5
လူတို့​ထဲမှ ဘုရားသခင်​ရွေးချယ်တော်မူသော ယဇ်ပုရောဟိတ်မင်း​ဟူသည်​မှာ ပူဇော်စရာများ​နှင့် အပြစ်ဖြေရာယဇ်​ကို လူတို့​ကိုယ်စား ဘုရားသခင်​အား ပူဇော်​ရန် ခန့်အပ်ခံရသူ​ဖြစ်၏။ 2 ထို​ယဇ်ပုရောဟိတ်မင်း​သည် ကိုယ်တိုင်​အားနည်းချက် ရှိ​သဖြင့် မသိ​နားမလည်ဘဲ လမ်းမှား​ရောက်နေသူတို့​ကို စာနာ​နိုင်၏။ 3 ထို့ကြောင့် သူ​သည် လူတို့​အပြစ်​အတွက် သာမက မိမိ​အပြစ်​အတွက်​ပါ ယဇ်ပူဇော်ရ၏။
4 ဂုဏ်အသရေ​ရှိသော ယဇ်ပုရောဟိတ်မင်း​အရိုက်အရာ​ကို မည်သူ​မျှ မိမိ​သဘော​ဖြင့် မရယူ​နိုင်ပေ။ ဘုရားသခင်​သည် အာရုန်​အား ခန့်အပ်တော်မူ​သကဲ့သို့ ခန့်အပ်တော်မူခြင်း​ခံရသော​သူများ​ကသာ ရယူ​နိုင်၏။
5 ထိုနည်းတူ ခရစ်တော်​သည် မိမိ​ကိုယ်​မိမိ ယဇ်ပုရောဟိတ်မင်း​အဖြစ် ချီးမြှောက်သည်​မဟုတ်။ ကိုယ်တော်​အား
“သင်​သည် ငါ့​သား​ဖြစ်၏။
ယနေ့ ငါ​သည် သင်​၏​အဖ​ဖြစ်လာ၏”
ဟု မိန့်တော်မူသော​ဘုရားသခင်​က ခန့်အပ်တော်မူခြင်း​ဖြစ်၏။ 6 ကျမ်းစာ​၏ အခြား​တစ်နေရာ​တွင်​လည်း ဘုရားသခင်​က “သင်သည် မေလခိဇေဒက်​နည်းတူ ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်၏” ဟု မိန့်တော်မူ၏။
 
7 ခရစ်တော်​သည် ကမ္ဘာလောက​၌ လူသား​အဖြစ်​ရှိ​စဉ် သေခြင်း​မှ ကယ်တင်နိုင်သော ဘုရားသခင်​ထံ ပြင်းပြ​စွာ အော်ဟစ်​၍ မျက်ရည်​ကျ​လျက် အသနားခံ​တောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်​ထံ အပ်နှံ​၍ မိမိ​အား ရိုသေ​သောကြောင့် ဘုရားသခင်​သည် ကိုယ်တော်​၏ ဆုတောင်းချက်များ​ကို နားဆင်တော်မူခဲ့၏။ 8 ခရစ်တော်​သည် ဘုရားသခင်​၏​သားတော်​ဖြစ်​သော်လည်း မိမိ​ခံစားရသော​ဆင်းရဲဒုက္ခ​အားဖြင့် နာခံတတ်​ရန် သင်ယူတော်မူ၏။ 9 ကိုယ်တော်​သည် ပြီးပြည့်စုံ​လာသည့်​အတွက် မိမိ​ကို နာခံ​သူအပေါင်းတို့​အား ထာဝရ​ကယ်တင်ခြင်း​ကို ပေးတော်မူသော​အရှင်​ဖြစ်လာ၏။ 10 ဘုရားသခင်​သည် ကိုယ်တော်​အား မေလခိဇေဒက်​နည်းတူ ယဇ်ပုရောဟိတ်မင်း​အဖြစ် ခန့်အပ်တော်မူ၏။
ဝိညာဉ်​ရေးရာ မရင့်ကျက်မှု​ကို သတိပေးခြင်း
11 ဤ​အကြောင်းအရာ​နှင့်​ပတ်သက်​၍ ကျွန်ုပ်တို့​၌ ပြောစရာ​များစွာ ရှိ​သော်လည်း သင်တို့​သည် နားလည်​ရန် မကြိုးစားတော့​သောကြောင့် ရှင်းပြ​ရန် ခက်ပေ၏။ 12 သင်တို့​သည် လေ့လာ​ဆည်းပူးခဲ့သော​ကာလ​အရ ဆရာများ​ဖြစ်သင့်​သော်လည်း ဘုရားသခင်​၏​နှုတ်ကပတ်တော်​နှင့်​ဆိုင်သော​အခြေခံ​အကြောင်းအရာများ​ကို အခြားသူ​ထံမှ ထပ်မံ​သင်ယူ​ရန် လိုအပ်နေ​သေး၏။ သင်တို့​သည် မာသော​အစာ​ကို မစားနိုင်​ဘဲ နို့​ကို​သာ သောက်နိုင်ကြသေး၏။ 13 နို့​ကို​သာ သောက်နေသူများ​သည် နို့စို့သူငယ်များ​သာ​ဖြစ်​သောကြောင့် အမှား​အမှန်​ကို ဝေဖန်​ပိုင်းခြား​နိုင်စွမ်း မရှိကြပေ။ 14 မာသော​အစားအစာ​မှာ အရွယ်ရောက်သော​သူများ​အတွက်​ဖြစ်ပြီး ထို​သူတို့​သည် အကောင်း​နှင့်​အဆိုး​ကို ဝေဖန်​ပိုင်းခြား​နိုင်ရန် လေ့ကျင့်ထားသည့်​သူများ​ဖြစ်၏။