘောတရား​ကို လက်ခံ​ကျင့်သုံးသော​သူတို့​အပေါ်​သို့ ဘုရားသခင်​ထံတော်​မှ​လာသော ငြိမ်းချမ်းခြင်း​နှင့် ကရုဏာတော် သက်ရောက်ပါစေသော။ ထို​သူတို့​မှာ ဘုရားသခင်​၏ လူမျိုးတော်​အစ္စရေးလူမျိုးများ ဖြစ်ကြ၏။
17 ယခု​မှစ၍ မည်သူ​မျှ ကျွန်ုပ်​ကို မနှောင့်ယှက်ပါစေနှင့်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​၏ ကိုယ်ခန္ဓာ​တွင် ရှိသော ဒဏ်ရာ​ဒဏ်ချက်များ​က ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​နှင့်​ဆိုင်သောသူ​ဖြစ်ကြောင်း ဖော်ပြ​လျက် ရှိ​သောကြောင့် ဖြစ်၏။
18 ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​အပေါ်a သက်ရောက်ပါစေသော။ အာမင်။
ဂလာတိ​ဩဝါဒစာ ပြီးပါပြီ။