အမျိုးသမီးနှင့် နဂါးကြီး
12
ထို့နောက် ကောင်းကင်၌ နိမိတ်လက္ခဏာကြီးတစ်ခုကို မြင်ရ၏။ အမျိုးသမီးတစ်ဦးသည် နေကို ဝတ်ဆင်၍ လပေါ်တွင် ခြေကိုတင်ကာ ခေါင်းပေါ်၌ ကြယ်ဆယ့်နှစ်လုံးပါသည့် သရဖူကို ဆောင်းထား၏။ 2 ထိုအမျိုးသမီးသည် ကိုယ်ဝန်ဆောင်ဖြစ်ပြီး မီးဖွားတော့မည့် ဝေဒနာကြောင့် အော်ဟစ်နေ၏။3 ထို့နောက် ကောင်းကင်၌ အခြားနိမိတ်လက္ခဏာတစ်ခုကို မြင်ရပြန်၏။ ခေါင်းခုနစ်လုံး၊ ဦးချိုဆယ်ချောင်း ပါရှိသော အနီရောင်နဂါးကြီးတစ်ကောင်သည် ခေါင်းများပေါ်တွင် သရဖူခုနစ်ခုကို ဆောင်းထား၏။ 4 သူ၏ အမြီးသည် ကောင်းကင်မှ ကြယ်သုံးပုံတစ်ပုံကို ကမ္ဘာမြေပေါ်သို့ ဆွဲချလိုက်၏။ ထိုနဂါးသည် မီးဖွားတော့မည့်အမျိုးသမီး၏ ရှေ့တွင် ရပ်လျက် မွေးဖွားပြီးသည်နှင့် တစ်ပြိုင်နက် မွေးကင်းစသားငယ်ကို ဝါးမျိုရန် စောင့်နေ၏။
5 ထိုအမျိုးသမီးသည် လူမျိုးအပေါင်းတို့ကို သံလှံတံဖြင့် အုပ်စိုးမည့် သားယောက်ျားကို မွေးဖွား၏။ ထိုသားငယ်သည် ဘုရားသခင်ထံသို့လည်းကောင်း၊ ကိုယ်တော်၏ ရာဇပလ္လင်တော်ပေါ်သို့လည်းကောင်း ချီယူသွားခြင်းခံရ၏။ 6 ထိုအမျိုးသမီးသည် တောကန္တာရသို့ ထွက်ပြေးလေ၏။ ထိုအရပ်တွင် သူ့အား ရက်ပေါင်း တစ်ထောင့်နှစ်ရာခြောက်ဆယ်အထိ ပြုစုစောင့်ရှောက်နိုင်ရန် ဘုရားသခင်ပြင်ဆင်ထားတော်မူသော နေရာတစ်ခုရှိ၏။
7 ထို့နောက် ကောင်းကင်၌ စစ်ဖြစ်လေ၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို တိုက်ကြ၏။ နဂါးနှင့် သူ၏ တမန်တို့သည် ပြန်၍ တိုက်သော်လည်း 8 အရေးနိမ့်သဖြင့် ကောင်းကင်မှ နှင်ထုတ်ခံရ၏။ 9 ထိုနဂါးသည် တစ်ကမ္ဘာလုံးကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟုခေါ်သော ရှေးမြွေဟောင်းဖြစ်ပြီး သူ၏ တမန်များနှင့်အတူ ကမ္ဘာမြေပေါ်သို့ ပစ်ချခံခဲ့ရ၏။
10 ထို့နောက် ကောင်းကင်မှ ကျယ်လောင်သောအသံဖြင့်
“ယခုတွင် ငါတို့ဘုရားသခင်၏ ကယ်တင်ခြင်း၊
တန်ခိုးတော်၊ နိုင်ငံတော်နှင့်
ခရစ်တော်၏ အခွင့်အာဏာတို့သည် ပေါ်ထွန်းလာပြီ။
ငါတို့ဘုရားသခင်၏ ရှေ့တော်၌ပင် ငါတို့၏ညီအစ်ကိုမောင်နှမများကို နေ့ရောညပါ စွပ်စွဲသူသည် ကမ္ဘာမြေပေါ်သို့ ပစ်ချခံရပြီ။
11 ညီအစ်ကိုမောင်နှမတို့သည် ထိုသူကို သိုးသငယ်၏ အသွေးတော်ဖြင့်လည်းကောင်း၊
မိမိတို့သက်သေခံဟောပြောသောနှုတ်ကပတ်တော်ဖြင့်လည်းကောင်း အောင်နိုင်ခဲ့ကြ၏။
သူတို့သည် အသေခံရမည်ဆိုလျှင်ပင်
မိမိတို့၏အသက်ကို မနှမြောကြ။
12 ထို့ကြောင့် ကောင်းကင်ဘုံနှင့်
ကောင်းကင်ဘုံ၌ စံမြန်းသောသူတို့… ရွှင်လန်းဝမ်းမြောက်ကြလော့။
သို့သော် ဤကမ္ဘာမြေကြီးနှင့် ပင်လယ်တို့သည် အမင်္ဂလာရှိကြ၏။
အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် မိမိ၌ အချိန်အနည်းငယ်သာ ရှိကြောင်းကို သိ၍
ဒေါသကြီးစွာ သင်တို့ထံသို့ ဆင်းလာသောကြောင့်ဖြစ်၏”
ဟု ပြောသည်ကို ကျွန်ုပ်ကြားရ၏။
13 ကမ္ဘာမြေပေါ်သို့ မိမိပစ်ချခံရသည်ကို နဂါးသိမြင်သောအခါ သားယောက်ျားကို မွေးဖွားခဲ့သော အမျိုးသမီးကို လိုက်၍ ဖမ်းလေ၏။ 14 သို့သော် ထိုအမျိုးသမီးသည် တောကန္တာရ၌ မိမိအတွက် ပြင်ဆင်ထားသောနေရာသို့ ပျံသန်းနိုင်ရန် ဘုရားသခင်က သူ့အား လင်းယုန်အတောင်ပံတစ်စုံကို ပေးအပ်တော်မူ၏။ သူသည် နဂါးaဘေးရန်မှ လွှတ်၍ ထိုအရပ်၌ သုံးနှစ်ခွဲတိုင်အောင် ပြုစုစောင့်ရှောက်ခြင်းကို ခံရ၏။
15 ထို့နောက် နဂါးသည် အမျိုးသမီးကို ရေ၌ မျောပါသွားစေရန် အမျိုးသမီးနောက်သို့ သူ၏ ခံတွင်းမှ ရေကို မြစ်ရေစီးသကဲ့သို့မှုတ်ထုတ်လိုက်၏။ 16 သို့သော် မြေကြီးသည် ထိုအမျိုးသမီးကို ကူညီ၍ မိမိခံတွင်းကို ဖွင့်လျက် နဂါး၏ခံတွင်းမှ မှုတ်ထုတ်သောမြစ်ရေကို မျိုလိုက်၏။ 17 ထိုအခါ နဂါးသည် အမျိုးသမီးအပေါ် ဒေါသထွက်သဖြင့် ကျန်ရှိနေသေးသော ထိုအမျိုးသမီး၏ မျိုးဆက်များကို တိုက်ရန် ထွက်ခွာသွား၏။ ထိုမျိုးဆက်များသည် ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာသူများ၊ ယေရှုအကြောင်းသက်သေခံချက်တို့ကို သစ္စာရှိစွာ ထိန်းသိမ်းသူများဖြစ်ကြ၏။ 18 ထို့နောက် နဂါးသည် ပင်လယ်ကမ်းစပ်၌ ရပ်နေလေ၏။b