သခင်ဘုရား ကြွမလာ​မီ ပေါ်လာမည့် တရားမဲ့သူ
2
ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ကြွလာတော်မူခြင်း​အကြောင်း​နှင့် ကိုယ်တော်​ထံ ကျွန်ုပ်တို့ စုဝေးခြင်း​အကြောင်း​တို့နှင့်​ပတ်သက်​၍ 2 ပရောဖက်ပြု​ဟောပြောခြင်း​ဖြင့်​ဖြစ်စေ၊ နှုတ်စကား​ဖြင့်​ဖြစ်စေ၊ ကျွန်ုပ်တို့​ရေးပို့သည့် စာ​ကဲ့သို့သော စာ​ဖြင့်​ဖြစ်စေ သခင်ဘုရား ပြန်လည်​ကြွလာသည့် နေ့ရက် ကျရောက်ပြီ ဖြစ်ကြောင်း ကျွန်ုပ်တို့​က သွန်သင်သည့် ပုံမျိုး​ဖြင့် ပြောဆိုကြ​လျှင်ပင် လွယ်လွယ်​နှင့် မတုန်လှုပ် မစိုးရိမ်ကြ​ရန် ကျွန်ုပ်တို့ တောင်းပန်ပါ၏။ 3 မည်သူမျှ သင်တို့​ကို မည်သည့်​နည်းမျိုး​ဖြင့် မလှည့်ဖြားစေနှင့်။ ဘုရားသခင်​ကို ဆန့်ကျင်​ပုန်ကန်မှု​ဖြစ်ပျက်​၍ တရားမဲ့သူ​ဖြစ်သော ပျက်စီးခြင်း​၏​သား မပေါ်ပေါက်​မီ​အထိ ထို​နေ့ရက်​သည် ကျရောက်လာမည် မဟုတ်ပေ။ 4 ထို​သူ​သည် ဘုရား​ဟု ခေါ်​၍ လူတို့ ကိုးကွယ်ကြသော အရာ​အားလုံး​ကို ဆန့်ကျင်​လျက် မိမိကိုယ်ကိုယ် ချီးမြှောက်​လိမ့်မည်။ ဘုရားသခင်​၏ ဗိမာန်တော်​တွင် ထိုင်​လျက် မိမိကိုယ်ကိုယ် ဘုရားသခင်​ဖြစ်ကြောင်း ကြွေးကြော်​လိမ့်မည်။ 5 ကျွန်ုပ် သင်တို့​နှင့်အတူ ရှိစဉ်​က ဤ​အကြောင်းအရာများ ပြောခဲ့သည်​ကို သင်တို့ မမှတ်မိကြသလော။ 6 ထို​သူ​သည် အချိန်ကျ​သောအခါ ပေါ်လာ​စေရန် ယခု မည်သည့်​အရာ​က သူ့​ကို တားဆီးနေကြောင်း သင်တို့​သိကြ၏။ 7 ထို​တရားမဲ့မှု​၏ လျှို့ဝှက်သော​တန်ခိုး​သည် ယခု လှုပ်ရှားနေပြီ​ဖြစ်၏။ သို့သော်လည်း တားဆီးသူ​သည် ဖယ်ရှားခံရ​ချိန် မရောက်မီ​တိုင်အောင် တားဆီးနေ​လိမ့်မည်။ 8 ထို့နောက် တရားမဲ့သူ​သည် ပေါ်လာ​လိမ့်မည်။ သို့သော် သခင်​ယေရှု​ကြွလာတော်မူ​သောအခါ ထို​တရားမဲ့သူ​ကို နှုတ်တော်ထွက်​လေ​ဖြင့် ဖျက်ဆီး​၍ ဘုန်းရောင်ခြည်​ဖြင့် ပယ်ရှားတော်မူ​လိမ့်မည်။ 9 ထို​တရားမဲ့သူ​သည် စာတန်​ထံက တန်ခိုး​ကို ရ​၍ စာတန်​၏ အလုပ်​ကို လုပ်ဆောင်​ရန် ရောက်လာ​သောအခါ အတုအယောင်​တန်ခိုး၊ အံ့ဖွယ်​ဖြစ်ရပ်​နှင့် နိမိတ်​လက္ခဏာများ​ကို ပြလိမ့်မည်။ 10 ထို့နောက် ပျက်စီးတော့မည့်​သူတို့​ကို မတရားသော နည်းပရိယာယ်​အမျိုးမျိုး​ဖြင့် လှည့်ဖြား​လိမ့်မည်။ သူတို့​ပျက်စီးတော့မည့် အကြောင်းအရင်း​သည် ကယ်တင်ခံရ​ရန် သမ္မာတရား​ကို နှစ်သက်​လက်ခံခြင်း မရှိ​သောကြောင့်​ဖြစ်၏။ 11 ထို​အတွက်​ကြောင့် ဘုရားသခင်​သည် သူတို့​ကို အလှည့်ဖြား​ခံစေတော်မူမည်​ဖြစ်ပြီး သူတို့​သည်လည်း ထို​လိမ်လည်မှု​ကို ယုံကြည်ကြ​လိမ့်မည်။ 12 သို့ဖြစ်၍ သူတို့​အားလုံး​သည် သမ္မာတရား​ကို မယုံကြည်ဘဲ မတရားမှု​ကို နှစ်သက်​သောကြောင့် ပြစ်ဒဏ်​စီရင်တော်မူခြင်း ခံကြရလိမ့်မည်။
ခိုင်မြဲစွာ ရပ်တည်ခြင်း
13 သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့… ကျွန်ုပ်တို့​သည် သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင် သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝိညာဉ်တော်​၏ သန့်ရှင်းစေခြင်း​နှင့် သမ္မာတရား​ကို ယုံကြည်ခြင်း​တို့​ဖြင့် ကယ်တင်ခံရ​ရန် ဘုရားသခင် ဦးစွာ ရွေးချယ်ထားသည့် လူစု​တွင် ပါဝင်​သောကြောင့် ဖြစ်၏။ 14 ထိုသို့ ကယ်တင်ခံရ​ရန် ဘုရားသခင်​သည် ကျွန်ုပ်တို့​ဟောပြောသော သတင်းကောင်း​ဖြင့် သင်တို့​ကို ခေါ်တော်မူ၏။ ဤသို့​ခေါ်ခြင်း​သည် ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ဘုန်းအသရေ​ကို သင်တို့​ခံစားရရှိ​နိုင်ရန် ဖြစ်၏။
15 ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ စကား​ဖြင့်​ဖြစ်စေ၊ စာ​ဖြင့် ဖြစ်စေ သင်တို့​ကို ကျွန်ုပ်တို့ သွန်သင်ခဲ့သည့်​အရာများ​ကို ဆက်လက်​ယုံကြည်ကြလော့။
16 ကျွန်ုပ်တို့​ကို ချစ်​၍ ကျေးဇူးတော်​ဖြင့် ထာဝရ​နှစ်သိမ့်ခြင်း​နှင့် ခိုင်မြဲသော​မျှော်လင့်ခြင်းတို့​ကို ပေးသနားတော်မူသော ကျွန်ုပ်တို့ အဖ​ဘုရားသခင်​နှင့် ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​ကိုယ်တိုင်​သည် 17 သင်တို့a​ကို နှစ်သိမ့်တော်မူ​ပြီး ကောင်းသော​အမှု​နှင့် ကောင်းသော​စကားတို့​ကို သင်တို့​ပြုမူ​ပြောဆို​ရန် ခွန်အားပေးတော်မူပါစေသော။