ဟေဗြဲ​ဩဝါဒစာ
သားတော်​မှတစ်ဆင့် ဖွင့်ပြတော်မူခြင်း
1
ရှေး​ကာလ​၌ ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ ဘိုးဘေးများ​ကို ပရောဖက်များ​မှတစ်ဆင့် အကြိမ်ကြိမ် နည်းလမ်း​အမျိုးမျိုး​ဖြင့် စကားပြောတော်မူ၏။ 2 ဤ​နောက်ဆုံးသော​နေ့ရက်များ​တွင်​မူ ဘုရားသခင်​သည် မိမိ​သားတော်​မှတစ်ဆင့် ကျွန်ုပ်တို့​အား စကား​ပြောတော်မူ၏။ ဘုရားသခင်​သည် သားတော်​ကို အရာ​အားလုံး​၏ အမွေခံ​ဖြစ်စေတော်မူ​ပြီး ထို​သားတော်​အားဖြင့် စကြဝဠာ​ကို ဖန်ဆင်းတော်မူ၏။ 3 သားတော်​သည် ဘုရားသခင်​၏ ဘုန်းရောင်ခြည်​နှင့် ထွန်းတောက်​လျက်​ရှိပြီး ဘုရားသခင်​၏ စစ်မှန်သည့် စရိုက်​လက္ခဏာ​ကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်​သည် မိမိ​၏​တန်ခိုးကြီးသော အမိန့်တော်​ဖြင့် အရာ​အားလုံး​ကို တည်တံ့​စေတော်မူ​ကာ လောကီသားတို့​၏ အပြစ်များ​ကို ဖယ်ရှား​ပြီးနောက် အထက်​ကောင်းကင်ဘုံ​၌ ဘုန်းကြီးသော​တန်ခိုးရှင်​၏ လက်ယာတော်​ဘက်​၌ ထိုင်တော်မူ၏။ 4 သားတော်​သည် ကောင်းကင်တမန်တို့​ထက် ကြီးမြတ်သော​နာမ​ကို ရရှိသည်​နှင့်​အညီ ကောင်းကင်တမန်တို့​ထက် အလွန်​ကြီးမြတ်တော်မူ၏။
ကောင်းကင်တမန်တို့​ထက် ကြီးမြတ်တော်မူသော​သားတော်
5 ဘုရားသခင်​သည် မည်သည့်​ကောင်းကင်တမန်​ကို​မျှ
“သင်​သည် ငါ့​သား​ဖြစ်၏။
ယနေ့​ပင် ငါ​သည် သင်​၏ ဖခင်​ဖြစ်လာ၏”a
ဟူ၍ လည်းကောင်း၊
“ငါ​သည် သူ​၏​ဖခင်​ဖြစ်မည်။
သူ​သည် ငါ့​သား ဖြစ်​လိမ့်မည်”b
ဟူ၍ လည်းကောင်း မိန့်တော်မမူခဲ့။
6 ဘုရားသခင်​သည် မိမိ​၏​သားဦး​ကို ဤ​လောက​သို့ စေလွှတ်တော်မူ​သောအခါ
“ဘုရားသခင်​၏ ကောင်းကင်တမန်​အားလုံးတို့​သည် ထို​အရှင်​ကို ကိုးကွယ်​ရမည်”c
ဟု မိန့်တော်မူ၏။
7 ဘုရားသခင်​သည် ကောင်းကင်တမန်များ​အကြောင်း​ကို ဖော်ပြ​ရာတွင်
“ကိုယ်တော်​သည် မိမိ​၏​ကောင်းကင်တမန်များ​ကို လေ​ကဲ့သို့ ဖြစ်စေတော်မူ၏။
မိမိ​၏​အမှုထမ်းများ​ကို မီးလျှံ​ကဲ့သို့ ဖြစ်စေတော်မူ၏”d
ဟု မိန့်တော်မူ၏။ 8 သို့သော် သားတော်​နှင့် ပတ်သက်၍
“အို ဘုရားသခင်… ကိုယ်တော်​၏​ရာဇပလ္လင်​သည် ထာဝရ​တည်တံ့၏။
ကိုယ်တော်​၏​နိုင်ငံတော်​သည် တရားမျှတမှု​ဖြင့် အုပ်စိုးသော​နိုင်ငံ ဖြစ်ပါ၏။
9 ကိုယ်တော်​သည် ဖြောင့်မတ်ခြင်း​ကို နှစ်သက်​ပြီး တရားမဲ့ခြင်း​ကို မုန်းတော်မူ၏။
ထို့ကြောင့် ကိုယ်တော်​၏ ဘုရားသခင်​တည်းဟူသော ဘုရားသခင်​သည် ကိုယ်တော်​၏ အပေါင်းအဖော်များ​ထက် ကိုယ်တော်​ကို ချီးမြောက်​ကာ
ဝမ်းမြောက်ခြင်း​ဆီ​သွန်းလောင်း​၍ ခန့်ထားတော်မူသည်”e
ဟု မိန့်တော်မူ၏။ 10 ထို့ပြင် ဘုရားသခင်​သည် မိမိ​သားတော်​အား
“ထာဝရဘုရား… ကိုယ်တော်​သည် အစအဦး​၌ မြေကြီး​ကို တည်​၍
ကိုယ်တော်​၏ လက်တော်​ဖြင့် ကောင်းကင်​ကို ဖန်ဆင်းတော်မူ၏။
11 ကောင်းကင်​နှင့်​မြေကြီး ပျက်စီးသွားမည် ဖြစ်​သော်လည်း ကိုယ်တော်​သည် ထာဝရ​တည်တော်မူ​လိမ့်မည်။
ကောင်းကင်​နှင့်​မြေကြီး​သည် အဝတ်​ကဲ့သို့ ဟောင်းနွမ်းသွား​လိမ့်မည်။
12 ကိုယ်တော်​သည် ကောင်းကင်​နှင့် မြေကြီး​ကို ဝတ်ရုံ​သဖွယ်​ခေါက်တော်မူ​သဖြင့်
၎င်းတို့​သည် အဝတ်လဲ​သကဲ့သို့ ပြောင်းလဲ​လိမ့်မည်။
သို့ရာတွင် ကိုယ်တော်​သည် ပြောင်းလဲတော်မမူ။
ကိုယ်တော်​၏ အသက်တော်​သည်​လည်း ကုန်ဆုံးတော်မမူ”
ဟု မိန့်တော်မူ၏။ 13 ဘုရားသခင်​သည် မည်သည့်​ကောင်းကင်တမန်​ကို​မျှ
“သင်​၏​ရန်သူတို့​ကို
သင်​၏​ခြေတင်ခုံ​မဖြစ်စေမီ​အထိ
ငါ​၏ လက်ယာဘက်​၌ ထိုင်လော့”f
ဟု မိန့်တော်မမူခဲ့ပေ။ 14 သို့ဖြစ်လျှင် ကောင်းကင်တမန်များ​သည် ကယ်တင်ခြင်း​အမွေခံမည့်​သူများ​ကို အစေခံ​ရန် ဘုရားသခင်​စေလွှတ်တော်မူသော အစေခံ​ဝိညာဉ်များ ဖြစ်ကြသည်​မဟုတ်လော။