ပိလတ်မင်းထံ၌ စစ်ဆေးခံရတော်မူခြင်း
23
ထို့နောက် တရားလွှတ်တော်တစ်ဖွဲ့လုံးသည် ယေရှုကို ရောမဘုရင်ခံပိလတ်မင်းထံသို့ ခေါ်ဆောင်သွားကြ၏။ 2 ထိုသူတို့က “ဤသူသည် ပြည်သူလူထုကို လမ်းမှားစေ၍ ဆီဇာဘုရင်ထံ အခွန်ပေးဆောင်ခြင်းအား တားမြစ်နေသည်ကိုလည်းကောင်း၊ မိမိကိုယ်ကိုယ် ခရစ်တော်aဟူသော ရှင်ဘုရင်တစ်ပါးဖြစ်ကြောင်း ပြောဆိုနေသည်ကိုလည်းကောင်း အကျွန်ုပ်တို့တွေ့ရှိပါသည်” ဟု စွပ်စွဲကြ၏။3 ထို့ကြောင့် ပိလတ်မင်းက ယေရှုအား “သင်သည် ဂျူးတို့၏ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။
ယေရှုက “မင်းကြီးဆိုသည့်အတိုင်း မှန်ပါသည်” ဟု ပြန်၍ ဖြေတော်မူ၏။
4 ထိုအခါ ပိလတ်မင်းက ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် လူထုတို့အား “ဤလူထံတွင် မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့” ဟု ဆိုလေ၏။
5 သို့သော် သူတို့က “ဤသူသည် ဂါလိလဲပြည်မှစ၍ ဤဒေသထိတိုင်အောင် ယုဒပြည်တစ်လျှောက်လုံး ဟောပြောသွန်သင်၍ လူတို့ကို ရုန်းရင်းဆန်ခတ်ဖြစ်စေပါသည်” ဟု ပို၍ပြင်းထန်စွာ ပြောဆိုကြ၏။
6 ထိုစကားကို ပိလတ်မင်းကြားသောအခါ “ဤသူသည် ဂါလိလဲပြည်သား ဖြစ်သလော” ဟု မေးလေ၏။ 7 ယေရှုသည် ဟေရုဒ်စီရင်ပိုင်သောနယ်မြေ၏ပြည်သားဖြစ်ကြောင်း သိရသောအခါ ပိလတ်မင်းသည် ကိုယ်တော်ကို ဟေရုဒ်ထံသို့ ပို့လိုက်၏။ ထိုအချိန်တွင် ဟေရုဒ်သည် ဂျေရုဆလင်မြို့တွင် ရှိလေ၏။
8 ဟေရုဒ်သည် ယေရှုကိုတွေ့မြင်သောအခါ အလွန်ဝမ်းသာလေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ကိုယ်တော်၏သတင်းတော်ကို ကြား၍ ကိုယ်တော်ကို မြင်ရန် ကြာမြင့်စွာစောင့်နေခဲ့၏။ ကိုယ်တော်ပြတော်မူမည့် နိမိတ်လက္ခဏာများကို ရှုစားရန်လည်း မျှော်လင့်နေခဲ့၏။ 9 သို့ဖြစ်၍ ဟေရုဒ်သည် ကိုယ်တော်ကို မေးခွန်းများစွာ မေးလေ၏။ သို့သော် ကိုယ်တော်သည် တစ်ခွန်းမျှ ဖြေတော်မမူပေ။ 10 ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ထ၍ ပြင်းထန်စွာ စွပ်စွဲကြ၏။ 11 ဟေရုဒ်နှင့် သူ၏စစ်သည်တော်များကလည်း ကိုယ်တော်ကို မထီလေးစားဆက်ဆံ၍ ပြက်ရယ်ပြုကာ အလွန်တင့်တယ်သောဝတ်ရုံကို ဝတ်စေလျက် ပိလတ်မင်းထံသို့ ပြန်ပို့လိုက်၏။ 12 ဟေရုဒ်နှင့် ပိလတ်မင်းတို့သည် ယခင်က ရန်သူများဖြစ်ကြသော်လည်း ထိုနေ့တွင် မိတ်ဆွေဖြစ်သွားကြ၏။
13 ပိလတ်မင်းက ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ဂျူးခေါင်းဆောင်များနှင့် ပြည်သူလူထုတို့ကို ဆင့်ခေါ်၍ 14 “သင်တို့သည် ဤလူအား လူထုကို ပုန်ကန်စေသူအဖြစ် ငါ့ထံသို့ ခေါ်ဆောင်လာသဖြင့် သင်တို့ရှေ့တွင် ငါစစ်ဆေး၏။ သို့သော်လည်း သင်တို့စွပ်စွဲထားသော ပြစ်မှုများ၌ မည်သည့်ပြစ်ချက်ကိုမျှ သူ့ထံတွင် ငါမတွေ့ရ။ 15 ဟေရုဒ်သည်လည်း ပြစ်ချက်မတွေ့သဖြင့် ငါတို့ထံ ပြန်ပို့လိုက်၏။ ဤလူသည် သေဒဏ်ခံထိုက်သောပြစ်မှု တစ်စုံတစ်ခုမျှ ကျူးလွန်ထားခြင်းမရှိပါ။ 16 ထို့ကြောင့် သူ့ကို ငါကြိမ်ဒဏ်ပေး၍ လွှတ်လိုက်ပါမည်” ဟု ဆိုလေ၏။ 17 ထိုပွဲတော်တွင် ပိလတ်မင်းသည် လူထုအတွက် အကျဉ်းသားတစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရလေ့ရှိ၏။b
18 သို့သော် ထိုသူတို့အားလုံးက “သူ့ကိုသေဒဏ်ပေးပါ။ ကျွန်ုပ်တို့အတွက် ဗာရဗ္ဗကို လွှတ်ပေးပါ” ဟု တစ်ပြိုင်နက်တည်းအော်ဟစ်ကြ၏။ 19 ဗာရဗ္ဗသည် မြို့အတွင်း ပုန်ကန်ထကြွမှုနှင့် လူသတ်မှုတို့ကြောင့် ထောင်ထဲ၌ ချုပ်ထားခံရသူဖြစ်၏။ 20 ပိလတ်မင်းသည် ယေရှုကိုလွှတ်လိုသဖြင့် လူထုအားထပ်မံ၍ ပြောဆိုလေ၏။ 21 သို့ရာတွင် လူထုက “လက်ဝါးကပ်တိုင်တွင် သတ်ပါ။ လက်ဝါးကပ်တိုင်တွင် သတ်ပါ” ဟူ၍သာ ဟစ်အော်ကြ၏။
22 ပိလတ်မင်းက “သူသည် မည်သို့သောပြစ်မှုကို ကျူးလွန်သနည်း။ သေဒဏ်ပေးရမည့်ပြစ်မှုကို သူ့ထံတွင် ငါမတွေ့ရပါ။ ထို့ကြောင့် သူ့အား ငါကြိမ်ဒဏ်ပေး၍ လွှတ်လိုက်မည်” ဟု တတိယအကြိမ်ဆိုလေ၏။
23 သို့ရာတွင် လူများက ကိုယ်တော်ကို လက်ဝါးကပ်တိုင်တွင် သတ်ရန် ကျယ်လောင်သောအသံများဖြင့် အော်ဟစ်၍ ပြင်းထန်စွာ တောင်းဆိုကြ၏။ ထိုအခါ သူတို့၏အသံများက အသာစီးရလေ၏။ 24 ထို့ကြောင့် ပိလတ်မင်းသည် လူထုတောင်းဆိုသည့်အတိုင်း စီရင်ချက်ချမှတ်လိုက်၏။ 25 ထိုသူတို့ တောင်းဆိုသည့်အတိုင်း ပုန်ကန်ထကြွမှုနှင့် လူသတ်မှုတို့ကြောင့် ထောင်ထဲ၌ ချုပ်ထားခံရသောဗာရဗ္ဗကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်၏။ ယေရှုကိုမူ သူတို့၏ဆန္ဒအရ စီရင်ရန် လွှဲအပ်လိုက်လေ၏။
လက်ဝါးကပ်တိုင်တွင် သတ်ခြင်း
26 ယေရှုအား ခေါ်ဆောင်သွားစဉ် စစ်သားတို့သည် ကျေးလက်ဒေသမှလာသော ကုရေနေမြို့သားc ရှိမုန်ကိုဖမ်းဆီး၍ လက်ဝါးကပ်တိုင်ကိုထမ်းစေပြီးလျှင် ယေရှု၏နောက်တော်မှလိုက်စေကြ၏။ 27 လူအုပ်ကြီးသည်လည်း နောက်တော်သို့လိုက်ကြ၏။ ထိုလူအုပ်ကြီးထဲတွင် ယေရှုအတွက် ဝမ်းနည်း၍ ငိုကြွေးနေကြသောအမျိုးသမီးများလည်း ပါဝင်၏။ 28 ယေရှုသည် ထိုသူတို့ဘက်သို့ လှည့်၍ “ဂျေရုဆလင်မြို့သူတို့… ငါ့အတွက်မငိုကြွေးကြနှင့်။ သင်တို့နှင့် သင်တို့၏သားသမီးများအတွက်သာ ငိုကြွေးကြလော့။ 29 အဘယ်ကြောင့်ဆိုသော် ‘မြုံသောအမျိုးသမီး၊ ရင်သွေးမလွယ်ဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသောသားမြတ်တို့သည် မင်္ဂလာရှိ၏’ ဟူ၍ ခံယူကြမည့်နေ့ရက်တို့သည် ရောက်လာလိမ့်မည်ဖြစ်သောကြောင့် ဖြစ်၏။ 30 ထို့နောက် လူတို့က တောင်များကို ‘ငါတို့အပေါ်ပြိုကျပါ’ ဟူ၍လည်းကောင်း၊ တောင်ကုန်းများကို ‘ငါတို့အားဖုံးအုပ်ကြပါ’d ဟူ၍လည်းကောင်း ပြောဆိုကြလိမ့်မည်။ 31 စိမ်းစိုသောသစ်ပင်ကို ဤသို့ပြုကြလျှင် ထိုအပင် ခြောက်သွေ့သောအခါ၌ မည်သို့ဖြစ်လိမ့်မည်နည်း” ဟု မိန့်တော်မူ၏။
32 လူတို့သည် အခြားသော ရာဇဝတ်သားနှစ်ဦးကိုလည်း ကိုယ်တော်နှင့်အတူ သေဒဏ်ပေးရန် ခေါ်ဆောင်သွားကြ၏။ 33 ဦးခေါင်းခွံeဟု ခေါ်သောအရပ်သို့ ရောက်ကြသောအခါ ကိုယ်တော်နှင့်ရာဇဝတ်သားနှစ်ဦးကို လက်ဝါးကပ်တိုင်တစ်ခုစီတွင် ရိုက်ထားကြ၏။ တစ်ဦးကို ကိုယ်တော်၏လက်ယာတော်ဘက်နှင့် အခြားတစ်ဦးကို လက်ဝဲတော်ဘက်တွင် ထားကြ၏။
34 ထိုအခါ ယေရှုက “အို အဖ… သူတို့အားခွင့်လွှတ်တော်မူပါ။ ထိုသူတို့သည် မိမိတို့အဘယ်အမှုပြုနေသည်ကိုပင် မသိကြပါ” ဟု ဆိုလေ၏။ ထို့နောက် စစ်သားတို့သည် အဝတ်တော်ကို မဲနှိုက်၍ ခွဲဝေကြ၏။f
35 လူများသည်လည်း ရပ်လျက် စောင့်ကြည့်နေကြ၏။ ဂျူးခေါင်းဆောင်များက “သူသည် တစ်ပါးသူကိုကယ်၏။ အကယ်၍ သူသည် ဘုရားသခင်ရွေးချယ်သော ခရစ်တော်မှန်လျှင် မိမိကိုယ်ကိုယ်ကယ်တင်ပါစေ” ဟု ယေရှုအား ပြက်ရယ်ပြု၍ ပြောဆိုကြ၏။ 36 စစ်သားများကလည်း ပြက်ရယ်ပြုကာ အထံတော်သို့လာ၍ ချဉ်သောစပျစ်ဝိုင်ကို တိုက်လျက် 37 “သင်သည် ဂျူးတို့၏ရှင်ဘုရင် မှန်လျှင် သင့်ကိုယ်သင်ကယ်လော့” ဟု ဆိုကြ၏။ 38 ဦးခေါင်းတော်အထက်တွင် “ဤသူသည် ဂျူးတို့၏ရှင်ဘုရင်ဖြစ်၏” ဟု ကမ္ပည်းရေးထိုးထား၏။
39 လက်ဝါးကပ်တိုင်တွင် ရိုက်ထားခြင်းခံရသောရာဇဝတ်သားနှစ်ဦးအနက် တစ်ဦးက ယေရှုအား “သင်သည် ခရစ်တော်မဟုတ်လော။ သင့်ကိုယ်သင်ကယ်လော့။ ငါတို့ကိုလည်း ကယ်လော့” ဟု ကဲ့ရဲ့ပြောဆိုလေ၏။
40 သို့ရာတွင် အခြားသောရာဇဝတ်သားက ထိုသူအား “သင်သည် သူနှင့်တူညီသောပြစ်ဒဏ် ခံရလျက်ပင် ဘုရားသခင်ကို မကြောက်သလော။ 41 ငါတို့သည် အမှန်ပင် ကိုယ့်ပြစ်မှုများအတိုင်း ထိုက်သင့်သည့်ပြစ်ဒဏ်ကို တရားစွာခံရကြ၏။ သို့သော် ဤသူသည် မည်သည့်ပြစ်မှုကိုမျှ မကျူးလွန်ပါ” ဟု ပြောဆိုဆုံးမ၏။ 42 ထို့နောက် ယေရှုအား “အရှင်ယေရှု… ကိုယ်တော်၏နိုင်ငံတော်ထဲသို့ ဝင်တော်မူသောအခါ အကျွန်ုပ်ကို သတိရတော်မူပါ” ဟု လျှောက်လေ၏။
43 ထိုအခါ ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ သင်သည် ငါနှင့်အတူ ပရဒိသုဘုံတွင်ရှိလိမ့်မည်” ဟု မိန့်တော်မူ၏။
အသက်ချုပ်တော်မူခြင်း
44 ထိုအချိန်သည် မွန်းတည့်ချိန်gခန့် ဖြစ်ပြီး မွန်းလွဲသုံးနာရီhတိုင်အောင် မြေပြင်တစ်ခွင်လုံးသည် အမှောင်ဖုံးလေ၏။ 45 နေရောင်သည်လည်း ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ကန့်လန့်ကာသည် နှစ်ခြမ်းကွဲလေ၏။ 46 ထို့နောက် ယေရှုသည် ကျယ်လောင်သောအသံဖြင့် “အို အဖ… အကျွန်ုပ်၏စိတ်ဝိညာဉ်ကို အဖ၏လက်တော်သို့ အပ်ပါ၏”i ဟု ဆိုလျက် အသက်ချုပ်တော်မူ၏။
47 ဤအဖြစ်အပျက်ကို ရောမတပ်မှူးjသည် မြင်တွေ့သောအခါ “ဤသူသည် အမှန်ပင်ဖြောင့်မတ်သောသူ ဖြစ်သည်” ဟု ဆိုကာ ဘုရားသခင်ကိုချီးမွမ်းလေ၏။ 48 ထိုအမှုကို အတူတကွ လာရောက်ကြည့်ရှုကြသော လူထုအားလုံးသည် ဤအဖြစ်အပျက်ကို မြင်သောအခါ မိမိတို့၏ရင်ဘတ်များကိုထုလျက် လှည့်ပြန်သွားကြ၏။ 49 ဂါလိလဲပြည်မှ နောက်တော်သို့ လိုက်ခဲ့ကြသောအမျိုးသမီးများမှစ၍ ယေရှု၏အသိမိတ်ဆွေအပေါင်းတို့သည် ဤအရာများကို အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။
ယေရှုကို သင်္ဂြိုဟ်ခြင်း
50 ထိုအချိန်တွင် ဖြောင့်မတ်၍ သူတော်ကောင်းဖြစ်သော ယုဒပြည် အရိမဿဲမြို့သား ယောသပ်ဟု ခေါ်သည့်သူတစ်ဦးရှိ၏။ သူသည် တရားလွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး 51 လွှတ်တော်အဖွဲ့၏ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်ကို လက်မခံသောသူဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသောသူလည်း ဖြစ်၏။ 52 သူသည် ပိလတ်မင်းထံသို့သွား၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ 53 ထို့နောက် အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှ ချ၍ ပိတ်ချောနှင့်ရစ်ပတ်ပြီးလျှင် မည်သူ့ကိုမျှ မသင်္ဂြိုဟ်ဖူးသေးသော ကျောက်ဆောင်ကိုထွင်းထားသည့်သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်၏။ 54 ထိုနေ့သည် ပြင်ဆင်ရာနေ့ဖြစ်၍ ဥပုသ်နေ့သို့ ကူးရန် နီးကပ်လာပြီဖြစ်၏။