ဘုရားသခင်​အတွက် အသက်ရှင်သော ယဇ်​ဖြစ်ခြင်း
12
ထို့ကြောင့် ချစ်သော​ညီအစ်ကို​မောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့​ကို ထောက်ရှု​၍ သင်တို့​ကို ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်​လို၏။ သင်တို့​၏ ကိုယ်ခန္ဓာ​ကို ဘုရားသခင်​လက်ခံနိုင်ဖွယ်​ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သော​ယဇ်​အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့​ဆက်ကပ်ခြင်း​သည် ဘုရားသခင်​ကို စစ်မှန်​စွာ ကိုးကွယ်ခြင်း​ဖြစ်၏။ 2 ဤ​လောက​၏ အမူအကျင့်​နှင့် ဓလေ့တို့​ကို အတု​မယူကြနှင့်။ သင်တို့​၏ စိတ်နှလုံး​ကို ပြောင်းလဲစေခြင်း​အားဖြင့် စိတ်သစ်​လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်​အလိုရှိတော်မူသည့် ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ ပြည့်စုံသော​အရာတို့​သည် မည်သည့်​အရာ​ဖြစ်သည်​ကို သင်တို့​ပိုင်းခြား​သိမြင်ကြ​လိမ့်မည်။
3 ကျွန်ုပ်​အား ဘုရားသခင်​ပေးအပ်တော်မူသော တမန်တော်​ဖြစ်ခြင်း အခွင့်ထူးa​ဖြင့် သင်တို့​တစ်ဦးချင်း​ကို ကျွန်ုပ်​ပြော​လိုသည်​မှာ သင်တို့​သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်​ထက် ပို၍ အထင်​မကြီးကြနှင့်။ မိမိတို့​အတွက် ဘုရားသခင်​ခွဲဝေ​ပေးသနားတော်မူသော ယုံကြည်ခြင်း​ပမာဏ​အတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်​ရိုးသား​စွာ သုံးသပ်ကြလော့။ 4 ကိုယ်ခန္ဓာ​တစ်ခုတည်း​၌ အင်္ဂါအစိတ်အပိုင်း​များစွာ ရှိ​ပြီး ထို​အစိတ်အပိုင်း​အားလုံး​သည် မတူညီသော လုပ်ဆောင်ချက်​ကို လုပ်ဆောင်ကြ၏။ 5 ထိုကဲ့သို့​ပင် များပြားလှသော ကျွန်ုပ်တို့​သည်လည်း ခရစ်တော်​၌ ကိုယ်ခန္ဓာ​တစ်ခုတည်း ဖြစ်​၍ အချင်းချင်း ဆက်စပ်​လျက်​ရှိသော အင်္ဂါ​အစိတ်အပိုင်းများ ဖြစ်ကြ၏။ 6 သို့ဖြစ်၍ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်​အတိုင်း ကျွန်ုပ်တို့​သည် ကွဲပြား​ခြားနားသော ဆုကျေးဇူး​အသီးသီး​ကို လက်ခံရရှိကြ၏။ ကျွန်ုပ်တို့​လက်ခံရရှိသော ဆုကျေးဇူး​သည် ပရောဖက်ပြု​ဟောပြောခြင်း​ဖြစ်လျှင် ယုံကြည်ခြင်း​၏ ပမာဏ​အတိုင်း ဟောပြောကြရမည်။ 7 အမှုတော်​ဆောင်ရွက်ခြင်း​ဖြစ်လျှင် အမှုတော်​ကို ကောင်းစွာ ဆောင်ရွက်ကြရမည်။ သွန်သင်ခြင်း​ဖြစ်လျှင် ကောင်းစွာ သွန်သင်ကြရမည်။ 8 နှစ်သိမ့်​အားပေးခြင်း​ဖြစ်လျှင် နှစ်သိမ့်​အားပေး​ကြရမည်။ ပေးကမ်း​ဝေမျှခြင်း​ဖြစ်လျှင် ရက်ရော​စွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်း​ဖြစ်လျှင် လုံ့လဝီရိယ​ဖြင့် ဦးဆောင်ကြရမည်။ ကြင်နာ​မစခြင်း​ဖြစ်လျှင် စေတနာစိတ်​နှင့် မစကြရမည်။
9 သူတစ်ပါး​ကို ချစ်ခင်​ဟန် မဆောင်နှင့်။ စစ်မှန်​စွာ ချစ်လော့။ မကောင်းမှု​ကို မုန်းတီး​၍ ကောင်းမှု​ကို စွဲလမ်းကြလော့။ 10 တစ်ဦး​ကို တစ်ဦး ညီအစ်ကို​မောင်နှမ​မေတ္တာ​ဖြင့် ချစ်ကြလော့။ တစ်ဦး​ကို​တစ်ဦး ဦးစားပေး​၍ ချီးမြှောက်ကြလော့။ 11 မပျင်းရိဘဲ အလုပ်​ကို ကြိုးစား​၍ စိတ်အားထက်သန်​စွာ ဘုရားသခင်​ကို အစေခံကြလော့။ 12 မျှော်လင့်​လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ​၌ သည်းခံ​၍ မပျက်မကွက်​ဆုတောင်းကြလော့။ 13 ယုံကြည်သူများb အကူအညီ လိုအပ်​သောအခါ ကူညီ​ရန် အသင့်ရှိကြလော့။ ဧည့်ဝတ်​ကို ကျေပွန်​စွာ ပြုကြလော့။
14 သင်တို့​ကို ညှဉ်းပန်းနှိပ်စက်သော​သူတို့​ကို မေတ္တာပို့ကြလော့။ သူတို့​ကို မကျိန်ဆဲဘဲ မေတ္တာပို့ကြလော့။ 15 ဝမ်းမြောက်သော​သူတို့​နှင့်အတူ ဝမ်းမြောက်ကြလော့။ ငိုကြွေးသော​သူတို့​နှင့်အတူ ငိုကြွေးကြလော့။ 16 တစ်ဦး​နှင့် တစ်ဦး စည်းလုံး​ညီညွတ်​စွာ နေကြလော့။ နိမ့်ပါးသော​သူတို့​နှင့် မာန​မထောင်လွှားဘဲ ပေါင်းသင်း​ဆက်ဆံကြလော့။ မိမိကိုယ်ကိုယ် ငါ​သည် ပို၍ ပညာရှိသည်​ဟု မထင်မှတ်နှင့်။
17 ရန်​ကို ရန်ချင်း မတုံ့ပြန်နှင့်။ လူအပေါင်းတို့​က မွန်မြတ်သည်​ဟု လက်ခံထားသော​အပြုအမူ​ကို ပြုကျင့်ကြလော့။ 18 တတ်နိုင်သမျှ လူတိုင်း​နှင့် သင့်မြတ်​စွာ နေကြလော့။
19 ချစ်ရသော​သူတို့… ကိုယ်တိုင်​လက်တုံ့မပြန်ကြနှင့်။ ဘုရားသခင်​ကသာ စီရင်ပါစေ။ ကျမ်းစာ​၌
“ထာဝရဘုရား​က ‘လက်တုံ့ပြန်ခြင်း​သည် ငါ့​တာဝန် ဖြစ်၏။
သူတို့​ကို အပြစ်​နှင့်​အလျောက် ငါ​ဆပ်ပေးမည်’ ဟု
မိန့်တော်မူ၏”
ဟူ၍​ရေးသားထား၏။
20 လက်တုံ့ပြန်မည့်​အစား ဤသို့​ပြုလော့။
“သင်​၏ ရန်သူတို့​သည် ဆာလောင်​လျှင် ကျွေးလော့။
ရေငတ်​လျှင် သောက်စရာ​ပေးလော့။
ထိုသို့​ပြုခြင်း​အားဖြင့် သင်​သည် သူတို့​၏ ခေါင်း​ပေါ်၌
မီးခဲ​ကို ပုံထား​သကဲ့သို့ ဖြစ်​လိမ့်မည်။”
21 မကောင်းမှု​၏ အနိုင်ယူခြင်း​ကို မခံနှင့်။ ကောင်းမှု​ပြုခြင်း​ဖြင့် မကောင်းမှု​ကို အနိုင်ယူလော့။