နှုတ်ကပတ်တော်​ဟောပြော​ရန် တိုက်တွန်းခြင်း
4
နိုင်ငံတော်​တည်ထောင်​ရန် ကြွလာပြီး အသက်ရှင်သောသူ​နှင့် သေသောသူတို့​ကို တရားစီရင်မည့်​ယေရှု​ခရစ်တော်​၏ ရှေ့တော်​၌​လည်းကောင်း၊ ဘုရားသခင်​ရှေ့တော်​၌​လည်းကောင်း သင့်​အား ကျွန်ုပ်​အလေးအနက်​တိုက်တွန်းလိုက်ပါ၏။ 2 အခွင့်အခါ​သင့်သည်​ဖြစ်စေ၊ မသင့်သည်​ဖြစ်စေ အဆင်သင့်​ဖြစ်​၍ နှုတ်ကပတ်​တရားတော်​ကို ဟောပြောလော့။ အလွန်​စိတ်ရှည်​စွာ သွန်သင်​၍ အပြစ်​ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေး​တိုက်တွန်းခြင်း​တို့ကို ပြုလော့။ 3 အနာဂတ်​တွင် လူတို့​သည် မှန်ကန်သော​အယူဝါဒ​ကို သည်းမခံနိုင်တော့ဘဲ မိမိတို့​အလို​ကို လိုက်​၍ မိမိတို့​၏​ယားသော​နား​က ကြားလိုသော​အရာများ​ကို ဟောပြောသည့်​ဆရာများ​နောက်သို့ လိုက်ကြ​လိမ့်မည်။ 4 သမ္မာတရား​ကို နားမထောင်ဘဲ ဒဏ္ဍာရီများ​ကိုသာ နားထောင်ကြ​လိမ့်မည်။ 5 သို့သော်လည်း သင်​သည် အရာရာ​၌ သတိရှိလော့။ ဆင်းရဲဒုက္ခ​ကို သည်းခံ​၍ သတင်းကောင်း​ဟောပြောသူ​တစ်ဦး ဆောင်ရွက်ရမည့် အမှု​ကို ပြု​လျက် အမှုတော်​ကို အပြည့်အဝ​ဆောင်ရွက်လော့။
6 ကျွန်ုပ်​၏ အသက်​သည် ယဇ်ပလ္လင်​ပေါ်တွင် သွန်းလောင်းရာ​ပူဇော်စရာ​ကဲ့သို့ သွန်းလောင်းခံရပြီ။ ကျွန်ုပ်​သည် ဤ​လောက​မှ ထွက်ခွာရတော့မည့်​အချိန် နီးပြီ။ 7 တိုက်ပွဲကောင်း​ကို ကျွန်ုပ်​တိုက်ခဲ့ပြီ။ တာ​အဆုံး​တိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်း​တရား​ကို စောင့်ထိန်းခဲ့ပြီ။ 8 ယခု​မှစ၍ ဖြောင့်မတ်ခြင်း​ဆုသရဖူ​သည် ကျွန်ုပ်​အတွက် အသင့်​ရှိနေ၏။ ဖြောင့်မတ်​စွာ တရားစီရင်သူ​ဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်​နေ့တွင် ထို​ဆုသရဖူ​ကို ကျွန်ုပ်​အား ပေးတော်မူ​လိမ့်မည်။ ကျွန်ုပ်​တစ်ဦးတည်း​သာမက ကိုယ်တော်​၏​ပြန်လည်ကြွလာခြင်း​ကို တောင့်တသူ​အားလုံး​တို့​အားလည်း ပေးတော်မူ​လိမ့်မည်။
ရှင်ပေါလု​၏ နောက်ဆုံး​ညွှန်ကြားချက်
9 ကျွန်ုပ်​ထံသို့ အမြန်ဆုံး​လာ​ရန် ကြိုးစားလော့။ 10 ဒေမ​သည် ဤ​လောက​ကို ချစ်​၍ ကျွန်ုပ်​ကို စွန့်ခွာ​ပြီး သက်သာလောနိတ်မြို့​သို့ သွားလေပြီ။ ကရက္ကေ​သည် ဂလာတိပြည်​သို့ သွားပြီ။ တိတု​သည် ဒါလမာတိပြည်​သို့ သွားပြီ။ 11 လုကာ​တစ်ဦးတည်း​သာ ကျွန်ုပ်​နှင့်အတူ​ရှိ၏။ မာကု​ကို သင်​နှင့်အတူ ခေါ်ခဲ့လော့။ အမှုတော်​ဆောင်ရွက်​ရာတွင် သူ​သည် ကျွန်ုပ်​အတွက် အသုံးဝင်သူ​ဖြစ်၏။ 12 ကျွန်ုပ်​သည် တုခိတ်​ကို ဧဖက်မြို့​သို့ စေလွှတ်လိုက်၏။ 13 သင်​လာသော​အခါ တရောမြို့​တွင်​နေထိုင်သော ကာပု​ထံ၌ ကျွန်ုပ်​အပ်ထားခဲ့သော ဝတ်လုံ​နှင့်တကွ စာလိပ်များ၊ အထူး​သဖြင့် သားရေ​စာလိပ်​ကို ယူခဲ့လော့။
14 ပန်းတဉ်း​ဆရာ အလက်ဇန်းဒါး​သည် ကျွန်ုပ်​ကို အလွန်​ဆိုးရွား​စွာ ပြုခဲ့၏။ သူ​ပြုခဲ့သည့် အပြုအမူများ​အတွက် သခင်ဘုရား​စီရင်တော်မူ​လိမ့်မည်။ 15 သူ့​ကို သတိထားလော့။ သူ​သည် ကျွန်ုပ်တို့​ဟောပြောချက်များ​ကို အပြင်းအထန်​ဆန့်ကျင်သူ​ဖြစ်၏။
16 ကျွန်ုပ်​၏​အမှု​ကို ပထမဆုံး​အကြိမ် ချေပ​ပြောဆိုရာ​တွင် မည်သူမျှ ကျွန်ုပ်​ဘက်​၌ မကူညီဘဲ လူတိုင်း​ကျွန်ုပ်​ကို စွန့်ပစ်ခဲ့ကြ၏။ ဤ​အရာ​ကြောင့် သခင်ဘုရား​သည် ထို​သူတို့​ကို အပြစ်​တင်တော်မမူပါစေနှင့်။ 17 သို့သော်လည်း ကျွန်ုပ်​သည် လူမျိုးခြားတို့​အား သတင်းကောင်း​ကို ပြည့်စုံ​စွာ ဟောပြော​ရန်အတွက် သခင်ဘုရား​သည် ကျွန်ုပ်​ဘက်မှ ရပ်တည်​၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်​သည် ကျွန်ုပ်​ကို ခြင်္သေ့​ခံတွင်း​မှ ကယ်နှုတ်တော်မူ၏။ 18 သခင်ဘုရား​သည် မကောင်းမှု​မှန်သမျှ​မှ ကျွန်ုပ်​ကို ကယ်တင်တော်မူ​၍ မိမိ​ကောင်းကင်​နိုင်ငံတော်​သို့ ဘေးကင်း​စွာ ပို့ဆောင်တော်မူ​လိမ့်မည်။ ကိုယ်တော်​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
နိဂုံးချုပ်​စကား
19 ပြစ်ကိလ၊ အာကုလ​တို့​နှင့်အတူ ဩနေသိဖော်​၏ အိမ်သူအိမ်သားတို့​ကို နှုတ်ဆက်ပေးလော့။ 20 ဧရတ္တု​သည် ကောရိန္သုမြို့​တွင် နေရစ်ခဲ့၏။ တရောဖိမ်​မှာမူ နာမကျန်း​ဖြစ်​သောကြောင့် မိလက်မြို့​တွင် ကျွန်ုပ်​ချန်ထားခဲ့ရ၏။ 21 ဆောင်းရာသီ မရောက်မီ အမြန်ဆုံး​လာ​နိုင်ရန် ကြိုးစားလော့။ ဥဗုလု၊ ပုဒေ၊ လိနု​နှင့် ကလောဒိ​တို့​မှစ၍ ညီအစ်ကို​မောင်နှမ​အပေါင်းတို့​က သင့်​ကို နှုတ်ဆက်လိုက်ကြ၏။ 22 သခင်ဘုရား​သည် သင်​နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။
တိမောသေ​ဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။