ဝိညာဉ်ရေး​နှင့်ဆိုင်သော​နို့ရည်​အစစ်
2
ထို့ကြောင့် အမျိုးမျိုးသော မလိုမုန်းထား​ဖြစ်ခြင်း​မှစ၍ ရှိသမျှသော​လှည့်စားခြင်း၊ သူတော်ကောင်း​ယောင်ဆောင်ခြင်း၊ မနာလိုခြင်း၊ အသရေဖျက်ခြင်း​အားလုံးတို့​ကို ဖယ်ရှားကြလော့။ 2-3 သခင်ဘုရား​၏​ကျေးဇူးတော် မည်မျှ​ချိုမြိန်သည်​ကို ယခု သင်တို့​မြည်းစမ်းခဲ့ပြီ​ဖြစ်၏။ ထို့ကြောင့် မွေးကင်းစ​ကလေးများ​ကဲ့သို့ ဝိညာဉ်ရေး​ဆိုင်ရာ​နို့ရည်​အစစ်​ကို တောင့်တကြလော့။ သို့မှသာ သင်တို့​သည် ကယ်တင်ခြင်း​ကို အပြည့်အဝ​ခံစားရမည့်​အချိန်​တိုင်အောင် ကြီးထွား​လိမ့်မည်။
အသက်ရှင်သော​ကျောက်​နှင့် ရွေးကောက်ခံရသော​လူမျိုး
4 လူတို့​၏​ငြင်းပယ်ခြင်း​ကို ခံရ​သော်လည်း အဖိုးတန်သော​အရာ​အဖြစ် ဘုရားသခင်​ရွေးချယ်တော်မူသည့် အသက်ရှင်သော​ကျောက်​ဖြစ်သည့် ခရစ်တော်​ထံသို့ သင်တို့​လာကြ၏။ 5 သင်တို့​သည်လည်း အသက်ရှင်သော​ကျောက်များ​ကဲ့သို့ ဝိညာဉ်ရေးရာ​အိမ်တော်​တည်ဆောက်ရာ​တွင် ပါဝင်​အသုံးခံကြ၏။ ဤ​သည်​မှာ သင်တို့​သည် သန့်ရှင်းသော​ယဇ်ပုရောဟိတ်​မျိုး​ဖြစ်​၍ ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​နှစ်သက်ဖွယ် ဝိညာဉ်ရေးရာ​ပူဇော်စရာများ​ကို ပူဇော်​နိုင်ရန်​ဖြစ်၏။ 6 အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​၌
“ကြည့်ရှုလော့။ ရွေးချယ်ထားသည့် အဖိုးတန်သော​ထောင့်ချုပ်ကျောက်​ကို ဇိအုန်မြို့​၌ ငါ​ချထားမည်။
ကိုယ်တော်​ကို ယုံကြည်သောသူ​သည်
မည်သည့်​အခါမျှ အရှက်ရမည်​မဟုတ်”a
ဟု ဆိုထား​သောကြောင့်​ဖြစ်၏။ 7 ထို့ကြောင့် ယုံကြည်သော​သင်တို့​အတွက် ဤ​ကျောက်​သည် ဂုဏ်သရေ​ရှိ၏။ မယုံကြည်သော​သူတို့​အတွက်​မှာမူ
“တိုက်ဆောက်သူတို့​ပယ်ထားသည့်​ကျောက်​သည်
အရေးပါသော​ထောင့်ချုပ်ကျောက်​ဖြစ်လာ၏”
ဟု ဆို၏။ 8 ထို့အပြင် ကျမ်းစာ​၌
“၎င်း​သည် ဆူးငြောင့်ခလုတ်​ဖြစ်သော​ကျောက်၊
တိုက်မိ​၍​လဲစရာ​ဖြစ်သော​ကျောက် ဖြစ်၏”
ဟု ဖော်ပြထား၏။ သူတို့​သည် နှုတ်ကပတ်တော်​ကို မနာခံ​သောကြောင့် ထိမိ​၍​လဲကြ၏။ ဤ​ထိမိ​၍​လဲခြင်း​သည် သူတို့​အတွက် ကြိုတင်​သတ်မှတ်ထားသော​အရာ​ဖြစ်၏။
9 သို့သော် သင်တို့​မှာမူ ရွေးကောက်ခံရသော​အမျိုး၊ တော်ဝင်​ယဇ်ပုရောဟိတ်​အမျိုး၊ သန့်ရှင်းသော​လူမျိုး၊ ဘုရားသခင်​ပိုင်ဆိုင်သော​လူမျိုး​ဖြစ်ကြ၏။ ဤသည်​မှာ သင်တို့​ကို အမှောင်​ထဲမှ အံ့ဖွယ်​အလင်း​ထဲသို့ ခေါ်တော်မူသော​ဘုရားသခင်​ပြုသည့် အံ့ဩဖွယ်​အမှုများ​ကို ကြွေးကြော်​ရန်​ဖြစ်၏။ 10 တစ်ချိန်​က သင်တို့​သည် ဘုရားသခင်​၏​လူမျိုး​မဟုတ်​သော်လည်း ယခု သင်တို့​သည် ဘုရားသခင်​၏​လူမျိုး​ဖြစ်ကြပြီ။ တစ်ချိန်​က သင်တို့​သည် ကရုဏာတော်​ကို မခံစားရ​သော်လည်း ယခု​တွင် ကရုဏာတော်​ကို ခံစားကြရပြီ။
ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​အလယ်​၌ ကောင်းမွန်​စွာ ပြုမူနေထိုင်ခြင်း
11 ချစ်ရသော​သူတို့… သင်တို့​သည် ခေတ္တ​တည်းခိုသူ​ဧည့်သည်များ​ဖြစ်သည့်​အားလျော်​စွာ သင်တို့​၏​စိတ်ဝိညာဉ်​အား ဆန့်ကျင်​တိုက်ခိုက်နေသော လူ့​ဗီဇစိတ်​အလို​ကို မလိုက်​ရန် ကျွန်ုပ်​တိုက်တွန်း၏။ 12 ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​အလယ်တွင် ကောင်းမွန်စွာ​ပြုမူနေထိုင်ကြလော့။ သို့ပြုလျှင် ထို​သူတို့​သည် သင်တို့​ကို မကောင်းမှု​ပြုသူများ​ဟု အသရေဖျက်ကြ​သော်လည်း သင်တို့​၏ ကောင်းသော​အကျင့်​ကို ထောက်​၍ ဘုရားသခင် ကြည့်ရှု​စီရင်တော်မူသော​နေ့​၌ ကိုယ်တော်​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။
13 သခင်ဘုရား​၏ မျက်နှာတော်​ကို ထောက်​၍ လူတို့​၏​အုပ်ချုပ်မှု​ကို နာခံကြလော့။ အကြီးဆုံးသော​အာဏာပိုင်​ရှင်ဘုရင်​၏ အုပ်ချုပ်မှု​ကို ဖြစ်စေ၊ 14 ရှင်ဘုရင်​ခန့်ထားသည့် ဘုရင်ခံတို့​ကို​ဖြစ်စေ နာခံကြလော့။ ထို​ဘုရင်ခံတို့​သည် ဒုစရိုက်သားများ​ကို အပြစ်ပေး​ရန်​နှင့် ကောင်းမှု​ပြုသူများ​ကို ချီးမွမ်း​ရန် ခန့်ထားခြင်း​ခံရသူများ​ဖြစ်၏။ 15 အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ကောင်းမှု​ပြုခြင်း​ဖြင့် မိုက်မဲသော​သူတို့​၏ အသိဉာဏ်​မဲ့သော​စကား​ကို တိတ်ဆိတ်​စေရန် ဘုရားသခင်​အလိုရှိတော်မူ​သောကြောင့်​ဖြစ်၏။ 16 လွတ်လပ်သူများ​အဖြစ် နေထိုင်ကြလော့။ သို့ရာတွင် မကောင်းမှု​ပြု​ရန် ထို​လွတ်လပ်မှု​ကို ဆင်ခြေ​အဖြစ် အသုံးမချဘဲ ဘုရားသခင်​၏​ကျွန်​အဖြစ် ပြုမူ​နေထိုင်ကြလော့။ 17 လူတိုင်း​ကို​လေးစားကြလော့။ ယုံကြည်သူ​ညီအစ်ကို​မောင်နှမတို့​ကို ချစ်ကြလော့။ ဘုရားသခင်​ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်​ကို ရိုသေကြလော့။
ခရစ်တော်​၏ ဆင်းရဲဒုက္ခ​ခံရခြင်း စံနမူနာ
18 အစေခံတို့… သင်တို့​သည် စိတ်ထား​ကောင်း​၍ ထောက်ထား​ညှာတာတတ်သော​သခင်တို့​ကို​သာမက ရက်စက်​ကြမ်းကြုတ်သော​သခင်တို့​ကိုလည်း အစဉ်​ရိုသေ​လျက် နာခံကြလော့။ 19 တစ်စုံတစ်ဦး​သည် မိမိ​မခံထိုက်သော ဆင်းရဲဒုက္ခ​ကို​ခံရ​သောအခါ ဘုရားသခင်​၏​မျက်နှာတော်​ကို ထောက်​၍ သည်းခံ​လျှင် ဘုရားသခင်​နှစ်သက်ဖွယ်​ဖြစ်၏။ 20 သင်တို့​သည် ပြစ်မှား​၍ ရိုက်နှက်​ခံရ​သောအခါ သည်းခံ​လျှင် မည်သည့်​ဂုဏ်ယူစရာ​ရှိမည်နည်း။ သို့သော် ကောင်းမှု​ပြု​၍ ရိုက်နှက်​ခံရ​သောအခါ သည်းခံ​လျှင် ဘုရားသခင်​ရှေ့တော်​၌ ချီးကျူးထိုက်ဖွယ်​ဖြစ်၏။ 21 ထိုသို့ ဒုက္ခ​ဆင်းရဲ​ခံရ​လျှင်ပင် ကောင်းမှု​ပြုရန် သင်တို့​ကို ဘုရားသခင်​ရွေးကောက်တော်မူ၏။ ခရစ်တော်​သည်လည်း သင်တို့​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​၍ မိမိ​ခြေရာတော်​ကို သင်တို့​လိုက်​နိုင်ရန် စံနမူနာ​ထားခဲ့တော်မူ၏။ 22 “ကိုယ်တော်​သည် အပြစ်​မကျူးလွန်။ မည်သည့်​အခါ​မျှ မလိမ်လည်။”b 23 ပုတ်ခတ်​ပြောဆို​ခံရ​သောအခါ ပြန်​၍​မတုံ့ပြန်။ ဆင်းရဲဒုက္ခ​ကို​ခံရ​သောအခါ လက်စားချေမည်​ဟု ခြိမ်းခြောက်တော်​မမူဘဲ ဖြောင့်မတ်​စွာ စီရင်တော်မူသော ဘုရားသခင်​ထံ မိမိ​အမှု​ကို အပ်နှံတော်မူ၏။ 24 ကျွန်ုပ်တို့​သည် အပြစ်​မကျူးလွန်တော့ဘဲ ဖြောင့်မတ်​စွာ ပြုမူနေထိုင်​နိုင်ရန် ကိုယ်တော်​သည် သစ်တိုင်c​ပေါ်၌ အသေခံခြင်း​အားဖြင့် ကိုယ်ခန္ဓာတော်​၌ ကျွန်ုပ်တို့​၏​အပြစ်များ​အတွက် ပြစ်ဒဏ်​ခံတော်မူ၏။ ကိုယ်တော်​၏​ဒဏ်ရာဒဏ်ချက်များ​ကြောင့် သင်တို့​သည် အနာ​ပျောက်ကင်းကြ၏။ 25 သင်တို့​သည် ယခင်​က လမ်းလွဲ​၍ ပျောက်သော​သိုးများ​နှင့်​တူကြ၏။ သို့သော် ယခု​တွင် သင်တို့​၏ စိတ်ဝိညာဉ်​ကို ကြည့်ရှု​ပြုစုသော သိုးထိန်း​ထံသို့ ပြန်ရောက်ကြပြီ။