ကောလောသဲ​ဩဝါဒစာ
ရှင်ပေါလု​၏ နှုတ်ခွန်းဆက်​စကား
1
ဘုရားသခင်​၏ အလိုတော်​အတိုင်း ယေရှု​ခရစ်တော်​၏ တမန်တော်​အဖြစ် ရွေးကောက်တော်မူခြင်း​ခံရသော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ကျွန်ုပ်​နှင့် ကျွန်ုပ်တို့​၏​ညီ တိမောသေ​တို့​က
2 ယေရှု​ခရစ်တော်​နောက်သို့ သစ္စာရှိ​စွာ​လိုက်သော ကောလောသဲမြို့သား ယုံကြည်သူများa​ထံသို့ ပို့လိုက်သော​စာ ဖြစ်၏။
ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။
ကောလောသဲမြို့သား ယုံကြည်သူများ​အတွက် ဆုတောင်းပေးခြင်း
3 ကျွန်ုပ်တို့​သည် သင်တို့​အတွက် ဆုတောင်း​တိုင်း ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ခမည်းတော်​ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်ကြ၏။ 4 အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်ကြကြောင်း​နှင့် ယုံကြည်သူ​အပေါင်းတို့​ကို ချစ်ကြကြောင်း ကျွန်ုပ်တို့​ကြားသိရ​သောကြောင့် ဖြစ်၏။ 5 ထို​ယုံကြည်ခြင်း​နှင့်​ချစ်ခြင်း​သည် ကောင်းကင်ဘုံ​၌ သင်တို့​အတွက် သိမ်းဆည်းထားသော မျှော်လင့်ရာ​အကြောင်း​ကြောင့် ဖြစ်ပေါ်လာကြ၏။ သမ္မာတရား​ဟူသော သတင်းကောင်း​ကို သင်တို့ ပထမဆုံး​အကြိမ် ကြားနာရ​သောအခါ ထို​မျှော်လင့်ရာ​အကြောင်း​ကို သင်တို့ ကြားသိခဲ့ရ၏။ 6 သင်တို့​သည် ထို​သတင်းကောင်း​ကို ကြားနာ​ပြီး ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှန်တကယ် နားလည်သည့်​နေ့​မှစ၍ သင်တို့​ထဲ၌ အသီးအပွင့်များ​သီးပွင့်​ကာ တိုးပွား​သကဲ့သို့ ထို​သတင်းကောင်း​သည် ကမ္ဘာတစ်ဝန်းလုံး​သို့ ပျံ့နှံ့​၍ တိုးပွား​လျက်​ရှိ၏။
7 သင်တို့​သည် ထို​သတင်းကောင်း​ကို ကျွန်ုပ်တို့​နှင့် အစေခံ​ချင်း​ဖြစ်သည့် ချစ်ခင်ရသော ဧပဖြ​ထံမှ ကြားနာခဲ့ရ၏။ သူ​သည် ခရစ်တော်​၏ သစ္စာရှိသော​အမှုဆောင်​ဖြစ်ပြီး ကျွန်ုပ်တို့​ကိုယ်စား ကူညီ​ဆောင်ရွက်နေသောသူ ဖြစ်၏။ 8 ဝိညာဉ်တော်​နှိုးဆော်မှု​ကြောင့် ဖြစ်ပေါ်လာသော သင်တို့​၏ ချစ်ခြင်းမေတ္တာ​အကြောင်း​ကို သူ​သည် ကျွန်ုပ်တို့​အား ပြောပြ၏။ 9 ထို့ကြောင့် သင်တို့​အကြောင်း​ကို ကြားသည့်​နေ့​မှစ၍ ကျွန်ုပ်တို့​သည် သင်တို့​အတွက် အစဉ်မပြတ် ဆုတောင်းပေးနေ၏။ သင်တို့​သည် ဝိညာဉ်ရေးရာ​အသိပညာ​နှင့် နားလည်နိုင်စွမ်း​အပေါင်းတို့​ဖြင့် ဘုရားသခင်​၏ အလိုတော်​ကို အပြည့်အဝ​သိနိုင်​ရန် ဘုရားသခင်​ထံ ကျွန်ုပ်တို့​ဆုတောင်းပေးကြ၏။ 10 သို့မှသာ သင်တို့​သည် ကောင်းမှု​အမျိုးမျိုး​ဖြစ်သော အသီးအပွင့်များ သီးပွင့်​ကာ ဘုရားသခင်​ကို ပိုမို​သိကျွမ်းသည်​နှင့်အညီ သခင်ဘုရား​၏ လူ​ဖြစ်သည့်​အလျောက် သခင်ဘုရား​၏ လူ​ပီသ​စွာ ပြုမူနေထိုင်​၍ သခင်ဘုရား​ကို နှစ်သက်စေ​နိုင်မည်​ဖြစ်၏။
11 ထို့ပြင် သင်တို့​သည် ကိုယ်တော်​၏ ဘုန်းတန်ခိုးတော်​နှင့်အညီ တန်ခိုးတော်​အပေါင်းတို့​ဖြင့် ခွန်အား​ဖြည့်ခံရ​သဖြင့် ဝမ်းမြောက်သော​စိတ်​ဖြင့် အလွန်​စိတ်ရှည်​စွာ အရာရာ​ကို သည်းခံနိုင်​ရန် ကျွန်ုပ်တို့​ဆုတောင်းပေးကြ၏။ 12 အလင်း​နိုင်ငံတော်​၌​နေသော ယုံကြည်သူ​လူစု​ထဲတွင် ဝင်ရောက်ခွင့်​ထိုက်သူ ဖြစ်စေတော်မူသော အဖ​ဘုရားသခင်​ကို ကျေးဇူးတင်ကြ​ရန် ကျွန်ုပ်တို့​ဆုတောင်းပေးကြ၏။ 13 ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို အမှောင်​၏ အုပ်စိုးမှု​ထဲမှ ကယ်တင်​၍ မိမိ​ချစ်တော်မူသော သားတော်​၏ နိုင်ငံတော်​ထဲသို့ ခေါ်သွင်းတော်မူ၏။ 14 ကျွန်ုပ်တို့​သည်လည်း ထို​သားတော်​ပြုသော အမှု​ကြောင့် ရွေးနုတ်ခြင်း​ကို ခံစားရ​၍ အပြစ်​ခွင့်လွှတ်ခြင်း​ကို ခံရကြ၏။
ခရစ်တော်​၏ ကြီးမြတ်ခြင်း
15 သားတော်​သည် မျက်စိ​ဖြင့်​မမြင်ရသော ဘုရားသခင်​၏ ပုံသဏ္ဌာန်တော်​ဖြစ်ပြီး
ဘုရားသခင်​ဖန်ဆင်းတော်မူ​သမျှသော အရာ​အားလုံး​တွင် သားဦး​ဖြစ်တော်မူ၏။
16 အဘယ်ကြောင့်ဆိုသော် သားတော်​သည်
ကောင်းကင်​ပေါ်၊ မြေကြီး​ပေါ်၌ ရှိသော မျက်စိ​ဖြင့် မြင်ရသော​အရာ၊ မမြင်ရသော​အရာ​ဟူသမျှ
ရာဇပလ္လင်​ဖြစ်စေ၊ အုပ်စိုးပိုင်ခွင့်​ဖြစ်စေ၊ အုပ်ချုပ်မှုများ​ဖြစ်စေ၊ အာဏာစက်များ​ဖြစ်စေ အရာ​အားလုံးတို့​ကို ဖန်ဆင်းတော်မူ​သောကြောင့် ဖြစ်၏။
အရာ​အားလုံး​သည် ထို​သားတော်​အတွက်​လည်းကောင်း၊ ထို​သားတော်​အားဖြင့်​လည်းကောင်း ဖန်ဆင်းခံကြရ၏။
17 သားတော်​သည် အရာ​အားလုံး​မရှိ​မီ အလျင်​ရှိနှင့်တော်မူ၏။
ဖန်ဆင်းခံ​အရာ​အားလုံး​သည် ကိုယ်တော်​ကြောင့်သာ စနစ်တကျ ဖြစ်တည်​လျက် ရှိကြ၏။
18 ကိုယ်တော်​သည် အသင်းတော်​ဟူသော
မိမိ​ကိုယ်ခန္ဓာ​၏ ဦးခေါင်း​ဖြစ်​၍
ကိုယ်ခန္ဓာ​၏ မူလ​အရင်းအမြစ် ဖြစ်တော်မူ၏။
သေရာ​မှ အဦးဆုံး ရှင်ပြန်​ထမြောက်လာသော သားဦး ဖြစ်တော်မူ၏။
သို့ဖြစ်၍ ကိုယ်တော်​သည် အရာ​အားလုံး​တွင် အကြီးမြတ်ဆုံး ဖြစ်တော်မူ၏။
19 ဘုရားသခင်​သည် မိမိ​၏ ပြည့်စုံမှု​အားလုံး​ကို
သားတော်​ထံ ကိန်းအောင်း​စေရန်​နှင့်
20 လက်ဝါးကပ်တိုင်​၌ သွန်းသော သားတော်​၏​သွေးတော်​ဖြင့်
ရန်​ကို ငြိမ်းစေ​၍
ကောင်းကင်ဘုံ​၌​ရှိသော အရာ​ဖြစ်စေ၊ မြေကြီး​ပေါ်​၌​ရှိသော အရာ​ဖြစ်စေ
အရာ​အားလုံး​ကို မိမိ​နှင့် ပြန်လည်​သင့်မြတ်​စေရန် အလိုရှိတော်မူ၏။
 
21 တစ်ချိန်က သင်တို့​သည် ဘုရားသခင်​နှင့် ကင်းကွာ​ပြီး စိတ်နှလုံးသား​ထဲ၌ ကိုယ်တော်​ကို ရန်ဘက်ပြု​၍ ဆိုးရွား​စွာ ပြုမူနေထိုင်ခဲ့ကြ၏။ 22 ယခု​တွင်မူ ကိုယ်တော်​သည် သွေးသား​နှင့် ဖွဲ့စည်းထားသော ခရစ်တော်​၏​ကိုယ်ခန္ဓာ​ကို အသေခံစေတော်မူခြင်း​အားဖြင့် သင်တို့​ကို မိမိ​နှင့် ပြန်လည်​သင့်မြတ်​စေတော်မူပြီ။ ဤသည်​မှာ သင်တို့​သည် သန့်ရှင်း​၍ အပြစ်အနာအဆာ​ကင်း​လျက် အပြစ်ဆိုဖွယ်​မရှိသောသူများ​အဖြစ် ရှေ့တော်​၌ ဆက်သ​နိုင်ရန် ဖြစ်၏။ 23 သို့ရာတွင် သင်တို့​သည် သတင်းကောင်း​ကို ကြားနာ​စဉ်က ရရှိသော မျှော်လင့်ခြင်း​မှ မရွေ့လျားဘဲ ကြံ့ကြံ့ခိုင် ရပ်တည်​လျက် ဆက်​၍ ယုံကြည်ရမည်။ ထို​သတင်းကောင်း​ကို မိုးကောင်းကင်​အောက်​၌ ရှိသော သတ္တဝါ​အားလုံး​ကို ဟောပြောနေသည်​ဖြစ်၍ ကျွန်ုပ်​ပေါလု​သည် ထို​သတင်းကောင်း​ကို ဟောပြောသော အမှုဆောင်​ဖြစ်လာ၏။
အသင်းတော်​အတွက် ရှင်ပေါလု အမှုဆောင်ခြင်း
24 ယခု​အခါ ကျွန်ုပ်​သည် သင်တို့​အတွက် ဆင်းရဲဒုက္ခ​ခံရသည်​ကို ဝမ်းမြောက်​၍ ခရစ်တော်​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​ကာ ကြွင်းကျန်​နေသေးသော ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်သော အသင်းတော်​အတွက် ကျွန်ုပ်​၏ ခန္ဓာ​သွေးသား​ဖြင့် ဖြည့်ဆည်းနေ၏။
25 ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို သင်တို့​အား အပြည့်အစုံ​ဟောပြော​ရန် ကိုယ်တော်​သည် သင်တို့​အတွက် ကျွန်ုပ်​အား တာဝန်ပေး​၍ ခန့်ထားတော်မူ​သဖြင့် ကျွန်ုပ်​သည် အသင်းတော်​၏ အမှုဆောင်​ဖြစ်လာ၏။ 26 ထို​နှုတ်ကပတ်​တရားတော်​သည် ခေတ်​အစဉ်အဆက် ဝှက်ထားတော်မူခဲ့သည့် လျှို့ဝှက်နက်နဲသော​အရာ ဖြစ်​သော်လည်း ယခု​တွင်မူ ကိုယ်တော်​သည် ယုံကြည်သူများ​ကို ဖွင့်ပြတော်မူပြီ။ 27 ဤ​လျှို့ဝှက်နက်နဲသော​အရာ​၏ ဘုန်းစည်းစိမ်​သည် လူမျိုးခြားတို့​အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိ​စေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤ​လျှို့ဝှက်နက်နဲသော​အရာ​သည် သင်တို့​ထဲ၌ ကိန်းအောင်းတော်မူသည့်​ခရစ်တော်​ပင် ဖြစ်၏။ ခရစ်တော်​ကြောင့် သင်တို့​သည် ဘုရားသခင်​၏ ဘုန်းအသရေ​ကို ရရှိ​ရန် မျှော်လင့်ရ၏။
28 ကျွန်ုပ်တို့​သည် လူတိုင်း​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေ​၍ ရင့်ကျက်သောသူများ​အဖြစ် ဘုရားသခင်​ထံ ဆက်သ​နိုင်ရန် လူတိုင်း​ကို သတိပေး​ဆုံးမ​ကာ ရှိသမျှသော​ဉာဏ်ပညာ​ဖြင့် လူတိုင်း​ကို သွန်သင်​လျက် ခရစ်တော်​အကြောင်း​ကို ဟောပြောကြ၏။ 29 ထို​အတွက်​ကြောင့် ကျွန်ုပ်​အထဲ​၌ သက်ဝင်လှုပ်ရှားနေသော ခရစ်တော်​၏ တန်ခိုးကြီးသော လုပ်ဆောင်မှု​အပေါ် မူတည်​၍ ကျွန်ုပ်​ကြိုးပမ်းလုပ်ဆောင်နေ၏။