ကောင်းကင်တမန်နှင့် စာလိပ်ငယ်
10
ထို့နောက် တန်ခိုးကြီးသော ကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ခြုံလွှမ်းလျက် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ သူ၏ဦးခေါင်းပေါ်တွင် သက်တံတည်ရှိ၏။ သူ၏မျက်နှာသည် နေကဲ့သို့ဖြစ်ပြီး ခြေတို့သည် မီးတိုင်ကဲ့သို့ဖြစ်၏။ 2 သူ၏လက်ထဲတွင် ဖွင့်ထားသည့် စာလိပ်ငယ်ကို ကိုင်ထား၏။ သူ၏ညာခြေကို ပင်လယ်ပေါ်သို့လည်းကောင်း ဘယ်ခြေကို မြေပေါ်သို့လည်းကောင်း ချထားလျက် 3 ခြင်္သေ့ဟောက်သကဲ့သို့ ကျယ်လောင်စွာ ကြွေးကြော်လေ၏။ ထိုသို့ကြွေးကြော်သောအခါ မိုးခြိမ်းသံခုနစ်ချက်သည် မိမိတို့အသံဖြင့် ပြောဆို၏။ 4 ထိုမိုးခြိမ်းသံ ခုနစ်ချက်တို့ပြောဆိုသောအခါ ကျွန်ုပ်သည် ရေးမှတ်ရန်ပြင်စဉ် “မိုးခြိမ်းသံ ခုနစ်ချက်တို့ပြောဆိုသောစကားကို လျှို့ဝှက်ထားလော့။a မရေးမှတ်နှင့်” ဟူ၍ ကောင်းကင်ဘုံမှ ထွက်လာသောအသံကို ကျွန်ုပ်ကြားရ၏။5 ထိုအခါ ပင်လယ်နှင့် ကုန်းမြေပေါ်တွင် ရပ်နေသည့် ကျွန်ုပ်မြင်ခဲ့သော ကောင်းကင်တမန်သည် သူ၏လက်ယာလက်ကို ကောင်းကင်သို့ မြှောက်လေ၏။ 6 ထို့နောက် အစဉ်ထာဝရအသက်ရှင်တော်မူပြီး ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် အရပ်ရပ်တို့၌ ရှိသမျှအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ကို တိုင်တည်၍ ထိုကောင်းကင်တမန်က “နောက်ထပ် အချိန်ကြန့်ကြာတော့မည် မဟုတ်။ 7 သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်ရမည့်နေ့ရက်တွင် ဘုရားသခင်သည် မိမိအစေအပါး ပရောဖက်များအား ဟောပြောကြေညာတော်မူသည့်အတိုင်း မိမိ၏ လျှို့ဝှက်နက်နဲသောအကြံအစည်သည် ပြီးမြောက်လိမ့်မည်” ဟု ကျိန်ဆို၏။
8 ထို့နောက် ကောင်းကင်ဘုံမှ ကျွန်ုပ်ကြားခဲ့ရသည့် အသံက ကျွန်ုပ်အား “ပင်လယ်နှင့် မြေပေါ်တွင် ရပ်နေသည့်ကောင်းကင်တမန်၏လက်မှ ဖွင့်ထားသောစာလိပ်ကို သွား၍ယူလော့” ဟု ဆိုပြန်၏။
9 ထို့ကြောင့် ကျွန်ုပ်သည် ထိုကောင်းကင်တမန်ထံသို့ သွားပြီး ကျွန်ုပ်အား စာလိပ်ငယ်ကို ပေးရန် တောင်း၏။ ကောင်းကင်တမန်က “စာလိပ်ကို ယူ၍စားလော့။ သင်၏ဝမ်းထဲ၌ ခါးသော်လည်း သင်၏ ခံတွင်း၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်” ဟု ကျွန်ုပ်အား ပြော၏။ 10 ထို့ကြောင့် ကျွန်ုပ်သည် ကောင်းကင်တမန်၏လက်ထဲမှ စာလိပ်ငယ်ကို ယူ၍ စားလိုက်ရာ ခံတွင်း၌ ပျားရည်ကဲ့သို့ ချိုသော်လည်း စားပြီးနောက် ဝမ်းထဲ၌ ခါးလေ၏။ 11 ထိုအခါ ကောင်းကင်တမန်က “သင်သည် များစွာသောလူမျိုး၊ တိုင်းနိုင်ငံများ၊ ဘာသာစကားအသီးသီးပြောဆိုသူများ၊ ဘုရင်များကို တစ်ဖန်ပရောဖက်ပြုဟောပြောရမည်” ဟု ကျွန်ုပ်အားဆို၏။