လမ်းမှား​မရောက်​ရန် သတိပေးခြင်း
2
ထို့ကြောင့် ကျွန်ုပ်တို့​သည် လမ်းမှား​မရောက်​ရန် ကြားနာရသည့်​တရား​ကို စွဲမြဲ​စွာ ဆုပ်ကိုင်ထား​ကြရမည်။ 2 ကောင်းကင်တမန်များ​မှတစ်ဆင့် မိန့်တော်မူသော ဘုရားသခင်​၏ တရားတော်​သည် စစ်မှန်​သောကြောင့် ထို​တရားတော်​ကို ချိုးဖောက်​၍ မနာခံသူများ​သည် မိမိတို့​နှင့် ထိုက်သင့်သော အပြစ်ဒဏ်​ကို ခံကြရသည်​မှန်လျှင် 3 ဤမျှ​ထူးမြတ်သည့်​ကယ်တင်ခြင်း​တရား​ကို ကျွန်ုပ်တို့ လျစ်လျူရှု​ပါက အပြစ်ဒဏ်​မှ မည်သို့​လွတ်မြောက်​နိုင်ကြမည်နည်း။ ဤ​ကယ်တင်ခြင်း​တရား​ကို သခင်ဘုရား​ကိုယ်တိုင် ဦးစွာ ဟောတော်မူ​ပြီးနောက် ကြားနာသူများ​က ကျွန်ုပ်တို့​အား ထို​တရားတော်​မှန်ကန်ကြောင်း အတည်ပြု​ပေးခဲ့ကြ၏။ 4 တစ်ချိန်တည်း​မှာပင် ဘုရားသခင်​ကလည်း နိမိတ်​လက္ခဏာများ၊ အံ့ဖွယ်​ဖြစ်ရပ်များ၊ အမျိုးမျိုးသော အံ့ဖွယ်တန်ခိုးများ၊ မိမိ​အလိုတော်​အတိုင်း သန့်ရှင်းသော​ဝိညာဉ်တော်​၏ ဆုကျေးဇူးများ​ကို ဝေမျှတော်မူခြင်း စသည်တို့​ဖြင့် သူတို့​နှင့်​အတူ သက်သေခံတော်မူ၏။
ကယ်တင်ခြင်း​၏ အရှင်သခင်
5 ဘုရားသခင်​သည် ကျွန်ုပ်တို့​ပြောဆိုနေသော အနာဂတ်​ကမ္ဘာ​ကို ကောင်းကင်တမန်များ​အား အုပ်စိုးခွင့် ပေးတော်မူသည်​မဟုတ်။ 6 သို့သော် ကျမ်းစာ​တစ်နေရာ​၌ တစ်ယောက်သောသူ​က
“လူ​သည် မည်သို့သော​သူ ဖြစ်​၍ ကိုယ်တော်​သည် သတိရတော်မူ​သနည်း။
လူ​သည် မည်သို့သော​သူ ဖြစ်​၍ ကိုယ်တော်​သည် ကြည့်ရှုတော်မူ​ရသနည်း။
7 ကိုယ်တော်​သည် သူ့​ကို ကောင်းကင်တမန်များ​ထက် ယာယီ​နိမ့်ကျစေတော်မူ၏။
ဘုန်းအသရေ​နှင့် ဂုဏ်အသရေတို့​ဖြင့် ချီးမြှောက်တော်မူ​၍ ကိုယ်တော်​ဖန်ဆင်းသည့် အရာ​အားလုံး​အပေါ်​တွင် အုပ်စိုး​စေတော်မူ၏။a
8 ဘုရားသခင်​သည် အရာ​အားလုံး​ကို ကိုယ်တော်​၏ ခြေဖဝါး​အောက်၌ ချထားတော်မူပြီ”b
ဟု အလေးအနက်​ဆိုထား၏။
အရာ​အားလုံး​ကို ကိုယ်တော်​၏ ခြေဖဝါး​အောက်၌ ချထားတော်မူပြီ​ဟု ဆိုထား​သောကြောင့် သူ​၏ အုပ်စိုးခြင်း​နှင့် ကင်းလွတ်သော​အရာ တစ်စုံတစ်ခု​မျှ မရှိပါ။ သို့သော် ယခု​တွင်မူ အရာ​အားလုံး​ကို သူ​၏ အုပ်စိုးမှု​အောက်တွင် ချထားကြောင်း ကျွန်ုပ်တို့​မမြင်ရသေး။ 9 သို့သော် ဘုရားသခင်​၏​ကျေးဇူးတော်​အားဖြင့် ယေရှု​ခရစ်တော်​သည် လောကီသားများ​အတွက် အသက်စွန့်​နိုင်ရန် ကောင်းကင်တမန်များ​ထက် ယာယီ​နိမ့်ကျစေခြင်း​ကို ခံ​၍ အသေခံရ​သောကြောင့် ဘုန်းအသရေ​နှင့် ဂုဏ်အသရေတို့​ဖြင့် ချီးမြှောက်ခံရကြောင်း ကျွန်ုပ်တို့​မြင်ကြရ၏။
10 ဘုရားသခင်​သည် အရာခပ်သိမ်း​ကို ဖန်ဆင်း​၍ အုပ်စိုးတော်မူသော​အရှင်​ဖြစ်တော်မူ၏။ ကိုယ်တော်​သည် သားသမီး​များစွာ​ကို ဘုန်းစည်းစိမ်​ခံစား​ရာသို့ ခေါ်ဆောင်လို​သောကြောင့် ထို​သူတို့​ကို ကယ်တင်​ရန် ယေရှု​အား ဆင်းရဲဒုက္ခ​ခံစားစေခြင်း​အားဖြင့် ပြီးပြည့်စုံသော​ကယ်တင်ရှင်​ဖြစ်စေသည်​မှာ သင့်လျော်ပေ၏။ 11 သန့်ရှင်း​စေတော်မူသော ယေရှု​ခရစ်တော်​နှင့် သန့်ရှင်းခြင်း​ခံရသူတို့​သည် တစ်ပါးတည်းသော​ဖခင်​ထံမှ ဖြစ်​သောကြောင့် ယေရှု​ခရစ်တော်​သည် ထို​သူတို့​ကို ညီအစ်ကို​မောင်နှမများ​ဟု ခေါ်​ရန် ရှက်တော်မမူ။ 12 ယေရှု​ခရစ်တော်​က
“အကျွန်ုပ်​၏​ညီအစ်ကို​မောင်နှမများ​ထံ ကိုယ်တော်​၏ နာမတော်​ကို ပြောကြား​ပါမည်။
စုဝေးကြသော​သူများ​အလယ်​၌ ကိုယ်တော်​အား သီချင်း​ဆို​၍ ချီးမွမ်းပါမည်”c
ဟု မိန့်တော်မူ၏။ 13 တစ်ဖန်
“အကျွန်ုပ်​သည် ကိုယ်တော်​ကို မှီခိုပါမည်”d
ဟူ၍​လည်းကောင်း၊
“ကြည့်လော့။ အကျွန်ုပ်​နှင့် အကျွန်ုပ်​အား ဘုရားသခင်​ပေးတော်မူသော သားသမီးတို့​သည် ဤ​နေရာ​၌ အတူ​ရှိကြ၏”e
ဟူ၍​လည်းကောင်း မိန့်တော်မူ၏။
 
14 ထို​သားသမီးတို့​သည် အသွေးအသား​ရှိ​သဖြင့် ကိုယ်တော်​သည် အသွေးအသား​ကို ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တိုင်​အသေခံ​၍ သေခြင်း​ကို အစိုးရသော မာရ်နတ်​၏​တန်ခိုး​ကို ဖျက်ဆီး​ကာ 15 သေခြင်း​ကို ကြောက်​၍ တစ်သက်လုံး​ကျွန်​ကဲ့သို့ နေထိုင်ရသော​သူတို့​ကို လွတ်မြောက်​စေတော်မူ၏။ 16 အမှန်စင်စစ် ကိုယ်တော်​ကူညီမစမည့် သူများ​သည် ကောင်းကင်တမန်များ​မဟုတ်ဘဲ အာဗြဟံ​၏ မျိုးဆက်များ​ဖြစ်ကြောင်း ထင်ရှား၏။ 17 ထို့ကြောင့် ကိုယ်တော်​သည် အရာရာတိုင်း​၌ မိမိ​ညီအစ်ကို​မောင်နှမတို့​နှင့် တူရ၏။ ဤ​နည်း​ဖြင့် ကိုယ်တော်သည် လူတို့​၏​အပြစ်များ​ကို ဖြေလွှတ်ပေး​ရန် ဘုရားသခင်​၏​အမှုတော်​တွင် ကရုဏာ​နှင့် သစ္စာ​ရှိသော ယဇ်ပုရောဟိတ်မင်း​ဖြစ်လာရ၏။ 18 ကိုယ်တော်​သည် ဖြားယောင်း​သွေးဆောင်ခြင်း​ခံရ​လျက် ဒုက္ခ​ကို ကိုယ်တိုင်​တွေ့ကြုံခဲ့ရ​သောကြောင့် ဖြားယောင်း​သွေးဆောင်​ခံရ​သူများ​ကို ကူညီပေး​နိုင်၏။