ပေါလု၏ နောက်ဆုံးအကြံပြုနှိုးဆော်ချက်
13
ယခု ကျွန်ုပ်သည် တတိယအကြိမ် သင်တို့ထံသို့ လာခဲ့မည်။ ကျမ်းစာ၌ “အမှုကိစ္စမှန်သမျှကို သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ ထွက်ဆိုချက်အရ အတည်ပြုဆုံးဖြတ်ရမည်” ဟု ဖော်ပြထား၏။ 2 ဒုတိယအကြိမ် ကျွန်ုပ်သင်တို့နှင့်အတူ ရှိခဲ့စဉ်က ယခင် အပြစ်ကျူးလွန်သူများနှင့် အခြားသူအပေါင်းတို့အား နောက်တစ်ကြိမ် ရောက်လာလျှင် ညှာတာမည်မဟုတ်ဟု သတိပေးခဲ့သည့်အတိုင်း ယခုအဝေး၌ ရှိစဉ်တွင်လည်း ထပ်မံ၍ သတိပေးလိုက်၏။3 ခရစ်တော်သည် ကျွန်ုပ်အားဖြင့် မိန့်တော်မူသည်ဟူသော သက်သေကို သင်တို့တောင်းဆိုသည့်အတိုင်း ကျွန်ုပ်ပြမည်။ ကိုယ်တော်သည် သင်တို့ကို အပြစ်ပေးရာ၌ဖြစ်စေ၊ ကူညီမစရာ၌ဖြစ်စေ အားနည်းတော်မမူပါ။ တန်ခိုးတော်သည် သင်တို့အလယ်၌ အားကြီးတော်မူ၏။ 4 ကိုယ်တော်သည် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့စဉ် လူသားအနေဖြင့် အားနည်းသောအခြေအနေ၌ ရှိခဲ့သော်လည်း ယခုအခါ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ကျွန်ုပ်တို့သည်လည်း ခရစ်တော်နည်းတူ အားနည်းကြ၏။ သို့သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်မည်ဖြစ်၍ သင်တို့ကို အပြစ်ပေးရာ၌ဖြစ်စေ၊ ကူညီမစရာ၌ဖြစ်စေ အားနည်းကြမည်မဟုတ်ပေ။
5 သင်တို့သည် ယုံကြည်ခြင်း၌ တည်သောသူများ ဖြစ်သည်၊ မဖြစ်သည်ကို မိမိကိုယ်ကိုယ် ဆန်းစစ်ကြလော့။ မိမိကိုယ်ကိုယ် စစ်ဆေးကြလော့။ ယေရှုခရစ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူကြောင်း သင်တို့မသိကြသလော။ စစ်ဆေးရာတွင် ကျရှုံးလျှင်မူ ယေရှုခရစ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်မဟုတ်။ 6 ကျွန်ုပ်တို့သည် စစ်ဆေးရာတွင် မကျရှုံးကြောင်း သင်တို့သိကြလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်၏။
7 သင်တို့သည် မကောင်းသောအမှုကို မပြုမိစေရန် ဘုရားသခင်ထံ ကျွန်ုပ်တို့ဆုတောင်း၏။ ဤသို့ဆုတောင်းရခြင်းမှာ စစ်ဆေးခြင်းကို ကျွန်ုပ်တို့အောင်မြင်ကြောင်း ပေါ်လွင်စေလို၍ မဟုတ်ပါ။ ကျွန်ုပ်တို့သည် စစ်ဆေးခြင်းကို ကျရှုံးသောသူများကဲ့သို့ ဖြစ်နေလျှင်ပင် သင်တို့အား ကောင်းသောအမှုကို ပြုစေရန်ဖြစ်၏။ 8 ကျွန်ုပ်တို့သည် သမ္မာတရားကို ဆန့်ကျင်၍ မည်သည့်အမှုကိုမျှ မပြုနိုင်ကြ။ သမ္မာတရားဘက်၌ နေ၍သာ ပြုနိုင်ကြ၏။ 9 ကျွန်ုပ်တို့အားနည်းနေလျှင်ပင် သင်တို့အားကြီးပါက ကျွန်ုပ်တို့ဝမ်းမြောက်၏။ ကျွန်ုပ်တို့ဆုတောင်းသည်မှာ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် ဖြစ်၏။
10 ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်အား သခင်ဘုရား ပေးတော်မူသည့်အခွင့်အာဏာကို ပြင်းထန်စွာ အသုံးမပြုလိုသောကြောင့် သင်တို့ထံ မလာမီ ဤအကြောင်းအရာများကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထိုအခွင့်အာဏာမှာ သင်တို့အား ဖြိုဖျက်ရန် မဟုတ်ဘဲ တည်ဆောက်ရန်ဖြစ်၏။
နိဂုံးချုပ်စကား
11 နိဂုံးချုပ်စကားဆိုရလျှင် ညီအစ်ကိုမောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် အခွင့်ပေးကြလော့။ ကျွန်ုပ်၏ နှိုးဆော်ချက်ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းရှိလျက် သင့်မြတ်စွာနေကြလော့။ မေတ္တာတရားနှင့် ငြိမ်းချမ်းခြင်းတို့၏ အရှင်ဖြစ်တော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
12 အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။ 13 ဘုရားသခင်ကို ယုံကြည်ကြသည့် ဤနေရာ၌ ရှိသောသူအပေါင်းတို့aက သင်တို့ကို နှုတ်ဆက်ကြ၏။
14 သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်သဟာယဖွဲ့ခြင်းတို့သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။
ကောရိန္သုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။