အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်​အပြီး ယဇ်ပူဇော်ခြင်း
10
ပညတ်တရား​သည် ပုံသဏ္ဌာန်​အစစ်အမှန်များ​မဟုတ်ဘဲ ဖြစ်ပေါ်လာမည့် ကောင်းကျိုးများ​၏ အရိပ်​မျှသာ​ဖြစ်၏။ ထို့ကြောင့် ထို​တူညီသော​ယဇ်​ကို နှစ်စဉ်​မပြတ် ယဇ်ပူဇော်ခြင်း​ဖြင့် ဝတ်ပြုသူတို့​ကို ပြီးပြည့်စုံ​စေရန် လုံးဝ​မတတ်နိုင်ပေ။ 2 အကယ်၍​သာ ထိုသို့​တတ်နိုင်​လျှင် ဝတ်ပြုသူတို့​ကို တစ်ကြိမ်တည်း​နှင့်​အပြီး စင်ကြယ်စေ​နိုင်​ပြီး အပြစ်​ရှိနေသေးသည်​ဟု မခံစားရ​တော့​သဖြင့် သူတို့​သည် ထပ်မံ၍ ယဇ်​မပူဇော်ဘဲ နေကြတော့မည်​မဟုတ်လော။ 3 သို့ရာတွင် ထို​ယဇ်ပူဇော်ခြင်း​သည် လူတို့​အပြစ်​ကို နှစ်စဉ်​အမှတ်ရ​စေ၏။ 4 အဘယ်ကြောင့်ဆိုသော် နွားထီး​နှင့် ဆိတ်တို့​၏ သွေး​သည် အပြစ်​ကို မဖယ်ရှားနိုင်​သောကြောင့်​ဖြစ်၏။
5 ထို့ကြောင့် ခရစ်တော်​သည် ဤ​လောက​သို့ ကြွလာ​သောအခါ ဘုရားသခင်​အား
“ကိုယ်တော်​သည် ယဇ်​နှင့် ပူဇော်စရာ​ကို အလိုတော်​မရှိ​သောကြောင့်
အကျွန်ုပ်​အတွက် ကိုယ်ခန္ဓာ​ကို ပြင်ဆင်တော်မူ၏။
6 ကိုယ်တော်​သည် မီးရှို့ရာ​ယဇ်​နှင့် အပြစ်ဖြေရာ​ယဇ်တို့​ကို
နှစ်သက်တော်မမူ။
7 သို့ဖြစ်၍ အကျွန်ုပ်​လျှောက်ထားသည်​မှာ ‘အို ဘုရားသခင်… ကျမ်းစာလိပ်​တွင် အကျွန်ုပ်​အကြောင်း​ကို ရေးသားထားသည့်​အတိုင်း
ကိုယ်တော်​၏ အလိုတော်​ကို ဆောင်ရွက်​ရန် အကျွန်ုပ် ရောက်လာပါ၏’ ဟူ၍ ဖြစ်သည်”a
ဟု လျှောက်ထားတော်မူ၏။ 8 ရှေးဦးစွာ ခရစ်တော်​က “ကိုယ်တော်​သည် ပညတ်တရား​အတိုင်း ပူဇော်ရသော​ယဇ်​နှင့် ပူဇော်စရာ၊ မီးရှို့ရာ​ယဇ်​နှင့် အပြစ်ဖြေရာ​ယဇ်တို့​ကို အလိုတော်​မရှိ။ နှစ်သက်တော်မူခြင်း​လည်း​မရှိ” ဟု ဆိုလေ၏။ 9 ထို့နောက် ခရစ်တော်​က ထပ်မံ​၍ “ကိုယ်တော်​၏ အလိုတော်​ကို ဆောင်ရွက်​ရန် အကျွန်ုပ် ရောက်လာပါ၏” ဟု ဆို၏။ ထို့ကြောင့် ခရစ်တော်​သည် ဒုတိယ​ပဋိညာဉ်​ကို အတည်ဖြစ်စေ​ရန် ပထမ​ပဋိညာဉ်​ကို ပယ်ဖျက်တော်မူခဲ့၏။ 10 ထို​အလိုတော်​နှင့်အညီ ယေရှု​ခရစ်တော်​၏ ကိုယ်ခန္ဓာ​ကို တစ်ကြိမ်တည်း​နှင့်​အပြီး ပူဇော်ခြင်း​ဖြင့် ကျွန်ုပ်တို့​သည် စင်ကြယ်စေခြင်း​ခံကြရ၏။
11 ယဇ်ပုရောဟိတ်​တိုင်း​သည် နေ့စဉ် ရပ်​လျက် မိမိ​တာဝန်​ကို ဆောင်ရွက်​ကာ အပြစ်​ကို လုံးဝ​မဖြေနိုင်သော ထို​ယဇ်များ​ကို အကြိမ်ကြိမ် ပူဇော်ကြရ၏။ 12 သို့သော် ခရစ်တော်​မှာမူ အပြစ်ဖြေ​ရန် ထာဝရ​အတွက် တစ်ခုတည်းသော​ယဇ်​ကို ပူဇော်တော်မူ၏။ ထို့နောက် ဘုရားသခင်​၏ လက်ယာတော်ဘက်​၌ ထိုင်တော်မူ၏။ 13 ထို​အချိန်​မှစ၍ မိမိ​၏​ရန်သူများ​ကို မိမိ​၏​ခြေတင်ခုံ​အဖြစ် ချထား​ရန် စောင့်​လျက် နေတော်မူ၏။ 14 ကိုယ်တော်​သည် စင်ကြယ်စေခြင်း​ခံရသော​သူတို့​အား တစ်ခုတည်းသော ပူဇော်စရာ​ဖြင့် ထာဝရ​ပြီးပြည့်စုံ​စေတော်မူ၏။
15 သန့်ရှင်းသော​ဝိညာဉ်တော်​ကလည်း ကျွန်ုပ်တို့​အား သက်သေခံသည်​မှာ
16 “ဘုရားသခင်​က ‘ထို​ကာလ​ပြီးနောက်
ငါ​သည် သူတို့​နှင့် ပဋိညာဉ်​ဖွဲ့မည်။
ငါ့​ပညတ်တရား​ကို သူတို့​အသိဉာဏ်​၌ ထည့်သွင်း​၍
သူတို့​၏ နှလုံးသား​၌ ရေးထားမည်’b ဟု မိန့်တော်မူ၏”
ဟူ၍ ဖြစ်၏။
17 ထို့ပြင် ဘုရားသခင်​က
“ငါ​သည် သူတို့​၏ ဒုစရိုက်များ​နှင့် အပြစ်များ​ကို
မေ့ပစ်မည်”c
ဟူ၍ မိန့်တော်မူ၏။
18 ထို​အပြစ်တို့​ကို ခွင့်လွှတ်တော်မူ​ပြီး​သောအခါ အပြစ်​ဖြေခြင်း​အတွက် ပူဇော်စရာ​မလိုအပ်တော့ပေ။
သည်းခံ​ရန် တိုက်တွန်းခြင်း
19 ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​သည် ယေရှု​၏ အသွေးတော်​အားဖြင့် သန့်ရှင်းရာ​ဌာနတော်​သို့ ယုံကြည်စိတ်ချ​စွာ ဝင်နိုင်၏။ 20 ကိုယ်တော်​သည် မိမိ​ကိုယ်ခန္ဓာ​ဟူသော ကန့်လန့်ကာ​မှတစ်ဆင့် ကျွန်ုပ်တို့​အတွက် အသက်ရှင်သော​လမ်းသစ်​ကို ဖွင့်ပေးတော်မူ၏။ 21 ထို့ပြင် ကျွန်ုပ်တို့​တွင် ဘုရားသခင်​၏ အိမ်တော်​ကို အုပ်စိုး​သည့် ယဇ်ပုရောဟိတ်မင်း​ရှိ၏။ 22 သို့ဖြစ်၍ ကျွန်ုပ်တို့​၏​စိတ်နှလုံးသား​ကို အပြစ်ရှိကြောင်း​ထင်မှတ်သော​အသိစိတ်​မှ ရှင်းလင်း​စေရန် ကိုယ်တော်​၏​အသွေးတော်​ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာ​ကိုလည်း သန့်စင်သော​ရေ​ဖြင့် ဆေးကြောခြင်းတို့​ကို ခံယူ​လျက် စစ်မှန်သော​စိတ်နှလုံး​နှင့် ယုံကြည်ခြင်း​ကြောင့် ဖြစ်တည်သော စိတ်ချမှု​အပြည့်​ဖြင့် ဘုရားသခင်​ထံ ချဉ်းကပ်ကြပါစို့။ 23 ကတိပေးတော်မူသော​အရှင်​သည် သစ္စာရှိတော်မူ​သောကြောင့် ကျွန်ုပ်တို့​ဝန်ခံသော​မျှော်လင့်ချက်​ကို မယိမ်းယိုင်ဘဲ စွဲကိုင်ကြပါစို့။ 24 မေတ္တာ​ထား​ရန်​နှင့် ကောင်းမှုပြု​ရန် အချင်းချင်း မည်သို့​နှိုးဆော်​ရမည်​ကို စဉ်းစား​ဆင်ခြင်ကြပါစို့။ 25 စည်းဝေးခြင်း​ကို လူတချို့​လွှဲရှောင်​သကဲ့သို့ မလွှဲရှောင်ဘဲ အချင်းချင်း​အားပေး​တိုက်တွန်းကြလော့။ ကိုယ်တော်​ပြန်လည်ကြွလာမည့်​နေ့ရက်​သည် နီးကပ်လာသည်​ကို ထောက်​လျက် ပို​၍ တိုက်တွန်းကြလော့။ 26 ကျွန်ုပ်တို့​သည် သမ္မာတရား​ကို သိရှိ​ပြီးနောက် တမင်တကာ ဆက်လက် အပြစ်​ကျူးလွန်နေ​လျှင် ထို​အပြစ်​အတွက် အပြစ်ဖြေရာယဇ် မရှိတော့ပေ။ 27 ဘုရားသခင်​၏ တရားစီရင်ခြင်း​ကို​လည်းကောင်း၊ ရန်သူများ​ကို လောင်စေမည့်​ပြင်းထန်သော​မီး​ကို​လည်းကောင်း ကြောက်ရွံ့​လျက် စောင့်နေရုံ​မျှသာ ရှိတော့မည်။ 28 မောရှေ​၏ ပညတ်တရား​ကို နာခံ​ရန် ငြင်းဆန်သောသူ​သည် သက်သေခံ​သူ နှစ်ဦး၊ သုံးဦး​၏​ထွက်ဆိုချက်​အရ သက်ညှာခြင်း​ကို မခံရဘဲ သေဒဏ်ပေးခြင်း​ကို ခံရ၏။ 29 သို့​ဖြစ်လျှင် ဘုရားသခင်​၏​သားတော်​ကို နင်းခြေ​၍ မိမိ​အား စင်ကြယ်စေသည့်​ပဋိညာဉ်​နှင့်ဆိုင်သော​အသွေး​ကို မသန့်ရှင်းသော​အရာ​အဖြစ် သဘောထား​ကာ ကျေးဇူးပြုတော်မူသော​ဝိညာဉ်တော်​ကို စော်ကားသူ​သည် မည်မျှ ပို​၍ ပြင်းထန်သော​ပြစ်ဒဏ်​ကို ခံထိုက်သည်​ဟု သင်တို့​ထင်သနည်း။ 30 အဘယ်ကြောင့်ဆိုသော်
“လက်တုံ့ပြန်ခြင်း​သည် ငါ့​တာဝန် ဖြစ်၏။
သူတို့​ကို အပြစ်​နှင့်​အလျောက် ငါ​ဆပ်ပေးမည်”d
ဟူ၍​လည်းကောင်း၊
“ထာဝရဘုရား​သည် မိမိ​လူမျိုး​ကို တရားစီရင်တော်မူ​လိမ့်မည်”e
ဟူ၍​လည်းကောင်း မိန့်တော်မူသည့် အရှင်​ကို ကျွန်ုပ်တို့​သိကြ​သောကြောင့်​ဖြစ်၏။
31 အသက်ရှင်​တော်မူသော ဘုရားသခင်​၏ လက်တော်​သို့ ကျရောက်ရခြင်း​သည် ကြောက်မက်ဖွယ်​ကောင်းလှ၏။
32 သင်တို့​သည် အလင်း​သို့ ရောက်​ပြီးနောက် ပြင်းထန်သော​ဆင်းရဲဒုက္ခများ​ကို ခံစားခဲ့ကြရ​သော်လည်း ကြံကြံ့ခံခဲ့သည့် ယခင်​နေ့ရက်များ​ကို သတိရကြလော့။ 33 တစ်ခါတစ်ရံ​တွင် သင်တို့​သည် လူရှေ့​သူရှေ့​၌ ကဲ့ရဲ့​ရှုတ်ချခြင်း​နှင့် ညှဉ်းဆဲခြင်း​တို့​ကို ခံကြရ၏။ တစ်ခါတစ်ရံ ထိုသို့​ခံရသူများ​ကို ကူညီပေး​ကြရ၏။ 34 သင်တို့​သည် အကျဉ်းကျ​နေသူများ​အပေါ် စာနာစိတ်​ထားကြ၏။ ဥစ္စာပစ္စည်းများ​ကို အဓမ္မ​လုယူခံရ​သော်လည်း ဝမ်းမြောက်​စွာ လက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ထို​အရာများ​ထက် ပိုမို​ကောင်းမြတ်ပြီး ထာဝရ​တည်မြဲသော​အရာများ​ကို ပိုင်ဆိုင်ထားသည်​ကို သိကြ​သောကြောင့်​ဖြစ်၏။
35 ထို့ကြောင့် သခင်ဘုရား​အပေါ် သင်တို့​၏ စိတ်ချယုံကြည်မှု​ကို မစွန့်ပစ်ကြနှင့်။ ၎င်း​သည် သင်တို့​အား ကြီးမားသော​ဆုလာဘ်​ကို ခံစားစေ​လိမ့်မည်။ 36 ဘုရားသခင်​၏​အလိုတော်​ကို ဆောင်ရွက်​နိုင်ရန်​နှင့် ကတိထားသော​အရာ​ကို ရရှိ​နိုင်ရန် သင်တို့​သည် သည်းခံစိတ်​မွေး​ရမည်။
37 အဘယ်ကြောင့်ဆိုသော်
“ကြွလာတော်မူမည့် အရှင်​သည် မနှောင့်နှေးဘဲ
အချိန်​အနည်းငယ်​အတွင်း ကြွလာ​လိမ့်မည်။f
38 ငါ​၏ ဖြောင့်မတ်သောသူ​သည် ယုံကြည်ခြင်း​အားဖြင့် အသက်ရှင်​လိမ့်မည်။
သို့သော် ငါg​သည် နောက်ပြန်လှည့်တတ်သူများ​ကို နှစ်သက်မည်​မဟုတ်”h
ဟု ဖော်ပြထား​သောကြောင့်​ဖြစ်၏။ 39 သို့ရာတွင် ကျွန်ုပ်တို့​သည် နောက်ပြန်လှည့်​၍ ပျက်စီးနေသူများ​မဟုတ်ဘဲ ယုံကြည်​၍ ကယ်တင်ခံရသော​သူများ​ဖြစ်ကြ၏။