5
ညီအစ်ကို​မောင်နှမတို့… ထို​အရာတို့​သည် မည်သည့်​အချိန်​ကာလ​၌ ဖြစ်ပျက်မည်​ကို သင်တို့​ထံ စာရေးလိုက်​ရန် မလိုအပ်ပေ။ 2 အဘယ်ကြောင့်ဆိုသော် သူခိုး​သည် ညအချိန်​လာ​သကဲ့သို့ သခင်ဘုရား​၏ နေ့ရက်​သည် မမျှော်လင့်ဘဲ​ရောက်လာမည်​ကို သင်တို့​ကောင်းစွာ​သိသော​ကြောင့် ဖြစ်၏။ 3 လူတို့​က “ငြိမ်းချမ်း​၍ လုံခြုံသည်” ဟု ပြောနေသည့်​အချိန်​၌ပင် ကိုယ်ဝန်ဆောင်​အမျိုးသမီး ရုတ်တရက် ဝေဒနာ​ခံစားရ​သကဲ့သို့ ဘေးဒုက္ခ​သည် သူတို့​အပေါ် ရုတ်တရက် ကျရောက်လာပြီး သူတို့​သည် လွတ်မြောက်​ကြမည်​မဟုတ်။
4 သို့သော်လည်း ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် အမှောင်​၌ မရှိ​သောကြောင့် ထို​နေ့ရက်​သည် သင်တို့​ထံ သူခိုး​ကဲ့သို့ ရောက်လာစရာ​အကြောင်း မရှိ။ 5 အဘယ်ကြောင့်ဆိုသော် သင်တို့​သည် အလင်း​၏​သားသမီးများ၊ နေ့​၏​သားသမီးများ​ဖြစ်​သောကြောင့်​ပင်။ ကျွန်ုပ်တို့​သည် ည​၏​သားသမီးများ၊ အမှောင်​၏ သားသမီးများ​မဟုတ်။ 6 ထို့ကြောင့် မယုံကြည်သူ​များ အိပ်ပျော်​သကဲ့သို့ အိပ်ပျော်​မနေဘဲ နိုးကြား​၍ တည်ကြည်​လျက် သတိ​နှင့် စောင့်ကြစို့။ 7 အိပ်ပျော်သော​သူတို့​သည် ညအချိန်​၌ အိပ်ပျော်​တတ်ကြ၏။ သေရည်​သေရက်​မူးယစ်သော သူတို့​သည်လည်း ည​အချိန်​၌ မူးယစ်​တတ်ကြ၏။ 8 သို့သော် ကျွန်ုပ်​တို့​သည် နေ့​၏​သားသမီးများ​ဖြစ်သောကြောင့် တည်ကြည်​လျက် သတိ​ရှိကြစို့။ ယုံကြည်ခြင်း​နှင့် ချစ်ခြင်း​ကို ရင်အုပ်ကာ​ချပ်ဝတ်​အဖြစ် ဝတ်ဆင်​လျက် ကယ်တင်ခံရမည်​ဟူသော မျှော်လင့်ခြင်း​ကို သံခမောက်​အဖြစ် ဆောင်းကြစို့။ 9 ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို အမျက်တော်​ခံရ​စေရန် သတ်မှတ်ထားတော်မူသည်​မဟုတ်။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် လုပ်ဆောင်သော​အမှု​ဖြင့် ကယ်တင်ခံရ​စေရန် သတ်မှတ်ထားတော်မူ၏။ 10 သခင်​ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​တို့​အတွက် အသေခံခဲ့​သောကြောင့် ကျွန်ုပ်တို့​သည် အသက်ရှင်​ဆဲ​ရှိသည်​ဖြစ်စေ၊ သေလွန်ပြီးသည်​ဖြစ်စေ ထို​သခင်​နှင့်​အတူ အသက်ရှင်ကြ​လိမ့်မည်။ 11 ထို့ကြောင့် ယခု သင်တို့​လုပ်ဆောင်နေသည့်​အတိုင်း အချင်းချင်း​အားပေး​လျက် တည်ဆောက်ပေးကြလော့။
နိဂုံးချုပ် အကြံပေး​ညွှန်ကြား​ခြင်း
12 ညီအစ်ကို​မောင်နှမ​တို့… ကျွန်ုပ်တို့ တိုက်တွန်း​လို၏။ သင်တို့​အထဲ​တွင် အမှုတော်​ကို ကြိုးစား​ဆောင်ရွက်​၍ ဝိညာဉ်​ရေးရာ​၌ ဦးဆောင်ပြီး သင်တို့​ကို သတိပေး​ဆုံးမ​သွန်သင်နေသော​သူများ​ကို ရိုသေလေးစားကြလော့။ 13 သူတို့​လုပ်ဆောင်သည့်​အမှုတော်​ကို ထောက်​၍ ချစ်ခင်​ရိုသေကြလော့။ သင်တို့​အချင်းချင်း ငြိမ်းချမ်း​စွာ နေထိုင်ကြလော့။
14 ထို့ပြင် ညီအစ်ကို​မောင်နှမတို့… ပျင်းရိသူများ​ကို သတိပေး​ဆုံးမကြလော့။ စိတ်ပျက်​အားလျော့သူများ​ကို အားပေးကြလော့။ အားနည်းသူများ​ကို ကူညီကြလော့။ လူ​တိုင်း​အပေါ်​တွင် စိတ်ရှည်​ကြလော့။ 15 အဆိုး​ကို အဆိုး​ဖြင့် မတုံ့ပြန်ကြနှင့်။ အချင်းချင်း​အတွက်​ဖြစ်စေ၊ လူ​တိုင်း​အတွက်​ဖြစ်စေ အကျိုး​ရှိသော​အရာများ​ကို အမြဲ​ကြိုးစား​လုပ်ဆောင်ကြလော့။ 16 အစဉ်အမြဲ​ဝမ်းမြောက်ကြလော့။ 17 အစဉ်မပြတ် ဆုတောင်းကြလော့။ 18 မည်သည့်​အခြေအနေ​၌ပင် ဖြစ်စေ ဘုရားသခင်​ကို ကျေးဇူးတင်ကြလော့။ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော သင်တို့​သည် ဤသို့​ပြုရန် ဘုရားသခင်​အလိုတော်​ရှိ၏။
19 သန့်ရှင်းသော​ဝိညာဉ်တော်​၏ အရှိန်​ကို မငြိမ်းစေကြနှင့်။ 20 ပရောဖက်ပြု​ဟောပြောခြင်း​ကို မထီမဲ့မြင်​မပြုကြနှင့်။ 21 သို့သော် အရာ​အားလုံး​ကို မှန်​မ​မှန် စစ်ဆေး​ပြီး ကောင်းမွန်သည့် အရာတို့​ကို လက်ခံကြလော့။ 22 မကောင်းသည့် အရာ​မှန်သမျှ​ကို ရှောင်ကြလော့။
နိဂုံးချုပ်​စကား
23 ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တိုင်​သည် သင်တို့​ကို အကြွင်းမဲ့​သန့်ရှင်း​စေတော်မူ​ပါစေသော။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာသည့်​တိုင်အောင် သင်တို့​၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်​ကို အပြစ်ဆိုဖွယ်​မရှိ​စေရန် စောင့်ရှောက်​ပါစေသော။ 24 သင်တို့​ကို ခေါ်တော်မူသော​အရှင်​သည် သစ္စာရှိသော ဘုရား​ဖြစ်​သောကြောင့် ကတိ​ထားသည့်​အတိုင်း ပြုတော်မူမည်။ 25 ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​အတွက် ဆုတောင်းပေးကြလော့။ 26 ညီအစ်ကို​မောင်နှမ​အပေါင်းတို့​ကို သန့်ရှင်း​သော အနမ်း​ဖြင့် နှုတ်ဆက်ကြလော့။ 27 ဤ​စာ​ကို ညီအစ်ကို​မောင်နှမ​အားလုံး​ရှေ့​တွင် ဖတ်​ရန် သခင်ဘုရား​ထံ တိုင်တည်​၍ သင်တို့​ကို လေးနက်​စွာ အမိန့်ပေး၏။ 28 ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​ခံစားရပါစေသော။
သက်သာလောနိတ်​ဩဝါဒစာ ပထမစောင် ပြီးပါပြီ။