မောရှေ​ထက် ကြီးမြတ်တော်မူသော ယေရှု
3
ထို့ကြောင့် ဘုရားသခင်​၏ ရွေးချယ်တော်မူခြင်း​ခံရ​သူတို့​ထဲတွင် ပါဝင်သည့် သန့်ရှင်းသော​ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​နှင့် အထူး​တမန်တော်​အဖြစ် ကျွန်ုပ်တို့​ဝန်ခံသော ယေရှု​ခရစ်တော်​ကို ဆင်ခြင်​အောက်မေ့ကြလော့။ 2 မောရှေ​သည် ဘုရားသခင်​၏​အိမ်တော်​တစ်ခုလုံး​အပေါ် သစ္စာရှိ​သကဲ့သို့ ယေရှု​သည်လည်း မိမိ​အား ခန့်ထားတော်မူသော ဘုရားသခင်​အပေါ် သစ္စာရှိတော်မူ၏။ 3 သို့သော် အိမ်ဆောက်သူ​သည် ထို​အိမ်​ထက် ပို၍​ဂုဏ်အသရေ​ရှိ​သကဲ့သို့ ယေရှု​ခရစ်တော်​သည် မောရှေ​ထက် ပို၍ ဂုဏ်အသရေ​ခံထိုက်၏။ 4 အဘယ်ကြောင့်ဆိုသော် အိမ်​ကို လူ​က တည်ဆောက်​သော်လည်း ဘုရားသခင်​သည် အရာခပ်သိမ်း​ကို တည်ဆောက်တော်မူ​သောကြောင့်​ဖြစ်၏။ 5 မောရှေ​သည် အစေခံ တစ်ဦး​အနေဖြင့် ဘုရားသခင်​၏ အိမ်တော်​တစ်ခုလုံး​အပေါ် သစ္စာရှိ​ပြီး အနာဂတ်​တွင် ဘုရားသခင်​ဟောပြောမည့်​အရာ​အတွက် သက်သေ​တစ်ဦး​ဖြစ်၏။ 6 သို့သော် ခရစ်တော်​သည် သားတော်​တစ်ပါး​အဖြစ် ဘုရားသခင်​၏ အိမ်တော်​ကို အုပ်စိုးရာ​တွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့​၏ စိတ်ချယုံကြည်မှု​နှင့်​ဂုဏ်ယူ​ဝင့်ကြွားစရာ မျှော်လင့်ခြင်း​ကို ခိုင်မြဲစွာ​စွဲကိုင်ထား​လျှင် ကျွန်ုပ်တို့​သည် ကိုယ်တော်​၏​အိမ်တော်​ဖြစ်ကြ၏။
7 ထို့ကြောင့် သန့်ရှင်းသော​ဝိညာဉ်တော်​မိန့်တော်မူသည်​မှာ
“ယနေ့ သင်တို့​သည် ကိုယ်တော်​၏​အသံ​ကို ကြား​လျှင်
8-9 သင်တို့​၏ ဘိုးဘေးများ​သည် အနှစ်​လေးဆယ်​လုံးလုံး ငါ​၏ လုပ်ဆောင်မှုတို့​ကို မြင်ခဲ့ကြ​သော်လည်း
တော​၌ ငါ့​ကို အကဲစမ်း​လျက်
ပုန်ကန်​စဉ်က ခေါင်းမာ​သကဲ့သို့
သင်တို့​သည် ခေါင်းမမာကြနှင့်။
10 သို့ဖြစ်၍ ထို​မျိုးဆက်​ကို စိတ်ဆိုး​လျက်
‘သူတို့​သည် အစဉ်​လမ်းလွဲ​၍
ငါ​၏ လမ်းစဉ်​ကို မသိကြ’ ဟု ငါ​ဆို၏။
11 ထို့ကြောင့် ငါ​သည် စိတ်ဆိုး​၍
‘သူတို့​သည် ငါ​၏​စံမြန်း​နားခိုရာ​သို့ မည်သည့်​အခါမျှ ဝင်ကြရမည်​မဟုတ်’ ဟု ကျိန်ဆိုသည်”a
ဟူ၍​ဖြစ်၏။
12 ညီအစ်ကို​မောင်နှမတို့… သင်တို့​၏ စိတ်နှလုံး​သည် ညစ်ညူး​၍ ယုံကြည်​ရန် ငြင်းဆန်​ကာ အသက်ရှင်သော ဘုရားသခင်​ထံမှ ထွက်မသွား​စေရန် သတိပြုကြလော့။ 13 သင်တို့​သည် အပြစ်​၏​လှည့်စားမှု​ကြောင့် ခေါင်းမာသူများ​မဖြစ်​ရန် “ယနေ့” ဟု ခေါ်သော နေ့စဉ်နေ့တိုင်း အချင်းချင်း​အားပေး​တိုက်တွန်းကြလော့။ 14 ကျွန်ုပ်တို့​၏ မူလ​ခံယူချက်​ကို အဆုံး​တိုင်အောင် ခိုင်မြဲစွာ​စွဲကိုင်ထား​လျှင် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့် သက်ဆိုင်​သူများ​ဖြစ်ကြ၏။ 15 ကျမ်းစာ​၌
“ယနေ့ ကိုယ်တော်​၏​အသံ​ကို​ကြားလျှင်
သင်တို့​၏ ဘိုးဘေးများ ပုန်ကန်​စဉ်က ခေါင်းမာ​သကဲ့သို့
သင်တို့​သည် ခေါင်းမမာကြနှင့်”b
ဟု ဖော်ပြထား၏။
16 ကိုယ်တော်​၏ အသံ​ကို ကြား​လျက် ပုန်ကန်သောသူတို့​သည် အဘယ်သူနည်း။ အီဂျစ်ပြည်​မှ မောရှေ​ခေါ်ထုတ်ခဲ့သော​သူ​အပေါင်းတို့​မဟုတ်လော။ 17 အနှစ်​လေးဆယ်​အတွင်း ဘုရားသခင် အမျက်ထွက်တော်မူသော​သူတို့​မှာ မည်သူတို့နည်း။ အပြစ်ကျူးလွန်​၍ တော​ကန္တာရ​၌​သေသော​သူများ မဟုတ်လော။ 18 ဘုရားသခင်​သည် သူ​၏​စံမြန်း​နားခိုရာ​ထဲသို့ မဝင်ရ​ဟု မည်သူ့ကို ကျိန်ဆိုခဲ့​သနည်း။ သူတို့သည် မနာခံ ငြင်းဆန်သူများ မဟုတ်လော။ 19 သို့ဖြစ်၍ သူတို့​သည် မယုံကြည်​သောကြောင့် ဘုရားသခင်​၏ စံမြန်း​နားခိုရာ​ထဲသို့ မဝင်နိုင်​ကြသည်​ကို ကျွန်ုပ်တို့​သိ၏။