ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင်
နှုတ်ခွန်းဆက်စကား
1
အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်းခံရသောအမျိုးသမီးနှင့် သူ၏ သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ကျွန်ုပ်တစ်ဦးတည်းသာမက သမ္မာတရားကို သိသောသူအပေါင်းတို့ကလည်း ချစ်ခင်ကြ၏။ 2 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ထဲတွင် တည်နေ၍ ကျွန်ုပ်တို့နှင့် အစဉ်မပြတ်ရှိနေမည့် သမ္မာတရားကြောင့်ဖြစ်၏။3 ခမည်းတော်ဘုရားသခင်ထံမှလည်းကောင်း၊ ခမည်းတော်၏သားတော် ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်းချမ်းခြင်းသည် သမ္မာတရားကို သိ၍ အချင်းချင်းချစ်ကြသောကျွန်ုပ်တို့အပေါ် သက်ရောက်ပါစေသော။
သမ္မာတရား၌ ကျင်လည်ခြင်း
4 ကျွန်ုပ်တို့အား ခမည်းတော်ပညတ်တော်မူသည့်အတိုင်း သင်၏သားသမီးတချို့သည် သမ္မာတရား၌ ကျင်လည်သည်ကို တွေ့ရသဖြင့် ကျွန်ုပ်အလွန်ဝမ်းမြောက်၏။ 5 သို့ဖြစ်၍ ချစ်ခင်ရသောအမျိုးသမီး… ကျွန်ုပ်သည် သင့်ထံ ပညတ်သစ်ကို ရေးလိုက်သည်မဟုတ်။ အစဦးကပင် ကျွန်ုပ်တို့၌ ရှိသောပညတ်တော်ကို ရေး၍ အချင်းချင်းချစ်ကြရန် တောင်းပန်ပါ၏။ 6 ချစ်ခြင်းမေတ္တာဟူသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့အား ပညတ်ထားတော်မူသည့်အတိုင်း အသက်ရှင်နေထိုင်ခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်တော်မှာ အစဦးကပင် သင်တို့ကြားခဲ့သည့်အတိုင်း အချင်းချင်း ချစ်ကြရန်ဖြစ်၏။
7 ယေရှုခရစ်တော်သည် လူသားအဖြစ် ကြွလာတော်မူသည်ကို ဝန်မခံသောလှည့်ဖြားသူများစွာသည် ဤလောက၌ ပေါ်လာသဖြင့် ဤအကြောင်းအရာကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။ ထိုသို့သောသူသည် လှည့်ဖြားသူဖြစ်၏။ ခရစ်တော်၏ရန်သူလည်း ဖြစ်၏။ 8 ထို့ကြောင့် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သည့်အရာများကို မဆုံးရှုံးစေဘဲ အကျိုးကျေးဇူးကို သင်တို့အပြည့်အဝခံစားရစေရန် သတိပြုလော့။ 9 ခရစ်တော်၏ သွန်သင်ချက်အတိုင်း မရပ်တည်ဘဲ ၎င်းကို ကျော်လွန်သောသူတိုင်းသည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းမဟုတ်ပေ။ သွန်သင်ချက်အတိုင်း ရပ်တည်သောသူသည် ခမည်းတော်နှင့် သားတော်နှစ်ပါးလုံးနှင့် တပေါင်းတစည်းတည်းဖြစ်၏။
10 တစ်စုံတစ်ယောက်သည် သင်တို့ထံသို့ လာ၍ ဤသွန်သင်ချက်ကို မဝေမျှလျှင် ထိုသူကို သင်တို့အိမ်သို့ မဖိတ်ခေါ်နှင့်။ နှုတ်ခွန်းလည်း မဆက်ကြနှင့်။ 11 ထိုသူတို့အား နှုတ်ခွန်းဆက်သောသူသည် ထိုသူ၏ ဆိုးညစ်သောအမှုတွင် ပါဝင်ရာရောက်၏။
နိဂုံး
12 ကျွန်ုပ်သည် သင်တို့ထံ ရေးစရာများစွာ ရှိသော်လည်း စက္ကူပေါ်၌ မင်နှင့် မရေးလို။ ထိုအစား ကျွန်ုပ်တို့အပြည့်အဝဝမ်းမြောက်နိုင်ရန် သင်တို့ထံသို့ လာ၍ မျက်နှာချင်းဆိုင် စကားပြောရန် ကျွန်ုပ်မျှော်လင့်ထား၏။
13 ဘုရားသခင် ရွေးကောက်တော်မူသော သင့်ညီမ၏ သားသမီးတို့သည် သင့်အား နှုတ်ဆက်လိုက်ကြ၏။
ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် ပြီးပါပြီ။