အခြား​သူများ​အတွက် ဆုတောင်းပေးခြင်း
2
သင်တို့​သည် လူသား​အားလုံး​အတွက် အသနားခံခြင်း၊ ဆုတောင်းပေးခြင်း၊ ကိုယ်စားပြု​တောင်းလျှောက်ပေးခြင်း၊ ဘုရားသခင်​၏ ကျေးဇူးတော်​ကို ချီးမွမ်းခြင်း​တို့ကို ဦးစားပေး​ဆောင်ရွက်​ရန် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်၏။
2 ကျွန်ုပ်တို့​သည် ဘုရားတရား​ကိုင်းရှိုင်းပြီး တည်ကြည်မှု​ရှိ​လျက် တည်ငြိမ်​အေးချမ်း​စွာ နေထိုင်​နိုင်ရန် ရှင်ဘုရင်များ​နှင့် အာဏာပိုင်များ အားလုံး​အတွက်​လည်း ဆုတောင်းပေးကြလော့။ 3 ထိုသို့ ဆုတောင်းခြင်း​သည် မွန်မြတ်ပြီး ကျွန်ုပ်တို့​၏ ကယ်တင်ရှင်​ဘုရားသခင် နှစ်သက်တော်မူ၏။ 4 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် လူသား​အားလုံး ကယ်တင်ခြင်း​ခံရပြီး သမ္မာတရား​ကို သိရှိ​နားလည်​စေလိုတော်မူ​သောကြောင့် ဖြစ်၏။ 5 ဘုရားသခင် တစ်ဆူတည်း ရှိတော်မူပြီး ဘုရားသခင်​နှင့် လူတို့​ကြားတွင် ကြားဝင်​စေ့စပ်သူ​လည်း တစ်ပါးတည်း ရှိတော်မူ၏။ ထို​အရှင်​သည် လူသား​ဖြစ်သော ယေရှု​ခရစ်တော်​ပင် ဖြစ်တော်မူ၏။ 6 ယေရှု​ခရစ်တော်​သည် လူသား​အားလုံး​ကို ရွေးနုတ်​ရန် အသက်​ပေးတော်မူခဲ့ပြီး ဘုရားသခင်​သည် ထို​အကြောင်း​ကို အချိန်တန်​သောအခါ ဖော်ပြခဲ့ပြီ ဖြစ်၏။ 7 ထို့ကြောင့် လူမျိုးခြားတို့​ကို ယုံကြည်ခြင်း​နှင့် သမ္မာတရား​အကြောင်း သင်ကြား​ရန် ကျွန်ုပ်​သည် တရားဟောဆရာ​အဖြစ်​လည်းကောင်း၊ တမန်တော်​အဖြစ်​လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်​သည် မလိမ်ညာဘဲ အမှန်​အတိုင်း​သာ ပြောဆိုခြင်း​ဖြစ်၏။
8 ကိုးကွယ်သည့်​နေရာ​တိုင်း​၌ အမျိုးသားတို့​သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်း​စွာ နေထိုင်​၍ မိမိတို့​၏ လက်​ကို မြှောက်​လျက် ဆုတောင်းကြ​ရန် ကျွန်ုပ်​အလိုရှိ၏။ 9 ထိုနည်းတူ အမျိုးသမီးတို့​သည်လည်း ကျစ်ဆံမြီး​မကျစ်ဘဲ၊ ရွှေ၊ ပုလဲ စသည့်​လက်ဝတ်​ရတနာ၊ သို့မဟုတ် တန်ဖိုးကြီး အဝတ်အစားတို့​ကို မဆင်မြန်းဘဲ ဣန္ဒြေ သိက္ခာ​ဖြင့် သင့်တင့်လျောက်ပတ်​စွာ ဝတ်ဆင်​ရန် ကျွန်ုပ်​အလိုရှိ၏။ 10 ဘုရားသခင်​ကို ဆည်းကပ်​ကိုးကွယ်သည်​ဟု ဝန်ခံ​ပြောဆိုသော အမျိုးသမီးများ ပြုမူသင့်သည့်​အတိုင်း ကောင်းမှုများ ပြုကြရမည်။ 11 အမျိုးသမီးများ​သည် အပြည့်အဝ​နာခံ​လျက် တိတ်ဆိတ်​စွာ သင်ယူ​သင့်၏။ 12 အမျိုးသမီးများ​သည် သွန်သင်ခြင်း၊ အမျိုးသားများ​အပေါ် အုပ်စိုးခြင်း​ပြုသည်​ကို ကျွန်ုပ်​ခွင့်မပြု။ သူတို့​သည် တိတ်ဆိတ်​စွာ နေသင့်၏။ 13 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် အာဒံ​ကို ဦးစွာ ဖန်ဆင်းတော်မူပြီး​မှ ဧဝ​ကို ဖန်ဆင်းတော်မူ​သောကြောင့် ဖြစ်၏။ 14 ထို့ပြင် အာဒံ​သည် လှည့်ဖြားခံရသူ မဟုတ်ဘဲ ဧဝ​သည်သာ လှည့်ဖြားခံရသူ​ဖြစ်ပြီး အပြစ်ကျူးလွန်ခဲ့​သောကြောင့် ဖြစ်၏။ 15 သို့သော်လည်း အမျိုးသမီးများ​သည် မိမိတို့​ဣန္ဒြေ​နှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်းတို့​ကို ဆက်လက်​ထိန်းသိမ်းမည်​ဆိုလျှင် သားဖွားရသော​အမှု​ဖြင့် ကယ်တင်ခြင်း​ခံရ​လိမ့်မည်။a