လွဲမှားသော​အယူဝါဒများ​ကို သွန်သင်သူများ​အကြောင်း သတိပေးခြင်း
4
နောက်ဆုံးသော​နေ့ရက်များ​၌ လူ​တချို့​သည် မိမိတို့​၏ ယုံကြည်ခြင်း​တရား​ကို စွန့်​၍ လူ​ကို လှည့်စားသော​ဝိညာဉ်ဆိုးများ​နှင့် နတ်ဆိုးများ​၏ သွန်သင်မှု​ကို ခံယူကြ​လိမ့်မည်​ဟု ဝိညာဉ်တော်​သည် ရှင်းလင်း​စွာ မိန့်တော်မူ၏။ 2 ထို​အယူဝါဒ​ကို သွန်သင်သူများ​၏ အမှားအမှန်​ခွဲခြားသော အသိစိတ်​သည် သံပူ​နှင့်​ခတ်ခံရ​သကဲ့သို့ ထုံထိုင်းနေ၏။ သူတို့​သည် သူတော်ကောင်း​ယောင်ဆောင်သော လူလိမ်များ​ဖြစ်၏။ 3 သူတို့​သည် အိမ်ထောင်​မပြုရ ဟူ၍​လည်းကောင်း၊ အချို့သော​အစားအစာများ​ကို မစားရ ဟူ၍​လည်းကောင်း တားမြစ်ကြ၏။ အမှန်​တွင် ယုံကြည်​၍ သမ္မာတရား​ကို သိသော​သူတို့​သည် ကျေးဇူးတော်​ချီးမွမ်း​လျက် စားနိုင်ကြ​စေရန် ထို​အစားအစာများ​ကို ဘုရားသခင် ဖန်ဆင်းတော်မူ၏။ 4 ဘုရားသခင်​ဖန်ဆင်းတော်မူသော​အရာ​အားလုံး​သည် ကောင်းသည်​ဖြစ်​၍ ကျေးဇူးတော်​ချီးမွမ်း​လျက် စားသုံးသည်​ကို မတားမြစ်​သင့်ပါ။ 5 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏ နှုတ်ကပတ်တော်​နှင့် ဆုတောင်းခြင်း​တို့သည် အစားအစာ​ကို သန့်ရှင်းစင်ကြယ်စေ​သောကြောင့် ဖြစ်၏။
6 ဤ​အရာများ​ကို ညီအစ်ကို​မောင်နှမတို့​အား ညွှန်ကြား​လျှင် သင်​သည် သင်​ခံယူခဲ့သော ယုံကြည်ခြင်း​တရား​နှင့် မှန်ကန်သော​အယူဝါဒ​တို့​ဖြင့် ပြုစု​ပျိုးထောင်ခံရ​ပြီး ယေရှု​ခရစ်တော်​၏ အစေခံကောင်း​တစ်ဦး ဖြစ်​လိမ့်မည်။
ယုံကြည်သူတို့​အတွက် စံနမူနာ
7 သင်​သည် ဘုရားတရား​မဲ့သော၊ ယုတ္တိ​မရှိသော​ဒဏ္ဍာရီများ​ကို ရှောင်ကြဉ်​၍ ဘုရားတရား​ကိုင်းရှိုင်း​ရန် မိမိ​ကိုယ်ကိုယ် လေ့ကျင့်လော့။ 8 ကိုယ်ကာယ​လေ့ကျင့်ခန်း​သည် အနည်းငယ်​သာ အကျိုး​ရှိသော်လည်း ဘုရားတရား​ကိုင်းရှိုင်းခြင်း​မှာမူ အရာရာ​၌ အကျိုး​ရှိ၏။ သင်တို့​သည် ယခု​ဘဝ၊ နောင်ဘဝ​တွင် ဘုရားသခင်​ကတိပြုတော်မူသော အကျိုး​ကို ရရှိမည်။ 9 ဤ​စကား​သည် အပြည့်အဝ​လက်ခံထိုက်သည့် မှန်သော​စကား ဖြစ်၏။ 10 သို့ဖြစ်၍ လူအပေါင်းတို့​၏ ကယ်တင်ရှင်၊ အထူး​သဖြင့် ယုံကြည်သူတို့​၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်​တော်မူသော​ဘုရားသခင်​ကို ကိုးစား​မျှော်လင့်သည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် အားထုတ်​လုပ်ဆောင်​၍ ကြိုးစားကြ၏။
11 ဤ​အရာများ​ကို ညွှန်ကြား​၍ သွန်သင်လော့။ 12 သင်​၏​အသက်​ငယ်ရွယ်သည်​ကို မည်သူမျှ မထီမဲ့မြင်​မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်း​တို့​တွင် ယုံကြည်သူတို့​အတွက် စံနမူနာ​ဖြစ်စေလော့။ 13 ကျွန်ုပ်​ရောက်မလာ​မီ ပရိသတ်​ရှေ့ ကျမ်းစာဖတ်ခြင်း၊ ဟောပြောခြင်း၊ သွန်သင်ခြင်း​တို့ကို အားထုတ်​ဆောင်ရွက်လော့။ 14 ပရောဖက်ပြု​ဟောပြောခြင်း​ကြောင့် သင်းအုပ်တို့​သည် သင့်​အပေါ် လက်တင်​မင်္ဂလာပေး​သောအခါ သင်​ရရှိသော ဆုကျေးဇူး​ကို လျစ်လျူမရှုနှင့်။ 15 သင်​၏​တိုးတက်မှု​ကို လူတိုင်း​မြင်ရ​စေရန် ထို​အရာများ​ကို စိတ်ရော​ကိုယ်ပါ အားထုတ်​လုပ်ဆောင်လော့။ 16 သင်​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ မိမိ​သွန်သင်ချက်​တို့ကို​လည်းကောင်း သတိပြု​၍ ထို​အပေါ်​ရပ်တည်လော့။ ထိုသို့​ပြု​လျှင် မိမိကိုယ်ကိုယ် ကယ်တင်သည်​သာမက သင်​၏​သွန်သင်ချက်​ကို နားထောင်သော​သူတို့​ကိုလည်း ကယ်တင်​လိမ့်မည်။