တိမောသေ​ဩဝါဒစာ ပထမစောင်
ရှင်ပေါလု​၏ နှုတ်ခွန်းဆက်​စကား
1
ကျွန်ုပ်တို့​၏ ကယ်တင်ရှင် ဘုရားသခင်​နှင့် ကျွန်ုပ်တို့​၏ မျှော်လင့်ရာ​အရှင် ယေရှု​ခရစ်တော်​တို့​၏ အမိန့်တော်​အတိုင်း ထို​ယေရှု​ခရစ်တော်​၏ တမန်တော်​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။
2 သခင်ဘုရား​ကို ယုံကြည်​သောကြောင့် ကျွန်ုပ်​၏ သား​အရင်းအချာ​သဖွယ်​ဖြစ်သော တိမောသေ​ထံသို့ ဤ​စာ​ကို ပို့လိုက်၏။
ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်၊ ကရုဏာ​နှင့် ငြိမ်းချမ်းခြင်း​သည် သင့်​အပေါ် သက်ရောက်ပါစေသော။
လွဲမှားသော​အယူဝါဒများ​အကြောင်း သတိပေးခြင်း
3 မာကေဒေါနိပြည်​သို့ ကျွန်ုပ်​သွား​စဉ် သင့်​ကို တိုက်တွန်း​နိုးဆော်ခဲ့သည့်​အတိုင်း တိုက်တွန်း​လို၏။ သင်​သည် ဧဖက်မြို့​တွင် နေရစ်​၍ လွဲမှားသော​အယူဝါဒများ သွန်သင်နေသည့် လူ​တချို့​ကို ထိုသို့​မသွန်သင်ကြ​ရန်​နှင့် 4 ဒဏ္ဍာရီများ၊ မဆုံးနိုင်သော​ဆွေစဉ်မျိုးဆက်​စာရင်းများ​ကို ဆွေးနွေးရာ​တွင် အချိန်​မပေးကြ​ရန် ညွှန်ကြားလော့။ ထို​အရာများ​သည် အငြင်းအခုံများ​ကိုသာ ဖြစ်စေ၏။ ယုံကြည်ခြင်း​ဖြင့် လုပ်ဆောင်သော ဘုရားသခင်​၏ အမှုတော်​ကို အထောက်အကူ​မဖြစ်စေပါ။ 5 ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်​မှာ ဖြူစင်သော​နှလုံးသား၊ စစ်မှန်သော​ယုံကြည်ခြင်း၊ လိပ်ပြာသန့်သော​စိတ်​တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်း​မေတ္တာ​နှင့် အချင်းချင်း​ချစ်ကြ​ရန် ဖြစ်၏။ 6 လူ​တချို့​သည် ထို​အခြေခံ​စိတ်သဘောတို့​မှ သွေဖည်သွား​ကာ အနှစ်သာရ​မဲ့သော စကားများ​ကိုသာ ပြောဆိုလာကြ၏။ 7 သူတို့​သည် မိမိတို့​ပြောဆိုသော​အရာများ​နှင့် မိမိတို့ အသေအချာ​သွန်သင်နေသော​အရာများ​ကိုပင် နားမလည်ဘဲ ကျမ်းတတ်ဆရာများ ဖြစ်လိုကြ၏။ 8 ပညတ်တရား​ကို မှန်ကန်​စွာ ကျင့်သုံး​လျှင် ပညတ်တရား​သည် ကောင်းမြတ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။ 9 အဘယ်ကြောင့်ဆိုသော် ပညတ်တရား​သည် ဖြောင့်မတ်သူတို့​အတွက် ချမှတ်ထားသည်​မဟုတ်ဘဲ ပညတ်တရား​ကို မကျင့်သုံးသူများ၊ မနာခံသူများ၊ ဘုရားတရားမဲ့သူများ၊ အပြစ်သားများ၊ မသန့်ရှင်းသူများ၊ ဘုရားတရား​မကိုင်းရှိုင်းသူများ၊ မိဘ​ကို သတ်သူများ၊ လူသတ်သမားများ၊ 10 တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လိင်တူချင်း​ဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သူများ၊ မမှန်သော​သက်သေခံသူများ​နှင့် မှန်ကန်သော​အယူဝါဒ​ကို ဆန့်ကျင်​သမျှသော​အရာများ​တို့​အတွက် ချမှတ်ထားကြောင်း ကျွန်ုပ်တို့ သိကြ​သောကြောင့် ဖြစ်၏။ 11 ထို​မှန်ကန်သော​အယူဝါဒ​သည် မင်္ဂလာ​ရှိတော်မူသော ဘုရားသခင်​၏ ဘုန်းကြီးသော သတင်းကောင်း​နှင့် ညီ၏။ ထို​သတင်းကောင်း​ကို ဟောပြော​ရန် ဘုရားသခင်​သည် ကျွန်ုပ်​ကို တာဝန်ပေးတော်မူ၏။
သခင်ဘုရား​၏ ကရုဏာတော်​အတွက် ကျေးဇူးတင်ခြင်း
12 ကျွန်ုပ်​ကို ခွန်အား​ပေးတော်မူသော ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​ကို ယုံကြည်​ထိုက်သူ​ဟု မှတ်ယူ​ကာ အမှုတော်​ကို ဆောင်ရွက်​ရန် ခန့်အပ်ထား​သောကြောင့် ထို​သခင်​ကို ကျွန်ုပ်​ကျေးဇူးတင်၏။ 13 တစ်ချိန်က ကျွန်ုပ်​သည် ခရစ်တော်​ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများ​ကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်း​ကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထို​အချိန်​တွင် ကျွန်ုပ်​သည် ခရစ်တော်​ကို မယုံကြည်​သေး​သောကြောင့် ကျွန်ုပ်​ပြုသော​အမှု​သည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရား​သည် ကျွန်ုပ်​အပေါ် ကရုဏာ​ထားတော်မူ၏။ 14 ကျွန်ုပ်တို့​၏​သခင်ဘုရား​သည် အလွန်​ကြွယ်ဝသော​ကျေးဇူးတော်​ကို ကျွန်ုပ်​အပေါ် သက်ရောက်စေတော်မူ၏။ ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်လာ​သောကြောင့် ယုံကြည်ခြင်း​နှင့် ချစ်ခြင်းမေတ္တာ​ကိုလည်း ကိုယ်တော်​ထံမှ ရရှိ၏။
15 “ယေရှု​ခရစ်တော်​သည် အပြစ်သားများ​ကို ကယ်တင်​ရန် ဤ​လောက​သို့ ဆင်းကြွလာသည်” ဟူသော စကား​သည် လုံးဝ​မှန်ကန်ပြီး အပြည့်အဝ​လက်ခံ​ထိုက်၏။ ထို​အပြစ်သားများ​အနက် ကျွန်ုပ်​သည် အဆိုးဆုံး​ဖြစ်၏။ 16 သို့သော်လည်း ယေရှု​ခရစ်တော်​သည် အဆိုးဆုံး​ဖြစ်သူ ကျွန်ုပ်​အပေါ် သူ​၏ အဆုံးမဲ့​သည်းခံခြင်း​ကို ဖော်ပြ​ရန် ရည်ရွယ်​သောကြောင့် ကျွန်ုပ်​အပေါ် ကရုဏာ​ထားတော်မူ၏။ ဤသို့ ပြုတော်မူခြင်း​သည် ကိုယ်တော်​ကို ယုံကြည်​၍ ထာဝရ​အသက်​ကို ရရှိကြမည့်သူများ​အတွက် ကျွန်ုပ်​ကို စံနမူနာ​အဖြစ် ထားရန်​ဖြစ်၏။ 17 ထာဝရ​ဘုရင်​ဖြစ်တော်မူသော၊ ထာဝရ​အသက်ရှင်တော်မူသော၊ လူ့​မျက်စိ​ဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင်​သည် ကမ္ဘာ​အဆက်ဆက် ဂုဏ်သရေ၊ ဘုန်းသရေ ရှိတော်မူပါစေသော။ အာမင်။
တိမောသေ​၏ တာဝန်
18 ကျွန်ုပ်​၏​သား တိမောသေ… ယခင်က သင့်​ကို ရည်စူး​၍ ပရောဖက်တို့​ဟောပြောခဲ့သော အရာများ​ကို အခြေခံ​၍ သင့်​ကို ကျွန်ုပ်​ညွှန်ကြားလိုက်၏။ ထို​ဟောပြောချက်များ​ကို လိုက်နာခြင်း​ဖြင့် တိုက်ပွဲ​ကို ကောင်းစွာ တိုက်ခိုက်​နိုင်ရန် ဖြစ်၏။ 19 ခရစ်တော်​ကို ဆက်​၍ ယုံကြည်လော့။ မိမိကိုယ်ကိုယ် လိပ်ပြာသန့်​စွာ နေလော့။ အချို့သော​သူတို့​သည် မိမိတို့​၏​အသိတရား​ကို လျစ်လျူရှုခြင်း​ဖြင့် သူတို့​၏ ယုံကြည်ခြင်း​သည် သင်္ဘောပျက်​သဖွယ် ဖြစ်လာ၏။ 20 ထို​သူတို့​ထဲတွင် ဟုမေနဲ​နှင့် အလက်ဇန်းဒါး​တို့ ပါဝင်ကြ၏။ သူတို့​သည် ဘုရားသခင်​ကို စော်ကားပြောဆိုခြင်း မပြုသင့်ကြောင်း အဆုံးအမ​ခံကြ​စေရန် ကျွန်ုပ်​သည် သူတို့​ကို စာတန်​လက်သို့ အပ်လိုက်၏။