2
ကျွန်ုပ်​၏​သား​သမီးတို့… သင်တို့ အပြစ်​မကျူးလွန်​စေရန် ဤ​အကြောင်းအရာများ​ကို ကျွန်ုပ်​ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်​အပြစ်ကျူးလွန်​လျှင် ခမည်းတော်​ထံတွင် ကျွန်ုပ်တို့​အတွက် ကူညီမစမည့်သူ​ဖြစ်သည့် ဖြောင့်မတ်သော​အရှင် ယေရှု​ခရစ်တော်​ရှိ၏။ 2 ကိုယ်တော်​သည် ကျွန်ုပ်တို့​၏​အပြစ်များ​အတွက်​သာမက လောကီသား​အပေါင်းတို့​၏​အပြစ်များ​အတွက်​လည်း အပြစ်ဖြေရာ​ယဇ်​ဖြစ်တော်မူ၏။
3 ကျွန်ုပ်တို့​သည် ပညတ်တော်တို့​ကို လိုက်နာ​လျှင် ဘုရားသခင်​ကို သိကျွမ်းသော​သူများ​ဖြစ်ကြောင်း သိရ၏။ 4 “ဘုရားသခင်​ကို ငါ​သိ၏” ဟု ဆို​သော်လည်း ဘုရားသခင်​၏ ပညတ်တော်တို့​ကို မလိုက်နာသောသူ​သည် လိမ်လည်သောသူ​ဖြစ်၏။ ထို​သူ​၌ သမ္မာတရား​မရှိ။ 5 ဘုရားသခင်​၏​စကားတော်​ကို နားထောင်သောသူ​သည် ဘုရားသခင်​ကို အကြွင်းမဲ့​ချစ်သောသူ​ဖြစ်၏။ ဤသို့ဖြင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သည်​ကို သိကြ၏။ 6 ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်ကြောင်း ကြွေးကြော်သောသူ​သည် ယေရှု​ကဲ့သို့ အသက်ရှင်​နေထိုင်​ရမည်။
ပညတ်သစ်
7 ချစ်ရသော​သူတို့… သင်တို့​ထံ ကျွန်ုပ်​ရေးပို့လိုက်သော ပညတ်​သည် ပညတ်သစ်​မဟုတ်။ အစဦး​ကပင် သင်တို့​၌ ရှိသော ပညတ်ဟောင်း​ဖြစ်၏။ ဤ​ပညတ်ဟောင်း​သည် သင်တို့​ကြားခဲ့ပြီးသော တရားတော်​ဖြစ်၏။ 8 သို့ရာတွင် ၎င်း​သည် ပညတ်သစ်​လည်း ဖြစ်၏။ ဤ​ပညတ်သစ်​သည် အသစ်​ဖြစ်ကြောင်း​ကို ယေရှု​ခရစ်တော်​၌​လည်းကောင်း၊ သင်တို့​၌​လည်းကောင်း အမှန်​ပင် မြင်တွေ့​ရ၏။ အဘယ်ကြောင့်ဆိုသော် အမှောင်​သည် ပျောက်ကွယ်​၍ စစ်မှန်သော​အလင်း​သည် ထွန်းလင်း​လျက်​ရှိ​သောကြောင့် ဖြစ်၏။
9 “ငါ​သည် အလင်း​ထဲတွင် ရှိသည်” ဟု ဆို​လျက်နှင့် မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်းတီးသောသူ​သည် အမှောင်​ထဲတွင် ရှိနေ​သေး၏။ 10 ညီအစ်ကို​မောင်နှမ​ကို ချစ်သောသူ​သည် အလင်း​ထဲတွင် ရှိ​၍ မိမိ​ကြောင့် သူတစ်ပါး​အပြစ်​ကျူးလွန်​ရသည့်​အကြောင်း ထို​သူ​၌ မရှိ။ 11 သို့သော် ညီအစ်ကို​မောင်နှမ​ကို မုန်းသောသူ​သည် အမှောင်​ထဲတွင် ရှိ​၍ အမှောင်​ထဲတွင် ကျင်လည်၏။ အမှောင်ထု​သည် ထို​သူ​အား ကွယ်စေ​သောကြောင့် သူ​သည် မည်သည့်​နေရာ​သို့ သွားနေသည်​ကိုပင် မသိ။
12 သားသမီးတို့… သင်တို့​သည် ကိုယ်တော်​၏ နာမတော်​အားဖြင့် အပြစ်များ​ခွင့်လွှတ်ခြင်း​ခံထားရ​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။ 13 ဖခင်တို့… သင်တို့​သည် အစဦး​ကပင်​ရှိတော်မူသော​အရှင်​ကို သိ​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။ လူငယ်တို့… သင်တို့​သည် မာရ်နတ်​ကို အောင်နိုင်​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။
14 သားသမီးတို့… သင်တို့​သည် ခမည်းတော်​ကို သိ​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။ ဖခင်တို့… သင်တို့​သည် အစဦး​ကပင်​ရှိတော်မူသော​အရှင်​ကို သိ​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။ လူငယ်တို့… သင်တို့​သည် ခွန်အားကြီး​၍ ဘုရားသခင်​၏ နှုတ်ကပတ်တော်​သည် သင်တို့​၌ တည်​လျက် မာရ်နတ်​ကို အောင်နိုင်​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။
15 လောက​ကိုလည်းကောင်း၊ လောက​တွင် ရှိသော​အရာတို့​ကို​လည်းကောင်း မချစ်ကြနှင့်။ လောက​ကို ချစ်သောသူ​သည် ခမည်းတော်​ကို မချစ်။ 16 အဘယ်ကြောင့်ဆိုသော် လောက​၌ ရှိသမျှသော အသွေးအသား​၏​တပ်မက်ခြင်း၊ မျက်စိ​၏​တပ်မက်ခြင်း၊ စည်းစိမ်​ကြွားဝါခြင်း​တို့​သည် ခမည်းတော်​ထံမှ မဟုတ်ဘဲ ဤ​လောက​မှ လာ​သောကြောင့်​ဖြစ်၏။ 17 လောက​နှင့် ထို​လောကီ​တပ်မက်ခြင်းများ​သည် ကွယ်ပျောက်သွား​လိမ့်မည်။ သို့သော် ဘုရားသခင်​၏ အလိုတော်​အတိုင်း ဆောင်ရွက်သောသူ​မှာမူ ထာဝရ​ရှင်သန်​လိမ့်မည်။
သားတော်​ကို မငြင်းပယ်​ရန် သတိပေးခြင်း
18 သားသမီးတို့… ဤ​ကာလ​သည် နောက်ဆုံးသော​ကာလ​ဖြစ်၏။ ခရစ်တော်​၏​ရန်သူ ရောက်လာကြောင်း​ကို သင်တို့​ကြားသည့်​အတိုင်း ယခု​ပင် ခရစ်တော်​၏​ရန်သူ​များစွာ ရောက်လာကြပြီ။ ထို့ကြောင့် ဤ​ကာလ​သည် နောက်ဆုံးသော​ကာလ​ဖြစ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။ 19 ထို​သူတို့​သည် ကျွန်ုပ်တို့​ထံမှ ထွက်သွား​သော်လည်း ကျွန်ုပ်တို့​နှင့် အမှန်တကယ် မသက်ဆိုင်ကြ။ ကျွန်ုပ်တို့​နှင့်​သက်ဆိုင်​လျှင် ကျွန်ုပ်တို့​နှင့်အတူ နေရစ်​လိမ့်မည်။ သို့သော် ထိုသို့​ထွက်သွားခြင်း​ဖြင့် သူတို့​အားလုံး​သည် ကျွန်ုပ်တို့​နှင့် မသက်ဆိုင်ကြောင်း ပေါ်လွင်ထင်ရှား​လျက်​ရှိ၏။
20 သို့သော် သင်တို့​မှာမူ သန့်ရှင်းသော​အရှင်​ထံမှ ဘိသိက်ပေးခြင်း​ခံရ​သဖြင့် သမ္မာတရား​ကို သိကြ၏။ 21 သမ္မာတရား​ကို သင်တို့​မသိ​သောကြောင့် ကျွန်ုပ်​ရေးလိုက်သည် မဟုတ်။ သမ္မာတရား​ကို​လည်းကောင်း၊ လိမ်လည်ခြင်း​အမျိုးမျိုး​သည် သမ္မာတရား​နှင့် မသက်ဆိုင်သည်​ကို​လည်းကောင်း သင်တို့​သိ​သောကြောင့် ကျွန်ုပ်​ရေးလိုက်ခြင်း​ဖြစ်၏။ 22 မည်သူ​သည် လိမ်လည်သူ​ဖြစ်သနည်း။ ယေရှု​သည် ခရစ်တော်​ဖြစ်ကြောင်း ငြင်းပယ်သူ​သည် လိမ်လည်သူ​ဖြစ်၏။ ထိုသို့သော​သူ​သည် ခမည်းတော်​နှင့်​သားတော်​ကို ငြင်းပယ်သူ​ဖြစ်​၍ ခရစ်တော်​၏​ရန်သူ​ဖြစ်၏။ 23 သားတော်​ကို ငြင်းပယ်သူ​သည် ခမည်းတော်​ကို မသိကျွမ်း။ သားတော်​ကို ဝန်ခံသူ​သည် ခမည်းတော်​ကို သိကျွမ်း၏။
24 ထို့ကြောင့် အစဦး​ကပင် ကြားခဲ့ရသော အရာ​ကို သင်တို့​၌ တည်စေကြလော့။ ထိုသို့​တည်​လျှင် သင်တို့​သည် သားတော်​၌​လည်းကောင်း၊ ခမည်းတော်​၌​လည်းကောင်း တည်နေ​လိမ့်မည်။ 25 ဤသည်​မှာ ကျွန်ုပ်တို့​အား ခရစ်တော်​ကတိပြုတော်မူသည့် ထာဝရ​အသက်​ဖြစ်၏။
26 သင်တို့​အား လမ်းလွဲ​စေရန် ကြိုးစားနေသော​သူများ​အကြောင်း​ကို သင်တို့​ထံ ကျွန်ုပ်​ရေးလိုက်၏။ 27 သို့သော် ကိုယ်တော်​သည် မိမိ​ဝိညာဉ်တော်​ကို သင်တို့​အပေါ် သွန်းလောင်းတော်မူပြီ။ ထို​ဝိညာဉ်တော်​သည် သင်တို့​ထဲ၌ ကိန်းအောင်း​၍ သင်တို့​အား အရာ​အားလုံး​ကို သွန်သင်ပေးတော်မူ​သဖြင့် မည်သူ​မျှ သင်တို့​ကို သွန်သင်ပေး​ရန် မလိုအပ်ပါ။ ဝိညာဉ်တော်​သွန်သင်ပေးတော်မူသော​အရာတို့​သည် မှန်ကန်​၍ အမှား​မရှိ။ ထို့ကြောင့် သင်တို့​သည် ထို​သွန်သင်မှု​အတိုင်း ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိကြလော့။
ဘုရားသခင်​၏ သားသမီးများ​အဖြစ် နေထိုင်ခြင်း
28 သားသမီးတို့… ကိုယ်တော်​ကြွလာတော်မူ​သောအခါ ကျွန်ုပ်တို့​သည် ရှေ့တော်​၌ ရှက်ကြောက်​နေစရာ​မလိုဘဲ စိတ်ချ​ယုံကြည်မှု​ရှိ​နိုင်ရန်​အတွက် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိကြလော့။ 29 ကိုယ်တော်​သည် ဖြောင့်မတ်တော်မူကြောင်း​ကို သင်တို့​သိ​လျှင် ဖြောင့်မတ်​စွာ ပြုမူသော​သူတို့​သည် ကိုယ်တော်​ထံမှ ပေါက်ဖွားလာသော​သူ ဖြစ်သည်​ကို သင်တို့​သိကြ၏။