ဆုတောင်းပေး​ရန် မေတ္တာရပ်ခံခြင်း
3
ညီအစ်ကို​မောင်နှမတို့… နိဂုံးချုပ်​အနေဖြင့် ကျွန်ုပ်​မှာကြားလို၏။ သခင်ဘုရား​၏ နှုတ်ကပတ်​တရားတော်​သည် အရပ်ရပ်​သို့ လျင်မြန်​စွာ ပြန့်ပွား​၍ သင်တို့​သည် ထို​နှုတ်ကပတ်​တရားတော်​ကို ရိုသေ​လက်ခံ​သကဲ့သို့ အခြားသူတို့​လည်း ရိုသေ​လက်ခံ​ရန် ဆုတောင်းပေးကြလော့။ 2 လူတိုင်း​သည် ခရစ်တော်​ကို ယုံကြည်သည် မဟုတ်​သောကြောင့် ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ယုတ်မာ​ဆိုးညစ်သူတို့​လက်​က ကယ်တင်ပေး​တော်မူ​ရန် ဆုတောင်းပေးကြလော့။ 3 သို့ရာတွင် သခင်ဘုရား​သည် သစ္စာရှိသော​အရှင် ဖြစ်တော်မူသည်​နှင့်အညီ သင်တို့​ကို ကြံ့ခိုင်စေ​၍ မာရ်နတ်​ထံက ကာကွယ်ပေးတော်မူ​လိမ့်မည်။ 4 သင်တို့​သည် ကျွန်ုပ်တို့​၏ ညွှန်ကြားချက်များ​ကို ယခု လုပ်ဆောင်​နေ​သကဲ့သို့ ဆက်​၍​လည်း လုပ်ဆောင်မည်​ဟု သခင်ဘုရား​က ကျွန်ုပ်တို့​ကို ယုံကြည်စိတ်ချ​စေတော်မူ၏။ 5 ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို သင်တို့​နားလည်သဘောပေါက်​စေရန်​နှင့် ခရစ်တော်​ကဲ့သို့ သည်းခံတတ်​စေရန် သခင်ဘုရား​သည် သင်တို့a​ကို လမ်းညွှန်တော်မူပါစေသော။
ပျင်းရိသူ မဖြစ်​ရန် သတိပေးခြင်း
6 ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ သွန်သင်ခဲ့သည့် ဓလေ့ထုံးတမ်း​အတိုင်း မလိုက်နာဘဲ ပျင်းရိ​လေလွင့်နေသော ယုံကြည်သူတို့​နှင့် မပေါင်းဖော်​ရန် ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ကျွန်ုပ်တို့​သည် သင်တို့​ကို ညွှန်ကြားလိုက်ပါ၏။ 7 ကျွန်ုပ်တို့​၏ စံနမူနာ​ကို သင်တို့​မည်သို့ ယူ​သင့်သည်​ကို သိကြ၏။ ကျွန်ုပ်တို့​သည် သင်တို့​နှင့် အတူ​နေထိုင်​စဉ်က ပျင်းရိ​လေလွင့်​၍ မနေခဲ့ကြ။ 8 ကျွန်ုပ်တို့​သည် အဖိုးအခ​မပေးဘဲ မည်သူ​တစ်ဦးတစ်ယောက်​၏ အစားအစာ​ကိုမျှ မစားခဲ့ကြ။ သင်တို့​တစ်ဦးတစ်ယောက်​ကို​မျှ ကျွန်ုပ်တို့​ကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်​စေရန် နေ့ရောညပါ ကြိုးစား​၍ အလုပ်​လုပ်ခဲ့ကြ၏။ 9 ထိုသို့ လုပ်ရခြင်း​သည် ကျွန်ုပ်တို့​တွင် သင်တို့​ထံက အကူအညီ​ကို ရပိုင်ခွင့်​မရှိ​သောကြောင့် မဟုတ်။ ကျွန်ုပ်တို့​ထံက သင်တို့​ယူစရာ စံနမူနာ ရှိစေလို​သောကြောင့် ဖြစ်၏။ 10 သင်တို့​နှင့် အတူ​ရှိစဉ်​က “အလုပ်​မလုပ်​လိုသောသူ​ကို အစားအစာ​လည်း မစားစေနှင့်” ဟု ကျွန်ုပ်တို့ ညွှန်ကြားခဲ့၏။
11 သို့သော်လည်း သင်တို့​ထဲတွင် တချို့​သည် ပျင်းရိ​လေလွင့်​နေ​၍ အလုပ်​မလုပ်ဘဲ သူတစ်ပါး ကိစ္စများ​တွင် ဝင်ရောက်​စွက်ဖက်နေကြောင်း ကျွန်ုပ်တို့ ကြားရ၏။ 12 ကျွန်ုပ်တို့​သည် ထိုကဲ့သို့သော​လူများ​ကို မိမိ​ဝမ်းစာ​အတွက် မိမိ​ကိုယ်တိုင် အေးချမ်း​စွာ ကြိုးစား​ရှာဖွေ​ရန် သခင်​ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ညွှန်ကြား​ကာ တိုက်တွန်း​နှိုးဆော်ကြ၏။ 13 ညီအစ်ကို​မောင်နှမတို့… ကောင်းမှုပြု​ရန် စိတ်မပျက် အားမလျှော့ကြနှင့်။
14 တစ်စုံတစ်ယောက်​သည် ဤ​စာ​တွင် ပါသော ညွှန်ကြားချက်များ​ကို နားမထောင်​လျှင် ထို​သူ​ကို အရှက်ရ​စေရန် မှတ်သားထား​၍ ထို​သူ​နှင့် မပေါင်းဖော်ကြနှင့်။ 15 သို့သော်လည်း ထို​သူ​ကို ရန်သူ​အဖြစ် သဘောမထားဘဲ ယုံကြည်သူ​ချင်း ကဲ့သို့ သတိပေးကြလော့။
နိဂုံးချုပ်​စကား
16 ငြိမ်းချမ်းခြင်း​အရှင် သခင်ဘုရား ကိုယ်တော်တိုင်​သည် သင်တို့​ကို နည်းအမျိုးမျိုး​ဖြင့် ငြိမ်းချမ်းခြင်း​ကို အစဉ်​ပေးတော်မူပါစေသော။ သခင်ဘုရား​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။
17 ကျွန်ုပ်​ပေါလု​ကိုယ်တိုင် ဤ​နှုတ်ဆက်စကား​ကို မိမိ​လက်​နှင့် ရေးလိုက်ပါ၏။ ၎င်း​သည် ကျွန်ုပ်​၏ စာ​တိုင်း​တွင် ပါသည့် အမှတ်အသား​ဖြစ်၏။ ဤသို့ ကျွန်ုပ် ရေးလေ့​ရှိ၏။ 18 ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​အားလုံး​နှင့်​အတူ ရှိပါစေသော။
သက်သာလောနိတ်​ဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။