ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော အကြံအစည်တော်​ကို ဖော်ပြခြင်း
3
ဤ​အကြောင်း​ကြောင့် လူမျိုးခြား သင်တို့​အတွက် ယေရှု​ခရစ်တော်​၏ အကျဉ်းသား ဖြစ်သော ကျွန်ုပ်​ပေါလု​သည် ဘုရားသခင်​ထံ ဆုတောင်း၏။ 2 သင်တို့​အတွက် ကျွန်ုပ်​ကို ဘုရားသခင်​ပေးသနားတော်မူသည့် ကျေးဇူးတော်​နှင့်ဆိုင်သော အထူး​တာဝန်​အကြောင်း​ကို သင်တို့ အမှန်​ပင် ကြားသိရပြီ ဖြစ်၏။ 3 ဘုရားသခင်​သည် မိမိ​၏ လျှို့ဝှက်​နက်နဲသော အကြံအစည်​ကို ဗျာဒိတ်တော်​ဖြင့် ကျွန်ုပ်​ကို ဖော်ပြတော်မူကြောင်း အထက်ပါ​အတိုင်း ကျွန်ုပ် အကျဉ်းချုပ် ရေးထား၏။ 4 ထို​အကြောင်းအရာ​ကို ဖတ်ရှုခြင်း​အားဖြင့် ခရစ်တော်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ကို ကျွန်ုပ် သိကျွမ်း​နားလည်ကြောင်း သင်တို့ သဘောပေါက်နိုင်ကြ၏။ 5 ဘုရားသခင်​သည် ထို​လျှို့ဝှက်​နက်နဲသော​အရာ​ကို ဝိညာဉ်တော်​မှတစ်ဆင့် မိမိ​၏ သန့်ရှင်းသော​တမန်တော်များ​နှင့် ပရောဖက်များ​ကို ယခု​အခါ​၌ ရှင်းလင်း​စွာ ဖွင့်ပြတော်မူ​သကဲ့သို့ ယခင်​ခေတ်ကာလ​၌ ဖော်ပြတော်မမူခဲ့ပေ။
6 ထို​လျှို့ဝှက်​နက်နဲသော​အရာ​မှာ လူမျိုးခြားတို့​သည် သတင်းကောင်း​ကို ယုံကြည်​သောကြောင့် ဂျူးလူမျိုးတို့​နှင့် အတူတကွ အမွေခံ​ဖြစ်ခြင်း၊ ကိုယ်ခန္ဓာ​တစ်ခုတည်း​၌ ဂျူးလူမျိုးတို့​နှင့် အတူတကွ ပါဝင်ခြင်း၊ ယေရှု​ခရစ်တော်​ကြောင့် ရရှိသော ကတိတော်​ကို ဂျူးလူမျိုးတို့​နှင့် အတူတကွ ဝေမျှခံစားခြင်းတို့ ဖြစ်၏။ 7 တန်ခိုးတော် သက်ဝင်လှုပ်ရှားမှု​ကြောင့် ကျွန်ုပ်​အား ဘုရားသခင် ပေးသနားတော်မူသည့် ကျေးဇူးတော်​နှင့်ဆိုင်သော အထူး​တာဝန်​ကို ခံစားရသည်​နှင့်အညီ ကျွန်ုပ်​သည် ထို​သတင်းကောင်း​ကို ဟောပြောသူ ဖြစ်လာ၏။
8 ကျွန်ုပ်​သည် ယုံကြည်သူများa​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်​သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​ကို ခံစားရ၏။ ဤသို့ ခံစားရခြင်း​သည် လူမျိုးခြားတို့​ကို ခရစ်တော်​၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်း​အကြောင်း ဟောပြော​ရန်​နှင့် 9 အရာ​အားလုံး​ကို ဖန်ဆင်းတော်မူသော​ဘုရားသခင်​ထံ၌ ရှေးယခင်​မှစ၍ ဝှက်ထားသည့် ဤ​လျှို့ဝှက်​နက်နဲသော အကြံအစည်တော်​သည် မည်သည့်​အရာ​ဖြစ်ကြောင်း လူအပေါင်းတို့​ကို ဖော်ပြ​နိုင်ရန် ဖြစ်၏။
10 ဤသို့​ပြုခြင်း​သည် ကောင်းကင်​အရပ်​ရှိ အုပ်ချုပ်သူများ​နှင့် အာဏာရှိသူများ​က အဘက်ဘက်​၌ ပြည့်စုံသော ဘုရားသခင်​၏ ပညာတော်​ကို အသင်းတော်​မှတစ်ဆင့် သိမြင်လာကြ​စေရန် ဖြစ်၏။ 11 ဘုရားသခင်​သည် မိမိ​၏ ထာဝရ​အကြံအစည်တော်​အတိုင်း ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​ပြုသော​အမှု​ကြောင့် ဤသို့ ပြီးမြောက်​စေတော်မူ၏။
12 ကျွန်ုပ်တို့​သည် ထို​သခင်​နှင့် တပေါင်းတစည်းတည်း ဖြစ်ခြင်း​အားဖြင့်​သော်လည်းကောင်း၊ ထို​သခင်​ကို ယုံကြည်ခြင်း​အားဖြင့်​သော်လည်းကောင်း ဘုရားသခင်​ထံသို့ ရဲရင့်မှု​နှင့် စိတ်ချယုံကြည်မှု​ဖြင့် ဝင်ရောက်​ချဉ်းကပ်ခွင့်​ကို ရရှိကြ၏။ 13 သို့ဖြစ်၍ သင်တို့​အတွက် ကျွန်ုပ် ခံရသော ဆင်းရဲ​ဒုက္ခ​ကြောင့် စိတ်ပျက်​အားလျော့ခြင်း မရှိကြ​ရန် ကျွန်ုပ် တောင်းပန်​လို၏။ ထို​အရာများ​အတွက် သင်တို့ ဂုဏ်ယူ​သင့်၏။
ဝိညာဉ်​ရေးရာ ကြီးထွား​ရန် ပေါလု ဆုတောင်းခြင်း
14-15 ဤ​အကြောင်း​ကြောင့် ကျွန်ုပ်​သည် ကောင်းကင်ဘုံသား​နှင့် လောကီဘုံသားတို့​၏ အမျိုးအနွယ်​ကို ဖန်ဆင်းတော်မူသောb အဖ​ဘုရားသခင်c​ထံ ဒူးထောက်​လျက် 16 ဘုရားသခင်​၏ ဘုန်းတော် ကြွယ်ဝသည်​နှင့်အညီ သင်တို့​၏ အတွင်း​စိတ်​ကို ဝိညာဉ်တော်​မှတစ်ဆင့် တန်ခိုးတော်​ဖြင့် ကြံ့ခိုင်​သန်မာ​စေတော်မူ​ရန် ဆုတောင်း၏။ 17 သင်တို့​၏ ယုံကြည်ခြင်း​ကြောင့် ခရစ်တော်​သည် သင်တို့​၏​နှလုံးသား​ထဲ၌ ကိန်းဝပ်တော်မူ​ရန် ကျွန်ုပ် ဆုတောင်း၏။ သင်တို့​သည် မေတ္တာတော်​၌ အမြစ်တွယ်​၍ တည်နေ​သဖြင့် 18-19 ထို​မေတ္တာတော်​၏ အလျား၊ အနံ၊ အမြင့်၊ အစောက်တို့ မည်မျှ ရှိသည်​ကို ယုံကြည်သူd​အားလုံး​နှင့်အတူ နားလည်​သဘောပေါက်​နိုင်စွမ်း ရှိ​ရန် ကျွန်ုပ်​ဆုတောင်း၏။ ခရစ်တော်​၏​မေတ္တာတော်​သည် ကြီးမားလှ​သဖြင့် မည်သည့်​အခါမျှ သင်တို့ အပြည့်အဝ နားလည်​နိုင်မည် မဟုတ်​သော်လည်း ထို​မေတ္တာတော်​ကို သင်တို့ သိရှိခံစား​၍ ဘုရားသခင်​၏ ပြည့်စုံတော်မူခြင်း​အပေါင်းတို့​ဖြင့် ပြည့်ဝလာကြ​ရန် ကျွန်ုပ် ဆုတောင်း၏။
20 ကျွန်ုပ်တို့​အထဲ​၌ သက်ဝင်လှုပ်ရှားနေသော တန်ခိုးတော်​ကြောင့် ကျွန်ုပ်တို့ တောင်းလျှောက်​သမျှသော​အရာ၊ ကြံစည်​သမျှသော​အရာတို့​ထက် အဆပေါင်း​များစွာ ပေးနိုင်သော ဘုရားသခင်​သည် 21 အသင်းတော်​၌ မြင်တွေ့ရသော သူ​၏ ကြီးမြတ်မှု​ကြောင့်​လည်းကောင်း၊ ယေရှု​ခရစ်တော်​လုပ်ဆောင်သော​အမှု​ကြောင့်​လည်းကောင်း ကမ္ဘာအဆက်ဆက် ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။