5
သင်တို့​သည် ဘုရားသခင်​ချစ်တော်မူသော​သားသမီးများ ဖြစ်ကြသည့်​အလျောက် ဘုရားသခင်​ကို အတုယူကြလော့။2 ခရစ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်တော်မူ​၍ ကျွန်ုပ်တို့​အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သော​ပူဇော်စရာ​ယဇ်​အဖြစ် ဘုရားသခင်​ထံ ဆက်သတော်မူ​သကဲ့သို့ သင်တို့​သည်လည်း မေတ္တာ​ပွား​လျက် ပြုမူနေထိုင်ကြလော့။
3 တရား​နှင့် မညီသော မေထုန်​ကို ပြုခြင်း၊ အမျိုးမျိုးသော စက်ဆုပ်​ညစ်ညမ်းမှု​ပြုခြင်း၊ လောဘ​လွန်ကြူးခြင်း​တို့​သည် ယုံကြည်သူများa​အတွက် မသင့်လျော်သည့် ဒုစရိုက်​အမှုများ ဖြစ်​သောကြောင့် သင်တို့​ထဲ၌ အရိပ်အယောင်​မျှပင် မရှိစေနှင့်။ 4 မဖွယ်မရာ​စကား၊ အနှစ်သာရ​မရှိသော​စကား၊ ညစ်ညမ်းသော​ပြက်လုံးတို့​သည်လည်း မသင့်လျော်​သဖြင့် မပြောဆိုကြနှင့်။ ဘုရားသခင်​အား ကျေးဇူးတင်သော​စကားများ​ကိုသာ ပြောဆိုကြလော့။ 5 တရား​နှင့်​မညီသော မေထုန်​ကို ပြုသူ၊ ညစ်ညမ်းသောသူ၊ ရုပ်တု​ကိုးကွယ်ခြင်း ဖြစ်သည့် လောဘ​လွန်ကြူးသောသူ တစ်ယောက်​မျှ ခရစ်တော်​နှင့် ဘုရားသခင်​၏ နိုင်ငံတော်​ကို အမွေဆက်ခံရမည် မဟုတ်ကြောင်း သင်တို့ အသေအချာ သိကြ၏။
အလင်း​၌ အသက်ရှင်ခြင်း
6 အချည်းနှီးသော စကားများ​ဖြင့် မည်သူမျှ သင်တို့​ကို မလှည့်ဖြားစေနှင့်။ ထိုသို့သော အပြစ်များ​ကြောင့် မနာခံသော​သူတို့​အပေါ် ဘုရားသခင်​၏ အမျက်တော် ကျရောက်၏။ 7 ထို့ကြောင့် ထို​သူတို့​နှင့် မပေါင်းဖော်ကြနှင့်။ 8 သင်တို့​သည် ယခင်​က အမှောင် ဖြစ်ခဲ့​သော်လည်း ယခု​တွင်မူ သခင်ဘုရား​၏ လူများ ဖြစ်လာကြ​သောကြောင့် အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း​၏ သားသမီးများ​ကဲ့သို့ ပြုမူနေထိုင်ကြလော့။ 9 အလင်း​၏​အသီးအပွင့်​သည် အမျိုးမျိုးသော ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်း​တို့ ဖြစ်ကြ၏။
10 သခင်ဘုရား နှစ်သက်တော်မူသော​အရာ​မှာ မည်သည့်​အရာ ဖြစ်သည်​ကို ဆန်းစစ်ကြလော့။ 11 အချည်းနှီး ဖြစ်သော အမှောင်​၏​အမှုတို့​၌ မပါဝင်ဘဲ ထို​အမှုတို့​ကို ဖော်ပြကြလော့။ 12 မနာခံသော​သူတို့​က ဆိတ်ကွယ်​ရာတွင် ပြုသော​အမှု​အကြောင်း​ကို ကျွန်ုပ်တို့​သည် ပြောဆို​ရန်ပင် ရှက်ဖွယ်​ကောင်း၏။ 13 သို့သော် အလင်း​ဖြင့် ဖော်ပြခံရသော​အရာ​အားလုံး​သည် ထင်ရှားလာ၏။ 14 အဘယ်ကြောင့်ဆိုသော် အလင်း​၌ ဖော်ပြခံရသော အရာ​အားလုံး​သည် အလင်း ဖြစ်လာ​သောကြောင့် ဖြစ်၏။ သို့ဖြစ်၍
“အိပ်ပျော်သောသူ နိုးလော့။
သေရာ​မှ ထလော့။
ခရစ်တော်​သည် သင့်​အပေါ် ထွန်းလင်းတော်မူ​လိမ့်မည်”
ဟု ပြောဆိုခြင်း ဖြစ်၏။
ဝိညာဉ်တော်​၏​တန်ခိုး​ဖြင့် အသက်ရှင်​ခြင်း
15 ထို့ကြောင့် သင်တို့ မည်ကဲ့သို့ ပြုမူနေထိုင်သည်​ကို သတိပြုကြလော့။ ပညာမဲ့​ကဲ့သို့ မဟုတ်ဘဲ ပညာရှိ​ကဲ့သို့ ပြုမူနေထိုင်ကြလော့။ 16 နေ့ရက်​ကာလ​သည် ဆိုးညစ်​သောကြောင့် အချိန်နာရီ​ကို အကျိုးရှိ​စွာ အသုံးပြုကြလော့။ 17 ထို့ကြောင့် ဆင်ခြင်ဉာဏ်မဲ့ မနေဘဲ သခင်ဘုရား​၏ အလိုတော်​က မည်သည့်အရာ ဖြစ်သည်​ကို ပိုင်းခြား နားလည်ကြလော့။ 18 ဘဝ​ပျက်စေသော သောက်စား​မူးယစ်ခြင်း​ကို ရှောင်ကြဉ်​၍ သင်တို့​၏ ဘဝ​ကို ဝိညာဉ်တော်​နှင့် ပြည့်ဝစေကြလော့။ 19 ဆာလံ​သီချင်းများ၊ ဓမ္မ​သီချင်းများ၊ ဝိညာဉ်​ရေးရာ​သီချင်းများ​ဖြင့် အချင်းချင်း သီဆို​လျက် စိတ်နှလုံး​အကြွင်းမဲ့ သခင်ဘုရား​အတွက် သီဆိုကြလော့။ 20 ကျွန်ုပ်တို့​သခင် ယေရှု​ခရစ်တော်​၏ အမည်​နာမတော်​ကို အမှီပြု​၍ အရာ​အားလုံး​အတွက် ခမည်းတော်​ဘုရားသခင်​အား အစဉ် ကျေးဇူးတင်ကြလော့။
ဇနီးသည်များ​နှင့် ခင်ပွန်းသည်များ
21 ခရစ်တော်​ကို ရိုသေသော​စိတ်​ဖြင့် တစ်ဦး​ကို တစ်ဦး နာခံကြလော့။
22 ဇနီးသည်တို့… သခင်ဘုရား​ကို နာခံ​သကဲ့သို့ သင်တို့​၏ ခင်ပွန်းသည်​ကို နာခံကြလော့။ 23 အဘယ်ကြောင့်ဆိုသော် ခရစ်တော်​သည် အသင်းတော်​၏ ဦးခေါင်း ဖြစ်​သကဲ့သို့ ခင်ပွန်း​သည် ဇနီး​၏ ဦးခေါင်း ဖြစ်​သောကြောင့်​ပင်။ ဦးခေါင်း ဖြစ်သည့် ခရစ်တော်​သည် အသင်းတော် ဟူသော မိမိ​၏​ကိုယ်ခန္ဓာ​ကို ကယ်တင်သော​အရှင် ဖြစ်တော်မူ၏။ 24 အသင်းတော်​သည် ခရစ်တော်​ကို နာခံ​သကဲ့သို့ ဇနီးသည်တို့​သည်လည်း အရာရာ​၌ မိမိ​ခင်ပွန်းသည်​ကို နာခံကြ​ရမည်။
25 ခင်ပွန်းသည်တို့… ခရစ်တော်​သည် အသင်းတော်​ကို ချစ်​သောကြောင့် အသင်းတော်​အတွက် အသက်ပေးတော်မူ​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်ကြလော့။ 26 ထိုသို့ အသက်ပေးတော်မူခြင်း​သည် ရေ​နှင့် နှုတ်ကပတ်တော်​ဖြင့် အသင်းတော်​ကို ဆေးကြော​၍ သန့်ရှင်း​စင်ကြယ်​ပြီးမှ 27 အစွန်းအထင်း၊ အတွန့်အကြေတို့​နှင့် အခြား​ထိုသို့သော​အနာအဆာ တစ်စုံတစ်ခု​မျှ မရှိဘဲ သန့်ရှင်း​လျက် အပြစ်ကင်းသည့် ဂုဏ်သရေရှိသော အသင်းတော်​အဖြစ် မိမိ​ထံ ဆက်သ​ရန် ဖြစ်၏။ 28 ထို​နည်းတူ ခင်ပွန်းသည်တို့​သည် မိမိ​၏​ကိုယ်ခန္ဓာ​ကို ချစ်​သကဲ့သို့ မိမိ​ဇနီး​ကို ချစ်ရမည်။ မိမိ​ဇနီး​ကို ချစ်သောသူ​သည် မိမိ​ကိုယ်​မိမိ ချစ်သောသူ ဖြစ်၏။ 29 မိမိ​ကိုယ်ခန္ဓာ​ကို မုန်းသောသူ ဟူ၍ တစ်ယောက်​မျှ မရှိပေ။ လူ​သည် မိမိ​ကိုယ်ခန္ဓာ​ကို ပြုစု​စောင့်ရှောက်​တတ်၏။ ခရစ်တော်​သည်လည်း အသင်းတော်​ကို ပြုစု​စောင့်ရှောက်၏။ 30 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ ဖြစ်ကြ​သောကြောင့် ဖြစ်၏။
31 ကျမ်းစာ​တွင် “ထို့ကြောင့် ယောက်ျား​သည် မိခင်​နှင့် ဖခင်​ကို ခွဲခွာ​၍ မိမိ​ဇနီး​နှင့် ပေါင်းဖက်​သဖြင့် သူတို့​နှစ်ဦး​သည် တစ်သားတည်း ဖြစ်ကြ​လိမ့်မည်”b ဟု ဖော်ပြထား၏။ 32 ဤ​တစ်သား​တစ်ကိုယ်တည်း ဖြစ်ခြင်း​သည် အလွန် နက်နဲသော​အရာ ဖြစ်၏။ ထို့ကြောင့် ခရစ်တော်​နှင့် အသင်းတော်​ကို ရည်ညွှန်း​၍ ကျွန်ုပ်​ပြောဆိုခြင်း ဖြစ်၏။ 33 မည်သို့ပင်​ဆိုစေ ခင်ပွန်းသည် တစ်ဦးချင်းစီ​တိုင်း​သည်လည်း မိမိ​ကိုယ်​မိမိ ချစ်​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်ကြလော့။ ဇနီးသည်တို့​ကလည်း မိမိ​ခင်ပွန်းသည်​ကို ရိုသေကြလော့။