ယေရှု​ကို​သစ္စာဖောက်​ရန် ယုဒ​သဘောတူခြင်း
22
ပသခါပွဲတော်a​ဟု ခေါ်တွင်သော တဆေးမဲ့​မုန့်ပွဲတော် ကျင်းပချိန်​နီးကပ်လာ၏။ 2 ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ကျမ်းတတ်ဆရာများ​သည် ယေရှု​ကို သတ်​ရန် လျှို့ဝှက်​စွာ ရှာကြံ​လျက်​ရှိ၏။ သို့သော်လည်း သူတို့​သည် လူများ​ကို ကြောက်ရွံ့ကြ၏။
3 ထိုအခါ စာတန်မာရ်နတ်​သည် တပည့်တော်​ဆယ့်နှစ်ပါး​ထဲမှ တစ်ပါး​ဖြစ်သည့် ရှကာရုတ်​ဟု ခေါ်သော ယုဒ​ထဲသို့ ဝင်လေ၏။ 4 ယုဒ​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ဗိမာန်တော်​အစောင့်တို့​၏​ခေါင်းဆောင်များ​ထံ သွား​၍ ယေရှု​ကို မည်သည့်​နည်း​ဖြင့် သူတို့​လက်​သို့ အပ်ရမည်​ကို တိုင်ပင်၏။ 5 ထို​သူတို့​က ဝမ်းသာ​၍ သူ့​အား ငွေ​ပေး​ရန် သဘောတူကြ၏။ 6 ယုဒရှကာရုတ်​သည်လည်း သဘောတူ​၍ လူအုပ်​ရှင်းချိန်​တွင် ယေရှု​ကို ထို​သူတို့​လက်​သို့​အပ်​ရန် အခွင့်ကောင်း​ကို​ရှာကြံ​လျက်​နေ၏။
နောက်ဆုံးသော​ညစာ
7 ထို့နောက် တဆေးမဲ့​မုန့်ပွဲတော်​၌ ပသခါ​သိုးသငယ်​ကို ယဇ်ပူဇော်ရသော​နေ့ ကျရောက်လာ၏။ 8 ထိုအခါ ယေရှု​သည် ပေတရု​နှင့်​ယောဟန်​တို့​အား “ငါတို့​စား​ရန်​အတွက် သွား​၍ ပသခါပွဲတော်​ညစာ​ကို ပြင်ဆင်ကြလော့” ဟု မိန့်​၍ စေလွှတ်တော်မူ၏။
9 သူတို့​က ကိုယ်တော်​အား “မည်သည့်​နေရာ​တွင် ပြင်ဆင်​စေလိုတော်မူ​သနည်း” ဟု မေးလျှောက်ကြ၏။
10 ကိုယ်တော်​က သူတို့​အား “သင်တို့​သည် ဂျေရုဆလင်မြို့​သို့ ဝင်​သောအခါ ရေအိုး​ထမ်းလာသော​လူ​တစ်ဦး​နှင့် ဆုံ​လိမ့်မည်။ ထို​သူ​နောက်သို့​လိုက်​၍ သူ​ဝင်သည့်​အိမ်​သို့ ဝင်ကြလော့။ 11 ထို့နောက် အိမ်ရှင်​အား ‘ဆရာတော်​က “ငါ့​တပည့်တို့​နှင့်အတူ ပသခါပွဲတော်​ညစာ​ကို စားရမည့် ဧည့်ခန်း​သည် မည်သည့်​နေရာ​တွင်​ရှိသနည်း” ဟု သင့်​အား မေးလိုက်ပါသည်’ ဟု ပြောကြလော့။ 12 ထို​သူ​သည် သင်တို့​အား ခင်းကျင်းထားသော အိမ်​အပေါ်ထပ်​ခန်းမကြီး​ကို ပြ​လိမ့်မည်။ ထို​အခန်း​တွင် ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။ 13 ထို့နောက် သူတို့​သည် သွားကြ​ရာ ယေရှု​မိန့်မှာသည့်​အတိုင်း တွေ့မြင်​၍ ပသခါပွဲတော်​ကို ပြင်ဆင်ကြ၏။
14 အချိန်​ကျလာ​သောအခါ ယေရှု​သည် တမန်တော်တို့​နှင့်အတူ စားပွဲ​တွင် ထိုင်တော်မူ​၍b 15 “ငါ​သည် အသေ​မခံမီ ဤ​ပသခါပွဲတော်​ညစာ​ကို သင်တို့​နှင့်အတူ​စား​ရန် အလွန်​အလို​ရှိ၏။ 16 သင်တို့​အား ငါ​ပြောဆိုသည်​မှာ ပသခါပွဲတော်​သည် ဘုရားသခင်​၏​နိုင်ငံတော်​တွင် မပြည့်စုံမီ​အချိန်​ထိ ဤ​ပသခါပွဲတော်​ညစာ​ကို နောက်တစ်ဖန် ငါ​စားမည်​မဟုတ်” ဟု မိန့်တော်မူ၏။
17 ထို့နောက် ယေရှု​သည် စပျစ်ရည်ခွက်​ကို​ယူ​၍ ကျေးဇူးတော်​ကို ချီးမွမ်းပြီး​သော် “ဤ​ခွက်​ကို ယူ​၍ သင်တို့​အချင်းချင်း​ဝေမျှကြလော့။ 18 သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဘုရားသခင်​၏​နိုင်ငံတော် မပေါ်ထွန်းမီ​အချိန်​ထိ ယခု​မှစ၍ ငါ​သည် စပျစ်ရည်​ကို ထပ်မံ​မသောက်ဘဲ​နေမည်” ဟု မိန့်တော်မူ၏။
19 မုန့်​ကိုလည်း​ယူ​၍ ဘုရားသခင်​၏​ကျေးဇူးတော်​ကို ချီးမွမ်းတော်မူ၏။ မုန့်​ကို ဖဲ့​၍ တပည့်တော်တို့​အား ပေးတော်မူ​လျက် “ဤ​မုန့်​သည် သင်တို့​အတွက်​စွန့်သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်၏။ ငါ့​ကို အောက်မေ့သတိရ​ရန် ဤသို့​ပြုကြလော့” ဟု မိန့်တော်မူ၏။
20 ညစာစား​ပြီးနောက် စပျစ်ရည်ခွက်​ကိုလည်း​ယူ​၍ “ဤ​ခွက်​သည် သင်တို့​အတွက် သွန်းလောင်းသော ငါ​၏​သွေး​ကို ပုံဆောင်၏။ ငါ​၏​သွေး​သည် ဘုရားသခင်​နှင့် လူများ​အကြား ဖွဲ့သော ပဋိညာဉ်​သစ်​ကို သက်သေပြု၏။
21 သို့ရာတွင် ငါ့​ကို​သစ္စာဖောက်မည့်​သူ​သည် ဤ​စားပွဲ​၌ ငါ​နှင့်အတူ​ရှိ၏။ 22 သတ်မှတ်ထားသည့်​အတိုင်း လူသားc​သည် သွားရမည်။ သို့သော်လည်း လူသား​ကို​သစ္စာဖောက်သော​သူ​သည် အမင်္ဂလာ​ရှိ၏” ဟု မိန့်တော်မူ၏။ 23 တပည့်တော်တို့​သည်လည်း မိမိတို့​အနက် မည်သူ​သည် ဤ​အမှု​ကို ကျူးလွန်မည်နည်း​ဟု အချင်းချင်း​မေးမြန်းကြလေ၏။
24 ထို့နောက် တပည့်တော်တို့​သည် မိမိတို့​အနက် မည်သူ​သည် အကြီးမြတ်ဆုံး​အဖြစ် သတ်မှတ်ခံရမည့်​အကြောင်း​ကို ငြင်းခုံကြ၏။ 25 ယေရှု​က “လူမျိုးခြားများ​၏​ရှင်ဘုရင်တို့​သည် ပြည်သူများ​အပေါ် ကြီးစိုးကြ၏။ ထို​အာဏာရှိသူများ​အား ကျေးဇူးရှင်များ​ဟု ခေါ်ကြရ၏။ 26 သို့သော် သင်တို့​က​မူ ထိုကဲ့သို့​မဖြစ်စေနှင့်။ သင်တို့​အထဲ​တွင် အမြင့်မြတ်ဆုံး​ဖြစ်သော​သူ​သည် အသေးနုပ်ဆုံး​ကဲ့သို့​လည်းကောင်း၊ ခေါင်းဆောင်​ဖြစ်သော​သူ​သည် အစေခံ​ကဲ့သို့​လည်းကောင်း နေရမည်။ 27 စားပွဲ​တွင်​ထိုင်နေသော​သူ​နှင့် အစေခံနေသော​သူ​တွင် မည်သူ​သည် ပို၍ မြင့်မြတ်​သနည်း။ စားပွဲ​တွင်​ထိုင်နေသော​သူ​သည် မြင့်မြတ်သည်​မဟုတ်လော။ သို့သော် ငါ​သည် သင်တို့​အထဲ​တွင် အစေခံသော​သူ​ကဲ့သို့​ဖြစ်၏။
28 ငါ​သည် ဒုက္ခဆင်းရဲများ​နှင့် ကြုံတွေ့​သောအခါ သင်တို့​သည် ငါ့​နံဘေး​တွင် ရပ်တည်သောသူများ​ဖြစ်ကြ၏။ 29 ငါ့​ခမည်းတော်​သည် နိုင်ငံတော်​ကို ငါ့​အား အပ်သည့်​အတိုင်း ငါ​သည်လည်း နိုင်ငံတော်​ကို သင်တို့​အား​အပ်၏။ 30 သို့ဖြစ်၍ သင်တို့​သည် ငါ့​နိုင်ငံတော်၊ ငါ့​စားပွဲ​တွင် စားသောက်ခွင့်​ရ​လိမ့်မည်။ ထို့ပြင် ရာဇပလ္လင်များ​ပေါ်တွင်​ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု ဆယ့်နှစ်စု​ကို တရားစီရင်ကြ​လိမ့်မည်။
ပေတရု​ငြင်းဆိုမည့်​အကြောင်း ကြိုတင်​ဟောတော်မူခြင်း
31 ရှိမုန်… ရှိမုန်… ဂျုံ​ကို ဆန်ကာ​နှင့်​စစ်​သကဲ့သို့ သင်တို့​ကို​စစ်ချ​ရန် စာတန်မာရ်နတ်​သည် တောင်းဆို​လျက်​ရှိ၏။ 32 သို့သော် သင်​၏​ယုံကြည်ခြင်း​မပျက်သုဉ်း​စေရန် သင့်​အတွက် ငါ​ဆုတောင်းပြီ။ သင်​သည် အသိတရား​ပြန်​ဝင်​သောအခါ သင်​၏​ညီအစ်ကိုများ​အား ကြံ့ခိုင်စေလော့” ဟု မိန့်တော်မူ၏။
33 ထိုအခါ ပေတရု​က ယေရှု​အား “သခင်… အကျွန်ုပ်​သည် သခင်​နှင့်အတူ ထောင်​ထဲသို့​ဖြစ်စေ၊ အသေခံ​ရန်​ဖြစ်စေ လိုက်ပါ​ရန်​အသင့်​ရှိပါသည်” ဟု လျှောက်လေ၏။
34 ယေရှု​က “ပေတရု၊ သင့်​အား​ငါ​ပြောဆိုသည်​မှာ ယနေ့​ပင် ကြက်​မတွန်မီ သင်​သည် ငါ့​ကို​မသိ​ဟူ၍ သုံးကြိမ် ငြင်းဆို​လိမ့်မည်” ဟု မိန့်တော်မူ၏။
35 ထို့နောက် ယေရှု​က “ငါ​သည် သင်တို့​ကို ပိုက်ဆံအိတ်၊ ခရီးဆောင်အိတ်​နှင့် ဖိနပ်​အပို​တို့​ကို မယူစေဘဲ စေလွှတ်ခဲ့​စဉ်​က သင်တို့​သည် တစ်စုံတစ်ခု လိုအပ်ခဲ့သလော” ဟု မေးတော်မူ၏။ တပည့်တော်များ​က “မည်သည့်​အရာ​မျှ မလိုခဲ့ပါ” ဟု လျှောက်ကြ၏။
36 ထိုအခါ ယေရှု​က “သို့သော် ယခု​တွင်​မူ ပိုက်ဆံအိတ်​ရှိ​လျှင် ယူခဲ့လော့။ ခရီးဆောင်အိတ်​ရှိ​လျှင်​လည်း ယူခဲ့လော့။ ဓား​မရှိသော​သူ​သည် မိမိ​အဝတ်​ကို ရောင်း​၍ ဓား​တစ်လက်​ဝယ်ယူလော့။ 37 သင်တို့​အား ငါ​ပြောဆိုသည်​မှာ ‘သူ​သည် ရာဇဝတ်​ကျူးလွန်သူများ စာရင်း​တွင် ထည့်သွင်းခြင်း​ခံရ၏’d ဟူသော ကျမ်းစကား​သည် ငါ​၌​ဖြစ်ပျက်လာ​ရမည်။ အဘယ်ကြောင့်ဆိုသော် ငါ့​အား​ရည်ညွှန်းသည့်​အရာ​သည် ဖြစ်ပျက်​လျက်​ရှိနေ​သောကြောင့်​ဖြစ်သည်” ဟု မိန့်တော်မူ၏။
38 တပည့်တော်များ​ကလည်း “သခင်… ဓား​နှစ်လက်​ရှိပါ၏” ဟု လျှောက်ကြ​ရာ ယေရှု​က “လုံလောက်ပြီ” ဟု မိန့်တော်မူ၏။
သံလွင်တောင်​တွင် ဆုတောင်းတော်မူခြင်း
39 ထို့နောက် ယေရှု​သည် အပေါ်ထပ်​ခန်းမကြီး​မှ ထွက်ခွာ​၍ အလေ့အထ​ရှိတော်မူသည့်​အတိုင်း သံလွင်တောင်​သို့ ကြွတော်မူ​ရာ တပည့်တော်များ​သည်လည်း နောက်တော်​သို့ လိုက်ကြ၏။ 40 ထို​နေရာ​သို့ ရောက်​သောအခါ ယေရှု​က တပည့်တော်တို့​အား “ဖြားယောင်း​သွေးဆောင်ခြင်း​ထဲသို့ မကျရောက်​စေရန် ဆုတောင်းကြလော့” ဟု မိန့်တော်မူ၏။
41 ထို့နောက် ယေရှု​သည် တပည့်တော်များ​ရှိသည့်​နေရာ​မှ ခဲတစ်ပစ်စာ​ခန့် ခွာသွား​၍ ဒူးထောက်​လျက် 42 “အို အဖ… အလိုတော်​ရှိ​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်​၏​အလိုဆန္ဒ​အရ​မဟုတ်ဘဲ ကိုယ်တော်​၏​အလိုတော်​အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။ 43 ထိုအခါ ကောင်းကင်​မှ ကောင်းကင်တမန်​တစ်ပါး ပေါ်လာ​၍ ယေရှု​ကို အားပေးလေ၏။ 44 ယေရှု​သည် ပြင်းစွာသော ဝေဒနာ​ကို​ခံလျက် စိတ်အားပြင်းပြ​စွာ ဆုတောင်း​သဖြင့် ချွေးစက်တော်​သည် သွေးစက်​သဖွယ် မြေ​ပေါ်သို့​ကျလေ၏။
45 ဆုတောင်းတော်မူ​ပြီးနောက် ယေရှု​သည် တပည့်တော်များ​ထံ ပြန်​ကြွ​သောအခါ သူတို့​သည် ဝမ်းနည်း​၍ အားအင်​ကုန်ခန်း​သဖြင့် အိပ်ပျော်​လျက်​ရှိသည်​ကို တွေ့မြင်တော်မူ၏။ 46 ယေရှု​ကလည်း “အဘယ်ကြောင့် အိပ်ပျော်နေကြသနည်း။ ဖြားယောင်း​သွေးဆောင်ခြင်း​ထဲသို့ မကျရောက်​စေရန် ထ​၍ ဆုတောင်းကြလော့” ဟု မိန့်တော်မူလေ၏။
သစ္စာဖောက်​ခံရတော်မူခြင်း​နှင့် ဖမ်းဆီး​ခံရတော်မူခြင်း
47 ထိုသို့​မိန့်တော်မူ​နေစဉ် လူ​တစ်စု​ရောက်လာ၏။ တပည့်တော်​ဆယ့်နှစ်ပါး​အနက် တစ်ပါး​ဖြစ်သည့် ယုဒ​သည် ထို​လူစု​ကို ဦးဆောင်​၍ ခေါ်လာ၏။ သူ​သည် ယေရှု​ကို အနမ်း​ဖြင့် နှုတ်ဆက်​ရန် ချဉ်းကပ်လေ၏။ 48 သို့သော် ယေရှု​က “ယုဒ… သင်​သည် လူသား​ကို အနမ်း​ဖြင့်​သစ္စာဖောက်​မည်လော” ဟု မေးတော်မူ၏။
49 ယေရှု​အနား​တွင်​ရှိသော​တပည့်တော်တို့​က မည်သို့​ဖြစ်ပျက်မည်​ကို မြင်​သောအခါ “သခင်… အကျွန်ုပ်တို့​သည် ဓား​ဖြင့်​ခုတ်ရပါမည်လော” ဟု မေးလျှောက်ကြ၏။ 50 သူတို့​အထဲမှ တစ်ဦး​က ယဇ်ပုရောဟိတ်မင်း​၏​အစေခံ​တစ်ဦး​ကို ခုတ်လိုက်​ရာ ထို​သူ​၏​လက်ယာ​နားရွက် ပြတ်လေ၏။
51 သို့သော် ယေရှု​က “ရပ်လော့” ဟု ဟန့်တား​လျက် ပြတ်သွားသော​နားရွက်​ကို လက်တော်​ဖြင့် တို့ထိ​ကာ ပကတိအတိုင်း​ဖြစ်စေတော်မူ၏။
52 ထို့နောက် ယေရှု​သည် မိမိ​အား​ဖမ်းဆီး​ရန် ရောက်ရှိလာသော ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ဗိမာန်တော်​အစောင့်များ​၏​ခေါင်းဆောင်များ​နှင့် အကြီးအကဲများ​အား “ဓားပြ​တစ်ဦး​ကို ဖမ်းဆီး​သကဲ့သို့ ငါ့​ကို​ဖမ်းဆီး​ရန် တုတ်များ၊ ဓားများ​နှင့် လာကြရသလော။ 53 ငါ​သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်​တွင် သင်တို့​နှင့်အတူ​ရှိစဉ် မဖမ်းဆီးဘဲ​နေကြ၏။ သို့သော်လည်း ဤ​အချိန်​သည် သင်တို့​၏​အချိန်၊ အမှောင်ထု​ကြီးစိုးချိန် ဖြစ်၏” ဟု မိန့်တော်မူ၏။
ယေရှု​ကို မသိကြောင်း ပေတရု​ငြင်းဆိုခြင်း
54 ထို​သူတို့​သည် ယေရှု​ကို​ဖမ်းဆီး​၍ ယဇ်ပုရောဟိတ်မင်း​၏​အိမ်​သို့ ခေါ်ဆောင်သွားကြ၏။ ပေတရု​သည် မလှမ်းမကမ်း​မှ​လိုက်လေ၏။ 55 လူ​တချို့​သည် ရုံးတော်ဝင်း​အလယ်​၌ မီးဖို​၍ အတူတကွ​ထိုင်နေကြ၏။ ပေတရု​သည်လည်း သူတို့​အကြား​တွင် ထိုင်လေ၏။ 56 ထိုသို့ ပေတရု​သည် မီးဖို​ဘေး​တွင်​ထိုင်နေသည်​ကို အစေခံ​အမျိုးသမီး​တစ်ဦး​သည် မြင်​၍ သူ့​အား​စူးစိုက်​ကြည့်ပြီး​လျှင် “ဤ​သူ​သည် ယေရှု​၏​နောက်လိုက်​ဖြစ်၏” ဟု ဆို၏။
57 သို့သော် ပေတရု​က “အမျိုးသမီး… ထို​သူ​ကို ငါ​မသိပါ” ဟု ငြင်းလေ၏။
58 ခဏ​ကြာ​သော် အခြား​တစ်ယောက်​သည် ပေတရု​ကို​မြင်​၍ “သင်​သည်လည်း ထို​သူတို့​ထဲမှ တစ်ယောက်​ဖြစ်သည်” ဟု ဆို၏။ သို့သော် ပေတရု​ကလည်း “မိတ်ဆွေe… ကျွန်ုပ်​မပါပါ” ဟု ငြင်းဆိုလေ၏။
59 တစ်နာရီ​ခန့်မျှ ကြာ​သော် အခြား​တစ်ဦး​က “ဤ​လူ​သည်လည်း ယေရှု​နှင့်အတူ​ရှိခဲ့သော​သူ အမှန်​ပင်​ဖြစ်၏။ ဤ​လူ​သည် ဂါလိလဲပြည်သား​ဖြစ်သည်” ဟု အခိုင်အမာ​ဆိုလေ၏။
60 သို့ရာတွင် ပေတရု​က “မိတ်ဆွေ… သင်​ပြောဆိုနေသည့်​အရာ​ကို ကျွန်ုပ်​မသိပါ” ဟု ဆို၏။ ထို​စကား​ကို ပြော​နေစဉ်​အတွင်း၌​ပင် ကြက်တွန်လေ၏။
61 ထိုအခါ သခင်ဘုရား​သည် လှည့်​၍ ပေတရု​ကို ကြည့်တော်မူ၏။ ပေတရု​သည်လည်း “ယနေ့​ပင် ကြက်​မတွန်မီ သင်​သည် ငါ့​ကို​မသိ​ဟူ၍ သုံးကြိမ် ငြင်းဆို​လိမ့်မည်” ဟူသော သခင်ဘုရား​၏​စကားတော်​ကို သတိရ၏။ 62 ထို့ကြောင့် အပြင်​သို့ ထွက်​၍ ရှိုက်ကြီးတငင်​ငိုကြွေးလေ၏။
63 စောင့်ကြပ်သောသူများ​က ယေရှု​ကို လှောင်ပြောင်​၍ ရိုက်နှက်ကြ၏။ 64 မျက်နှာတော်​ကို ဖုံးအုပ်ပြီး​လျှင် “သင့်​ကို ရိုက်သော​သူ​သည် မည်သူ​ဖြစ်သည်​ကို ဟောတော်မူပါ” ဟု ယေရှု​အား ဆိုကြ၏။ 65 ထို့ပြင် အခြား​ကဲ့ရဲ့သော​စကားများ​ဖြင့်လည်း ပြောဆိုကြ၏။
တရားလွှတ်တော်​၌ စစ်ဆေးခံရတော်မူခြင်း
66 မိုးလင်းချိန်​တွင် လူထု​အကြီးအကဲများ​ဖြစ်သော ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ကျမ်းတတ်ဆရာများ​သည် စုဝေးကြ​၍ ယေရှု​ကို သူတို့​၏​တရားလွှတ်တော်​သို့ ခေါ်ဆောင်သွားကြ၏။ 67 သူတို့​က “သင်​သည် ခရစ်တော်f​ဖြစ်သလော။ ငါတို့​အား​ပြောလော့” ဟု မေးကြ၏။
သို့သော် ယေရှု​က “သင်တို့​ကို ငါ​ပြောလျှင် ယုံကြည်ကြမည်​မဟုတ်။ 68 သင်တို့​ကို ငါ​မေး​လျှင်​လည်း သင်တို့​ဖြေကြမည်​မဟုတ်။ 69 သို့သော် ယခု​မှစ၍ လူသား​သည် တန်ခိုးရှင်​ဘုရားသခင်​၏​လက်ယာတော်ဘက်​တွင် ထိုင်တော်မူ​လိမ့်မည်”g ဟု မိန့်တော်မူ၏။
70 ထိုအခါ သူတို့​အားလုံး​က “သို့ဖြစ်လျှင် သင်​သည် ဘုရား​သား​ဖြစ်သလော” ဟု မေးကြ၏။ ယေရှု​က “သင်တို့​ဆိုသည့်​အတိုင်း မှန်သည်” ဟု မိန့်တော်မူ၏။
71 ထိုအခါ သူတို့​က “အခြား မည်သည့်​သက်သေ လိုတော့မည်နည်း။ သူ​၏​နှုတ်​မှ​ထွက်ဆိုသည်​ကို ငါတို့​ကိုယ်တိုင် ကြားရပြီ” ဟု ပြောဆိုကြလေ၏။