သက်သာလောနိတ်မြို့​တွင် ပေါလု သာသနာပြုခြင်း
2
ညီအစ်ကို​မောင်နှမတို့… သင်တို့​ထံ ကျွန်ုပ်တို့​ရောက်လာခဲ့ခြင်း​သည် အချည်းနှီး​မဖြစ်ခဲ့ကြောင်း သင်တို့​ကိုယ်တိုင်​သိကြ၏။ 2 ကျွန်ုပ်တို့​သည် ဖိလိပ္ပိမြို့​၌ ဒုက္ခ​ဆင်းရဲခြင်း​နှင့် ညှဉ်းပန်း​နှိပ်စက်ခြင်း​များ​ကို ခံခဲ့ကြောင်း သင်တို့​သိကြ၏။ သို့သော်လည်း ဘုရားသခင် ကူညီမစတော်မူ​သောကြောင့် ပြင်းထန်သည့် ဆန့်ကျင်​တိုက်ခိုက်မှု​ကြား​ကပင် ကိုယ်တော်​၏ သတင်းကောင်း​ကို သင်တို့​ထံ ရဲဝံ့​စွာ ဟောပြောခဲ့ကြ၏။ 3 ကျွန်ုပ်တို့​သည် မှားယွင်းခြင်း၊ မကောင်းသော စိတ်သဘောထား​ရှိခြင်း၊ လိမ်လည်​လှည့်ဖြားလိုခြင်း​တို့​အပေါ် အခြေခံ​၍ တိုက်တွန်း​ဟောပြောကြသည်​မဟုတ်။
4 ထိုသို့​ပြုမည့်​အစား ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ယုံကြည်ထိုက်သူများ​အဖြစ် လက်ခံတော်မူသည်​နှင့်အညီ သတင်းကောင်း ဟောပြော​ရန်အတွက် တာဝန်ပေးတော်မူ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့​သည် လူ​ကို ကျေနပ်​စေရန် မဟုတ်ဘဲ ကျွန်ုပ်တို့​၏ စိတ်နှလုံးသား​ကို စစ်ဆေး​တော်မူသော ဘုရားသခင်​ကို ကျေနပ်​စေရန် ဟောပြောကြ၏။ 5 သင်တို့​သိသည့်​အတိုင်း ကျွန်ုပ်တို့​သည် မြှောက်ပင့်သော​စကား​ဖြင့် တစ်ခါမျှ မပြောဆိုကြောင်း၊ လောဘ​စိတ်​ဖြင့် ဟန်မဆောင်ကြောင်း ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ သက်သေ​ဖြစ်၏။ 6 ယေရှု​ခရစ်တော်​၏ တမန်တော်များ​ဖြစ်သည့် ကျွန်ုပ်တို့​သည် မိမိတို့​၏ အခွင့်အာဏာ​ကို သုံး​နိုင်​သော်လည်း သင်တို့​ထံမှ​ဖြစ်စေ၊ တစ်ဦးတစ်ယောက်​ထံမှ​ဖြစ်စေ လူတို့​၏​ချီးမွမ်းခြင်း​ကို ခံရ​ရန် မကြိုးစားဘဲ 7 နို့တိုက်​မိခင်​သည် မိမိ​သားသမီးများ​ကို ပြုစု​စောင့်ရှောက်​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း သင်တို့​ကို ကြင်နာယုယ​စွာ ပြုစုခဲ့ကြ၏။ 8 ထိုသို့ ကျွန်ုပ်တို့​သည် သင်တို့​ကို အလွန် ချစ်​သောကြောင့် ဘုရားသခင်​၏​သတင်းကောင်း​ကို ဝေမျှသည်​သာမက ကျွန်ုပ်တို့​၏ ဘဝ​ကိုပင် သင်တို့​အတွက် ပေးဆပ်​ရန် ဆန္ဒ​ရှိကြ၏။
9 ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ မည်မျှ​ပင်ပန်း​စွာ လုပ်ဆောင်ကြသည်​ကို သင်တို့ မှတ်မိကြ၏။ ကျွန်ုပ်တို့​သည် သင်တို့​ကို ဘုရားသခင်​၏ သတင်းကောင်း ဟောပြောသည့်​အချိန်​တွင် မိမိတို့​၏ ဝမ်းစာ​အတွက် မည်သူ့​ကိုမျှ ဝန်ထုပ်ဝန်ပိုး​မဖြစ်​စေရန် နေ့ရောညပါ အလုပ်​လုပ်ခဲ့ကြ၏။ 10 ယုံကြည်သော သင်တို့​နှင့် ဆက်ဆံ​ရာတွင် ကျွန်ုပ်တို့​သည် မည်သို့​သန့်ရှင်း ဖြောင့်မတ်​ပြီး အပြစ်ဆိုဖွယ်​မရှိသူများ​ဖြစ်ကြောင်း​ကို သင်တို့​နှင့် ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ သက်သေများ​ဖြစ်၏။ 11 သင်တို့​သိကြသည့်​အတိုင်း ဖခင်​သည် သားသမီးများ​အပေါ် ပြုမူဆက်ဆံ​သကဲ့သို့ ကျွန်ုပ်တို့​သည် သင်တို့ တစ်ယောက်ချင်းစီ​တိုင်း​အပေါ် ပြုမူဆက်ဆံကြ၏။ 12 မိမိ​နိုင်ငံတော်​နှင့် ဘုန်းတော်​အတွက် သင်တို့​ကို ခေါ်တော်မူသော ဘုရားသခင်​၏​လူ​ဖြစ်သည့်​အလျောက် ဘုရားသခင်​၏​လူ​ပီသ​စွာ ပြုမူနေထိုင်​ရန် အားပေး​နှစ်သိမ့်​၍ တိုက်တွန်း​နှိုးဆော်ကြ၏။
13 သင်တို့​သည် ကျွန်ုပ်တို့​ထံမှ ကြားနာသော ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို လူ့​စကား​အဖြစ် မဟုတ်ဘဲ ဘုရားသခင်​၏ နှုတ်ကပတ်တော်​အဖြစ် လက်ခံ​သောကြောင့် ဘုရားသခင်​ကို ကျွန်ုပ်တို့ အစဉ်အမြဲ​ကျေးဇူးတင်ကြ၏။ ထို​နှုတ်ကပတ်တော်​သည် အမှန်​ပင်လည်း ဘုရားသခင်​၏ နှုတ်ကပတ်တော်​ဖြစ်​၍ ခရစ်တော်​ကို ယုံကြည်သော​သင်တို့​အထဲ​တွင် သက်ဝင်​လှုပ်ရှားတော်မူ၏။
14 ညီအစ်ကို​မောင်နှမတို့… ယေရှု​ခရစ်တော်​ကို ယုံကြည်သည့် ယုဒပြည်​၌ ရှိကြသော ဘုရားသခင်​၏​အသင်းတော်များ တွေ့ကြုံ​သကဲ့သို့ သင်တို့​တွေ့ကြုံနေကြ၏။ ဂျူးလူမျိုးများ​လက်​တွင် ထို​အသင်းတော်များ ခံစားခဲ့ရသော ဆင်းရဲဒုက္ခ​မျိုး​ကို သင်တို့​သည်လည်း မိမိတို့​လူမျိုးချင်း​၏​လက်​တွင် ခံစားကြရ၏။ 15 ဂျူးလူမျိုးတို့​သည် သခင်​ယေရှု​နှင့် ပရောဖက်များ​ကို သတ်​၍ ကျွန်ုပ်တို့​ကိုလည်း နှင်ထုတ်ကြ၏။ သူတို့​သည် ဘုရားသခင်​ကို မနှစ်မသက် ဖြစ်စေ​လျက် လူအပေါင်း​ကို ဆန့်ကျင်ကြ၏။ 16 လူမျိုးခြားများ ကယ်တင်​ခံရ​ရန် ကျွန်ုပ်တို့​ဟောပြောသည်​ကို သူတို့​တားမြစ်ကြ၏။ ဤသို့​လုပ်ဆောင်ခြင်း​ဖြင့် သူတို့​သည် မိမိတို့​၏ အပြစ်များ​ကို အစဉ်​ပွားများစေကြ၏။ နောက်ဆုံး​တွင် ဘုရားသခင်​၏ အမျက်တော်​သည် သူတို့​အပေါ်သို့ သက်ရောက်လေ၏။
သက်သာလောနိတ်မြို့သားများ​ကို ပေါလု သတိရ​လွမ်းဆွတ်ခြင်း
17 ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​သည် သင်တို့​နှင့် ခဏတာ လူချင်း​ခွဲခွာရ​သော်လည်း သင်တို့​ကို အစဉ်​သတိရ​နေ၏။ အလွန်​တောင့်တသော​စိတ်​ကြောင့် သင်တို့​နှင့် ပြန်ဆုံ​နိုင်ရန် အစွမ်းကုန်​ကြိုးစားကြ၏။ 18 ထိုသို့ ကျွန်ုပ်တို့​သည် သင်တို့​ထံသို့ ပြန်လာ​ချင်​သောကြောင့် ကျွန်ုပ် ပေါလု​ကိုယ်တိုင် အကြိမ်ကြိမ်​ကြိုးစားခဲ့၏။ သို့သော် စာတန်​သည် ကျွန်ုပ်တို့​ကို တားဆီးခဲ့၏။ 19 သခင်​ယေရှု ပြန်ကြွလာသည့်​အချိန်​တွင် ကိုယ်တော်​ရှေ့​၌ ကျွန်ုပ်တို့​၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာ​ဆုသရဖူ​သည် မည်သည့်​အရာ ဖြစ်မည်နည်း။ သင်တို့​ပင် ဖြစ်သည်​မဟုတ်လော။ 20 အမှန်​ပင် သင်တို့​သည် ကျွန်ုပ်တို့​၏ ဂုဏ်ယူစရာ​နှင့် ဝမ်းမြောက်​စရာ ဖြစ်ကြ၏။