အစိုးရမင်းများ​အား ပြုအပ်သော​ဝတ်
13
လူတိုင်း အစိုးရ​၏ အမိန့်​အာဏာ​ကို နာခံ​ကြရမည်။ အဘယ်ကြောင့်ဆိုသော် အာဏာ​ဟူသမျှ​သည် ဘုရားသခင်​ထံမှ လာ​သောကြောင့်​ဖြစ်၏။ အုပ်စိုး​လျက်​ရှိသော အာဏာများ​သည် ဘုရားသခင် ခန့်ထားတော်မူသည့်​အာဏာများ ဖြစ်၏။ 2 ထို့ကြောင့် အစိုးရ​အာဏာ​ကို ဆန့်ကျင်သော​သူတို့​သည် ဘုရားသခင်​၏ စီမံခန့်ခွဲတော်မူခြင်း​ကို ဆန့်ကျင်သောသူ ဖြစ်၏။ ထို​သူတို့​သည် ပြစ်ဒဏ်​ပေးခြင်း​ကို ခံရမည်။ 3 ကောင်းသော​အကျင့်​ကို ကျင့်သောသူများ​အတွက် အစိုးရမင်းများ​သည် ကြောက်စရာ​မဟုတ်။ ဆိုးသော​အကျင့်​ကို ကျင့်သောသူများ​အတွက်​သာ ကြောက်စရာ​ဖြစ်၏။ အစိုးရမင်း​ကို မကြောက်ဘဲ နေလို​လျှင် ကောင်းသော​အကျင့်​ကို ကျင့်လော့။ သို့ပြုလျှင် သူ​သည် သင့်​ကို ချီးမွမ်း​လိမ့်မည်။ 4 အစိုးရမင်း​သည် သင်​၏ အကျိုး​အတွက် ခန့်ထားခံရသော ဘုရားသခင်​၏ အစေခံ​ဖြစ်၏။ သို့သော် သင်​သည် မကောင်းမှု​ကို ပြုမိ​လျှင် သူ့​ကို ကြောက်ရမည်။ အဘယ်ကြောင့်ဆိုသော် သူ​သည် သင့်​အား အပြစ်​ပေးပိုင်ခွင့် ရှိ​သောကြောင့်​ဖြစ်၏။a သူ​သည် ဘုရားသခင်​၏ အစေခံ​ဖြစ်​၍ မကောင်းမှု​ကို ကျူးလွန်သော​သူတို့​ကို ပြစ်ဒဏ်​ပေးမည့်သူ ဖြစ်၏။ 5 သို့ဖြစ်၍ ပြစ်ဒဏ်​ကို ကြောက်​သောကြောင့်​သာ မဟုတ်ဘဲ မိမိ​အသိစိတ်​ကြောင့်လည်း သူ​၏​အုပ်ချုပ်မှု​ကို နာခံရမည်။
6 ထို​အကြောင်း​ကြောင့် အခွန်​ကိုလည်း ပေးဆောင်ကြလော့။ အဘယ်ကြောင့်ဆိုသော် အစိုးရမင်းတို့​သည် အုပ်ချုပ်​ရန် အချိန်ပြည့်​တာဝန်ယူထားသော ဘုရားသခင်​၏ အစေခံများ​ဖြစ်​သောကြောင့်​ပင်။ 7 ပေးဆောင်​ထိုက်သည်​ကို ပေးဆောင်ကြလော့။ အခွန်​ဆောင်စရာ​ရှိလျှင် ပေးဆောင်ကြလော့။ အကောက်​ဆောင်စရာ​ရှိလျှင် ပေးဆောင်ကြလော့။ ကြောက်ရွံ့ထိုက်သူ​ကို ကြောက်ရွံ့​၍ ရိုသေထိုက်သူ​ကို ရိုသေကြလော့။
ဘုရားသခင်​၏ ပညတ်တော်တို့​ကို ပြည့်စုံစေသော ချစ်ခြင်းမေတ္တာ
8 အချင်းချင်း မေတ္တာကြွေး​မှလွဲ၍ မည်သည့် အကြွေး​မျှ မတင်စေကြနှင့်။ သူတစ်ပါး​ကို ချစ်သောသူ​သည် ပညတ်တရား​ကို အပြည့်အဝ​လိုက်နာသူ ဖြစ်၏။ 9 အဘယ်ကြောင့်ဆိုသော် “သူတစ်ပါး​သားမယား​ကို မပြစ်မှားနှင့်။ လူ့​အသက်​ကို မသတ်နှင့်။ မခိုးယူနှင့်။ မမှန်သော​သက်သေ​ကို မထွက်ဆိုနှင့်။ သူတစ်ပါး​ဥစ္စာ​ကို မတပ်မက်နှင့်” ဟူသော ပညတ်ချက်များ​နှင့် အခြား​ပညတ်တို့​၏ အနှစ်ချုပ်​မှာ “ကိုယ်​နှင့် သက်ဆိုင်သော​သူ​ကို ကိုယ်​နှင့်အမျှ ချစ်လော့” ဟူသည့် ပညတ်​ဖြစ်​သောကြောင့် ဖြစ်၏။ 10 ချစ်ခြင်းမေတ္တာ​သည် ကိုယ်​နှင့် သက်ဆိုင်သော​သူတို့​အား အကျိုး​မယုတ်စေပါ။ ထို့ကြောင့် ချစ်ခြင်းမေတ္တာ​သည် ဘုရားသခင်​၏ ပညတ်တော်​ကို ပြည့်စုံစေ၏။
11 သင်တို့​သည် ယခု​လက်ရှိ အချိန်အခါ​ကို နားလည်ကြ၏။ သင်တို့ အိပ်ပျော်ရာ​မှ နိုးထ​ရမည့်​အချိန် ရောက်ပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ကယ်တင်ခံရမည့် အချိန်​သည် ကျွန်ုပ်တို့ စတင်​ယုံကြည်ခဲ့သည့် အချိန်​က​ထက် ပို၍ နီးကပ်လာ​သောကြောင့် ဖြစ်၏။ 12 ညအချိန် ကုန်ဆုံးတော့မည်​ဖြစ်ပြီး နေ့အချိန်​သည် နီးကပ်လာပြီ။ ထို့ကြောင့် ကျွန်ုပ်တို့​သည် အမှောင်​၌ ပြုသော​အကျင့်များ​ကို ဖယ်ရှား​၍ အလင်း​၏ လက်နက်များ​ကို ကိုင်ဆောင်​ကြရမည်။ 13 နေ့အချိန်​၌ ပြုမူနေထိုင်​သကဲ့သို့ သင့်တင့်​လျောက်ပတ်​စွာ ပြုမူနေထိုင်​ကြရမည်။ အပျော်ကြူးခြင်း၊ သောက်စား​မူးယစ်ခြင်း၊ ကာမဂုဏ်​လိုက်စားခြင်း၊ ကိလေသာ​လွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း​နှင့် မနာလိုခြင်း​တို့ကို ရှောင်ကြဉ်ရမည်။ 14 သခင်​ယေရှု​ခရစ်တော်​ကဲ့သို့ ကျင့်ကြံ​ပြုမူကြလော့။b လူ့​ဗီဇစိတ်c​အလို​ကို လိုက်​ရန် မကြံစည်ကြနှင့်။