ပေါလု​၏ ရူပါရုံ​နှင့် သူ​၏ ကိုယ်ခန္ဓာ​ထဲ၌ ရှိသော​ဆူး
12
ကြွားဝါခြင်း​သည် အကျိုး​မရှိသော်လည်း ကျွန်ုပ်​ဆက်​၍ ကြွားဝါ​ရမည်။ ယခု​တွင်မူ သခင်ဘုရား​ထံမှ ရူပါရုံ​နှင့် ဗျာဒိတ်တော်​အကြောင်း​ကို ပြောဦးမည်။ 2 လွန်ခဲ့သော​ဆယ့်လေးနှစ်​က တတိယ​ကောင်းကင်ဘုံ​သို့a ချီဆောင်​ခံရသည့် ခရစ်တော်​၏ တပည့်​တစ်ယောက်​ကိုb ကျွန်ုပ်​သိ၏။ သူ​သည် ကိုယ်ခန္ဓာ​ပါလျက် ချီဆောင်​ခံရသလော၊ မပါဘဲ​ချီဆောင်​ခံရသလော ကျွန်ုပ်​မသိ။ ဘုရားသခင်​သာ သိတော်မူ၏။ 3-4 ကျွန်ုပ်​သိသည်​မှာ သူ​သည် ပရဒိသုဘုံ​သို့ ချီဆောင်​ခံရ​၍ လူတို့ မပြောသင့်၊ ပြော​၍​လည်း မရနိုင်သော​စကား​ကို ကြားခဲ့ရကြောင်း​ဖြစ်၏။ သို့သော် သူ​သည် ကိုယ်ခန္ဓာ​ပါလျက် ချီဆောင်​ခံရသလော၊ မပါဘဲ​ချီဆောင်​ခံရသလော ကျွန်ုပ်​မသိ။ ဘုရားသခင်​သာ သိတော်မူ၏။
5 ထိုသို့သော​သူ​၏​အကြောင်း​ကို ကျွန်ုပ်​ကြွားဝါမည်။ ကျွန်ုပ်​နှင့်​ပတ်သက်​လျှင်​မူ ကျွန်ုပ်​၏ အားနည်းခြင်း​အကြောင်း​မှလွဲ၍ ကြွားဝါမည်​မဟုတ်။ 6 ကျွန်ုပ်​ကြွားဝါ​လို​လျှင်လည်း အမှန်​ကိုသာ ပြောဆိုမည်​ဖြစ်​သောကြောင့် မိုက်မဲသောသူ​ဖြစ်မည်​မဟုတ်။ သို့သော် မည်သူ​ကမျှ ကျွန်ုပ်​ကို မြင်ရသည်​ထက်၊ သို့မဟုတ် ကျွန်ုပ်​ထံက ကြားရသည်​ထက် ပို၍ အထင်မကြီးမိ​စေရန် ကျွန်ုပ်​မကြွားဝါဘဲ​နေမည်။ 7 ကျွန်ုပ်​ရရှိသည့် ဗျာဒိတ်တော်​မှာ အလွန်​ထူးမြတ်​သောကြောင့် မိမိ​ကိုယ်ကိုယ် အထင်မကြီးမိ​စေရန် ကျွန်ုပ်​၏​ကိုယ်ခန္ဓာ​ထဲ၌ ဆူးတစ်ခုc​ကို ပေးတော်မူ၏။ ထို​ဆူး​မှာ ကျွန်ုပ်​သည် မိမိ​ကိုယ်ကိုယ် အထင်မကြီးမိ​စေရန် ကျွန်ုပ်​ကို ဒုက္ခပေးသည့် စာတန်​၏ တမန်​ဖြစ်၏။
8 ထို​ဆူး​ကို ဖယ်ရှား​ပေးတော်မူ​ရန် သခင်ဘုရား​ထံ သုံးကြိမ်​တိုင်တိုင် ကျွန်ုပ်​အသနားခံခဲ့၏။ 9 သို့သော် ကိုယ်တော်​က “ငါ​ပြုသော​ကျေးဇူး​သည် သင့်​အတွက် လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် ငါ့​တန်ခိုး​သည် သင်​အားနည်း​သောအခါ အပြည့်အဝ​ထင်ရှား​သောကြောင့်​ဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့ကြောင့် ကျွန်ုပ်​အပေါ် ခရစ်တော်​၏​တန်ခိုး တည်နေ​ရန် ကျွန်ုပ်​သည် ကျွန်ုပ်​၏ အားနည်းချက်​ကို ပို၍ ဝမ်းမြောက်​စွာ ကြွားဝါမည်။ 10 သို့ဖြစ်၍ ခရစ်တော်​အတွက်​ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် ခက်ခဲခြင်းတို့​ကို ကျွန်ုပ်​ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် အားနည်း​သောအခါ ခရစ်တော်​၏​တန်ခိုး​အားဖြင့် အားကြီး​လျက်​ရှိ​သောကြောင့်​ဖြစ်၏။
ကောရိန္သု​အသင်းတော်​အတွက် ပေါလု​စိုးရိမ်ပူပန်ခြင်း
11 သင်တို့​သည် ကျွန်ုပ်​ကို မိုက်မဲသောသူ​ဖြစ်​စေရန် တွန်းပို့​သဖြင့် ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်လာရပြီ။ အမှန်​တွင်မူ သင်တို့​သည် ကျွန်ုပ်​ကို ချီးမွမ်း​သင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သာမညလူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်များ​ထက် အနည်းငယ်​မျှ မညံ့​သောကြောင့် ဖြစ်၏။ 12 ကျွန်ုပ်​တမန်တော်​ဖြစ်ကြောင်း​ကို သင်တို့​နှင့်အတူ​ရှိစဉ် လက္ခဏာများ​နှင့်တကွ သက်သေပြခဲ့၏။ ကျွန်ုပ်​သည် နိမိတ်​လက္ခဏာများ၊ အံ့ဖွယ်​ဖြစ်ရပ်များ​နှင့် အံ့ဖွယ်တန်ခိုးများ​ဖြင့် သင်တို့​အား စိတ်ရှည်​စွာ ပြခဲ့၏။ 13 ကျွန်ုပ်​အား ငွေကြေး​ထောက်ပံ့ရသော ဝန်ထုပ်ဝန်ပိုး​ကို သင်တို့​အား မပေးခဲ့ခြင်း​မှလွဲ၍ သင်တို့​သည် အခြား​အသင်းတော်များ​ထက် ဂုဏ်ငယ်​စရာ​အကြောင်း​မရှိ။ ဤသို့ မမျှမတ​ပြုခဲ့သည့်​အတွက် ကျွန်ုပ်​ကို ခွင့်လွှတ်ကြပါလော့။
14 ယခု ကျွန်ုပ်​သည် သင်တို့​ထံသို့ တတိယ​အကြိမ် လာ​ရန် အသင့်​ရှိ၏။ သို့သော် သင်တို့​အတွက် ဝန်ထုပ်ဝန်ပိုး​ဖြစ်စေမည်​မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သင်တို့​၏ ငွေကြေးဥစ္စာ​ကို အလို​ရှိ​၍​မဟုတ်ဘဲ သင်တို့​ကိုသာ အလိုရှိ​သောကြောင့်​ဖြစ်၏။ သားသမီးတို့​သည် မိဘ​အတွက် ငွေကြေးဥစ္စာ​ကို စုဆောင်းရသည်​မဟုတ်။ မိဘတို့​ကသာ သားသမီးတို့​အတွက် စုဆောင်းရ၏။ 15 ထို့ကြောင့် ကျွန်ုပ်​သည် သင်တို့​၏​စိတ်ဝိညာဉ်​အတွက် ကျွန်ုပ်​၌ ရှိသမျှသော​ငွေကြေးဥစ္စာများ​နှင့် စိတ်ရောကိုယ်ပါ ဝမ်းမြောက်စွာ ပေးအပ်မည်။ ကျွန်ုပ်​သည် သင်တို့​အပေါ် ဤမျှ​မေတ္တာထား​လျှင် ကျွန်ုပ်​အပေါ်​ထားသော သင်တို့​၏​မေတ္တာ​သည် လျော့ပါး​သွားမည်လော။
16 ကျွန်ုပ်​သည် သင်တို့​အတွက် ဝန်ထုပ်ဝန်ပိုး​မဖြစ်ကြောင်း​ကို သင်တို့​ဝန်ခံကြ၏။ သို့သော် သင်တို့​ထဲမှ တချို့​က ကျွန်ုပ်​သည် ဉာဏ်များသောသူ​ဖြစ်​ပြီး သင်တို့​၏​ငွေကြေးဥစ္စာ​ကို လှည့်စား​၍ ရယူခဲ့သည်​ဟု ထင်ကြ​ဆဲ​ဖြစ်၏။ 17 ထိုသို့​ဆို​လျှင် သင်တို့​ထံသို့ ကျွန်ုပ်​စေလွှတ်ခဲ့သောသူ​တစ်စုံတစ်ယောက်​အားဖြင့် သင်တို့​အပေါ် အမြတ်ထုတ်​ခဲ့ဖူးသလော။ 18 ကျွန်ုပ်​သည် တိတု​ကို သင်တို့​ထံ သွား​ရန် တိုက်တွန်း​၍ သူ​နှင့်အတူ အခြား​ညီအစ်ကို​တစ်ယောက်​ကိုလည်း စေလွှတ်ခဲ့၏။ တိတု​သည် သင်တို့​အပေါ် အမြတ်ထုတ်​ခဲ့ဖူးသလော။ ကျွန်ုပ်တို့​သည် စိတ်​သဘောချင်း​တူ​၍ တစ်လမ်းတည်း လျှောက်ခဲ့ကြသည်​မဟုတ်လော။
19 ကျွန်ုပ်တို့​သည် မိမိ​ကိုယ်ကိုယ် ကာကွယ်​ပြောဆိုနေကြသည်​ဟု သင်တို့ တစ်ချိန်လုံး​ထင်မှတ်​နေကြသလော။ ကျွန်ုပ်တို့​သည် ခရစ်တော်​ပြောဆို​စေတော်မူလိုသည့်​အတိုင်း ဘုရားသခင် ရှေ့တော်မှောက်​၌ ပြောဆိုကြ၏။ ချစ်ရသော​သူတို့… ကျွန်ုပ်တို့​လုပ်ဆောင်သမျှ အရာရာတိုင်း​သည် သင်တို့​ကို ဆောက်တည်ပေး​နိုင်ရန်​ဖြစ်၏။ 20 ကျွန်ုပ်​ရောက်လာ​သောအခါ သင်တို့​ကို ကျွန်ုပ်​မြင်တွေ့​လိုသည့်​အတိုင်း မဖြစ်​သကဲ့သို့ ကျွန်ုပ်​ကိုလည်း သင်တို့​မြင်တွေ့​လိုသည့်​အတိုင်း မဖြစ်မည်​ကို ကျွန်ုပ်​စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း​စသည်တို့​ရှိမည်​ကို စိုးရိမ်၏။ 21 နောက်​တစ်ကြိမ် ကျွန်ုပ်​ရောက်လာ​သောအခါ ဘုရားသခင်​သည် သင်တို့​ရှေ့​၌ ကျွန်ုပ်​ကို နှိမ့်ချ​တော်မူ​၍ ယခင်​က ကျူးလွန်ခဲ့သည့် စက်ဆုပ်​ညစ်ညမ်းခြင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ ကာမဂုဏ်​လိုက်စားခြင်းတို့​ကို ယခု​တိုင်အောင် ကျူးလွန်​လျက် နောင်တ​မရသေးသောသူ​များစွာ​အတွက်​ကြောင့် ကျွန်ုပ်​ဝမ်းနည်း​ရမည်​ကို​လည်း စိုးရိမ်၏။