မှန်ကန်သော​အယူဝါဒ​ကို သွန်သင်ခြင်း
2
သင်​သည် မှန်ကန်သော​အယူဝါဒ​နှင့် ကိုက်ညီသည့်​အရာများ​ကို သွန်သင်​ရမည်။ 2 အသက်ကြီးသော​အမျိုးသားတို့​အား ကိုယ်ကျင့်တရား​စောင့်ထိန်းသူ၊ သိက္ခာ​ရှိသူ၊ မိမိကိုယ်ကိုယ်​ချုပ်တည်းသူ၊ စစ်မှန်သော​ယုံကြည်မှု ချစ်ခြင်းမေတ္တာ သည်းခံမှုတို့​နှင့်​ပြည့်ဝသူ ဖြစ်​ရန် အကြံပေးလော့။
3 ထိုနည်းတူ အသက်ကြီးသော​အမျိုးသမီးတို့​အား ဘုရားတရား​ကြည်ညို​၍ အတင်းအဖျင်း​မပြောသူ၊ သေရည်သေရက်​သောက်ကြူးသူ မဖြစ်ဘဲ ကောင်းသော​အရာများ​ကို သင်ပေးတတ်သူ ဖြစ်​ရန် အကြံပေးလော့။ 4 သို့ဖြစ်လျှင် သူတို့​သည် အသက်ငယ်သော​အမျိုးသမီးတို့​အား မိမိတို့​၏ ခင်ပွန်း​နှင့် သားသမီးများ​အပေါ် မေတ္တာထားသူ၊ 5 မိမိကိုယ်ကိုယ်​ချုပ်တည်းသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စ​ကို ကောင်းစွာ ထိန်းသိမ်းနိုင်သူ၊ ကြင်နာတတ်သူ၊ ခင်ပွန်းသည်​ကို နာခံသူ​များ ဖြစ်​ရန် သင်ပေးနိုင်​လိမ့်မည်။ သို့မှသာ မည်သူမျှ ဘုရားသခင်​၏​တရားတော်​ကို စော်ကား​နိုင်မည်​မဟုတ်။
6 ထိုနည်းတူ အသက်ငယ်သော​အမျိုးသားတို့​အား မိမိကိုယ်ကိုယ် ချုပ်တည်း​နိုင်ရန် နှိုးဆော်လော့။ 7 အရာရာ​၌ ကောင်းမှု​ကို ပြု​၍ သင်​ကိုယ်တိုင်​စံနမူနာ​ဖြစ်စေလော့။ သွန်သင်​ရာတွင် ရိုးသား​ပွင့်လင်းခြင်း၊ တည်ကြည်ခြင်း၊ 8 အပြစ်ဆိုဖွယ်​မရှိသည့် မှန်ကန်သော​စကား​ကို ပြောဆိုခြင်း​တို့​ဖြင့် သွန်သင်လော့။ ထိုအခါ သင့်​ကို ဆန့်ကျင်သော​သူတို့​သည် ကဲ့ရဲ့စရာ​အကြောင်း​မရှိ​သဖြင့် အရှက်ကွဲကြ​လိမ့်မည်။
9 မိမိ​သခင်တို့​ကို အရာရာ​၌ နာခံ​၍ စိတ်ကျေနပ်​အောင် ဆောင်ရွက်​ရန် ကျွန်တို့​အား သွန်သင်လော့။ ခွန်းတုံ့မခံ​ပြောခြင်း၊ 10 ခိုးဝှက်ခြင်း​တို့ မပြုဘဲ သစ္စာရှိ​၍ ယုံကြည်​စိတ်ချရသူများ ဖြစ်​စေရန် တိုက်တွန်းလော့။ ဤသို့ဖြင့် ကျွန်ုပ်တို့​၏ ကယ်တင်ရှင်​ဘုရားသခင်​အကြောင်း သွန်သင်ချက်​များ​သည် ပို​၍ စိတ်ဝင်စား​ဖွယ် ဖြစ်လာ​လိမ့်မည်။
11 အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့​ကို ကယ်တင်​ရန် ဘုရားသခင်​၏ ကျေးဇူးတော်​သည် ထင်ရှားလာ​သောကြောင့် ဖြစ်၏။ 12 ဤ​ကျေးဇူးတော်​သည် ကျွန်ုပ်တို့​အား ဘုရား​တရား​မဲ့ခြင်း​နှင့် လောကီ​တပ်မက်ခြင်း​ကို ငြင်းပယ်​၍ မိမိကိုယ်ကိုယ်​ချုပ်တည်းခြင်း၊ ဖြောင့်မတ်ခြင်း​နှင့် ဘုရားတရား​ကိုင်းရှိုင်းခြင်းတို့​ဖြင့် နေထိုင်​ရန် သွန်သင်ပေး၏။ 13 တစ်ချိန်တည်း​မှာပင် ကျွန်ုပ်တို့​သည် ကြီးမြတ်သည့်​ဘုရားသခင်​ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှု​ခရစ်တော် ဘုန်းအသရေ​နှင့် ကြွလာမည့် မင်္ဂလာ​ရက်မြတ်​ကို စောင့်မျှော်နေကြ၏။ 14 သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။ 15 သင်​သည် အထက်ပါ​အကြောင်းအရာများ​ကို သွန်သင်လော့။ အခွင့်​အာဏာ အပြည့်အဝ​ဖြင့် တိုက်တွန်း​၍ ဆုံးမလော့။ မည်သူမျှ သင့်​ကို မထီမဲ့မြင် မပြုပါစေနှင့်။