ယေရှု​ခရစ်တော်​၏ စစ်သားကောင်း
2
ကျွန်ုပ်​၏​သား တိမောသေ… ယေရှု​ခရစ်တော်​ပေးတော်မူသော ကျေးဇူးတော်​ဖြင့် ကြံ့ခိုင်လော့။ 2 အသိ​သက်သေ​များစွာ ရှေ့​၌ ကျွန်ုပ်​သွန်သင်သည့်​အရာများ​ကို သင်​ကြားသိရ၏။ ထို​အရာများ​ကို ယုံကြည်စိတ်ချရ​၍ သွန်သင်တတ်သော​သူတို့​အား လက်ဆင့်ကမ်းလော့။ 3 ယေရှု​ခရစ်တော်​၏ စစ်သားကောင်း​တစ်ဦး​အဖြစ် ဆင်းရဲဒုက္ခ​ကို ကျွန်ုပ်​နှင့်အတူ သည်းခံလော့။ 4 စစ်သား​သည် မိမိ​ကို စစ်သူရဲ​နေရာ​၌ ခန့်ထားသောသူ​အား နှစ်သက်​စေရန် စစ်မှု​ဆိုင်ရာ​မဟုတ်သော​လောကီမှု​ကိစ္စများ​တွင် ပါဝင်​ပတ်သက်ခြင်း​မရှိတတ်။ 5 ထိုနည်းတူ အားကစားသမား​သည် ပြိုင်ပွဲ​စည်းကမ်း​ကို မလိုက်နာ​ပါက ဆုသရဖူ​ကို မရနိုင်။ 6 အလုပ်​ကြိုးစားသော လယ်သမား​သည် သီးနှံ​ဝေစု​ကို အဦးဆုံး ရသင့်သူ​ဖြစ်၏။ 7 ကျွန်ုပ်​ပြောသည့်​အရာ​ကို ဆင်ခြင်လော့။ သခင်ဘုရား​သည် သင့်​အား အရာ​အားလုံး​နားလည်နိုင်သော​ဉာဏ်​ကို ပေးသနားတော်မူ​လိမ့်မည်။
8 ကျွန်ုပ်​ဟောပြောသည့် သတင်းကောင်း​အတိုင်း ဒါဝိဒ်မင်း​၏​မျိုးနွယ်​မှ ဆင်းသက်လာပြီး သေခြင်း​မှ​ထမြောက်တော်မူသော​ယေရှု​ခရစ်တော်​ကို သတိရလော့။ 9 ဤ​သတင်းကောင်း​ကြောင့် ကျွန်ုပ်​သည် ရာဇဝတ်သား​တစ်ယောက်​ကဲ့သို့​ပင် အကျဉ်းချ​ခံ​၍ ဆင်းရဲဒုက္ခ​ခံခဲ့ရ​သော်လည်း ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကိုမူ အကျဉ်းချ​၍ မရ။ 10 ထို့ကြောင့် ဘုရားသခင်​ရွေးကောက်တော်မူသော​သူတို့​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ကယ်တင်ခြင်း​ကို ထာဝရ​ဘုန်းတော်​နှင့်အတူ ရရှိ​နိုင်ရန် ထို​သူတို့​အတွက် ဆင်းရဲဒုက္ခ​အားလုံး​ကို ကျွန်ုပ်​သည်းခံ၏။
11 အောက်ပါ​စကား​သည် ယုံကြည်စိတ်ချ​ရသည့်​စကား​ဖြစ်၏။
ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့်အတူ သေ​လျှင်
ကိုယ်တော်​နှင့်အတူ အသက်ရှင်​လိမ့်မည်။
12 ဆင်းရဲဒုက္ခ​ကို ခံနိုင်​လျှင်
ကိုယ်တော်​နှင့်အတူ စိုးစံရ​လိမ့်မည်။
ကိုယ်တော်​ကို ငြင်းပယ်​လျှင်
ကိုယ်တော်​သည်လည်း ကျွန်ုပ်တို့​ကို ငြင်းပယ်​လိမ့်မည်။
13 ကျွန်ုပ်တို့ သစ္စာ​မရှိ​လျှင်ပင်
ကိုယ်တော်​သည် မိမိကိုယ်မိမိ မငြင်းပယ်နိုင်​သောကြောင့်
သစ္စာစောင့်တော်မူ​လိမ့်မည်။
ဘုရားသခင် လက်ခံတော်မူသော​အမှုဆောင်​ကောင်း
14 ဤ​အကြောင်းအရာများ​ကို သူတို့​အား သတိပေးလော့။ အကျိုး​မရှိဘဲ ကြားရသော​သူတို့​ကို ပျက်စီး​စေတတ်သော စကားလုံး​အသုံးအနှုန်း​အတွက် မငြင်းခုံကြ​ရန် ဘုရားသခင်​ရှေ့တော်​၌ အလေးအနက် ညွှန်ကြားလော့။
15 သင်​သည် ဘုရားသခင်​ရှေ့​၌ ယုံကြည်​စိတ်ချရသူ၊ သမ္မာတရား​သတင်းစကား​ကို မှန်ကန်​စွာ​ဟောပြောပြီး ရှက်ကြောက်​ရန် မလိုသည့်သူ​အဖြစ် မိမိကိုယ်ကိုယ် ဆက်သ​ရန် ကြိုးစားလော့။ 16 ဘုရားတရား​မဲ့သော စကား​ကို ရှောင်ကြဉ်လော့။ အဘယ်ကြောင့်ဆိုသော် ထို​စကား​သည် လူတို့​အား ဘုရားတရား​နှင့် ပို၍ ဝေးကွာစေ​သောကြောင့်​ဖြစ်၏။ 17 သူတို့​၏​စကား​သည် အသား​ကို တရိရိ​ပုပ်စေတတ်သည့် ခူနာ​ကဲ့သို့ ပျံ့နှံ့သွား​လိမ့်မည်။ ထို​သူတို့​ထဲတွင် ဟုမေနဲ​နှင့် ဖိလက်​တို့ ပါ၏။ 18 သူတို့​သည် သမ္မာတရားလမ်း​မှ လွဲချော်​၍ သေသောသူ​တို့​၏ ရှင်ပြန်ထမြောက်ခြင်း​သည် ဖြစ်ပျက်ပြီးလေပြီ​ဟု ပြောဆို​လျက် လူတချို့​၏ ယုံကြည်ခြင်း​ကို နှောင့်ယှက်​ဖျက်ဆီးကြ၏။
19 သို့ရာတွင် ဘုရားသခင်​ချထားတော်မူသည့် ခိုင်မာသော​အုတ်မြစ်​သည် ခိုင်ခံ့​မြဲမြံပြီး ဤ​အုတ်မြစ်​ပေါ်တွင် “ဘုရားသခင်​သည် မိမိ​လူတို့​ကို သိတော်မူ၏” ဟူ၍​လည်းကောင်း၊ “ဘုရားသခင်​၏​လူ​ဖြစ်ကြောင်း ဝန်ခံသောသူတို့​သည် မကောင်းမှု​ကို စွန့်ရမည်” ဟူ၍​လည်းကောင်း တံဆိပ်ခတ်​ရေးထိုးထား၏။
20 စံအိမ်ကြီး​တစ်အိမ်​တွင် ရွှေငွေ​အသုံးအဆောင်များ​သာမက သစ်​နှင့် မြေထည်​အသုံးအဆောင်များ​လည်း ရှိ၏။ အချို့​အသုံးအဆောင်များ​ကို ဂုဏ်သရေရှိသော​အရာ​အတွက် အသုံးပြု​၍ အချို့​ကို ဂုဏ်သရေ​မဲ့သော​အရာ​အတွက် အသုံးပြု၏။ 21 တစ်စုံတစ်ယောက်​သည် အထက်ပါ​မကောင်းသော​အကျင့်​တို့ကို ဖယ်ရှား​လျှင် သူ​သည် အိမ်ရှင်​အတွက် သန့်ရှင်း​၍ အသုံးဝင်သည့် ဂုဏ်သရေရှိ​အသုံးအဆောင်၊ ကောင်းသော​အရာများ​အတွက် ပြင်ဆင်သော​အသုံးအဆောင် ဖြစ်လာမည်။
22 ထို့ကြောင့် သင်​သည် လူငယ်တို့​၏​တပ်မက်စိတ်​ကို ရှောင်ကြဉ်​၍ ဖြူစင်သော​နှလုံးသား​ဖြင့် ဘုရားသခင်​ကို ဝတ်ပြု​ဆုတောင်းသော​သူတို့​နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ ရှိ​ရန် အမြဲ​ကြိုးစားလော့။ 23 မိုက်မဲ​၍ ပညာမဲ့သော​အငြင်းပွားမှုများ​သည် ခိုက်ရန်​ကိုသာ ဖြစ်ပွားစေကြောင်း သင်​သိ​သဖြင့် ရှောင်ကြဉ်လော့။ 24 သခင်ဘုရား​၏ အစေအပါး​သည် ခိုက်ရန်​မဖြစ်ဘဲ လူအပေါင်းတို့​အပေါ် နူးညံ့သိမ်မွေ့​စွာ ဆက်ဆံ​တတ်ပြီး သင်ကြားပေးတတ်သူ၊ သည်းခံ​နိုင်စွမ်း​ရှိသူ ဖြစ်ရမည်။ 25 ဆန့်ကျင်သူတို့​ကို နူးညံ့သိမ်မွေ့​စွာ ဆုံးမသွန်သင်​ရမည်။ ဘုရားသခင်​သည် သူတို့​အား သမ္မာတရား​ကို သိစေ​၍ နောင်တ​ရနိုင်သော​အခွင့်​ကို ပေးကောင်း​ပေးတော်မူ​လိမ့်မည်။ 26 မာရ်နတ်​သည် မိမိ​အလို​အတိုင်း လိုက်နာ​စေရန် သူတို့​ကို ဖမ်းဆီးထား​သော်လည်း သူတို့​သည် အသိတရား​ရ​၍ မာရ်နတ်​၏ ထောင်ချောက်​မှ လွတ်မြောက်နိုင်​လိမ့်မည်။