6
ထို့ကြောင့် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့်​သက်ဆိုင်သော အခြေခံ​သွန်သင်ချက်များ​ကို ထားရစ်​ကာ ရင့်ကျက်ခြင်း​သို့ တက်လှမ်းကြစို့။ သေခြင်း​သို့ ပို့ဆောင်ပေးသော​အကျင့်​အတွက် နောင်တရခြင်း၊ ဘုရားသခင်​ကို​ယုံကြည်ခြင်း၊ 2 နှစ်ခြင်း​မင်္ဂလာ၊ လက်တင်​မင်္ဂလာပေးခြင်း၊ သေခြင်း​မှ​ရှင်ပြန်​ထမြောက်ခြင်း၊ ထာဝရ​တရားစီရင်ခြင်း စသည့် အခြေခံ​သွန်သင်ချက်တို့​၌ ထပ်မံ​အခြေ​မပြုဘဲ​နေကြစို့။ 3 ဘုရားသခင်​ခွင့်ပြုတော်မူ​လျှင် ကျွန်ုပ်တို့​သည် ထိုသို့​ပြု​၍ တက်လှမ်းကြမည်။ 4 ဘုရားသခင်​ကို စွန့်သွားသော​သူတို့​အား တစ်ဖန် နောင်တရ​စေရန် မည်သို့​ဖြစ်နိုင်တော့​မည်နည်း။ တစ်ချိန်​က ထို​သူတို့​သည် ဘုရားသခင်​၏ ဉာဏ်အလင်း​ကို ရ​၍ ကောင်းကင်ဘုံ​မှ ကျေးဇူးတော်​ကို မြည်းစမ်း​ကာ သန့်ရှင်းသော​ဝိညာဉ်တော်​၏​ကောင်းချီး​ကို ခံစားရသည့်​သူများ​ဖြစ်ခဲ့ကြ၏။ 5 ထို့ပြင် ထို​သူတို့​သည် ဘုရားသခင်​၏ ကောင်းမြတ်သော နှုတ်ကပတ်တော်​နှင့် အနာဂတ်​ကာလ​၏​တန်ခိုးတို့​ကို မြည်းစမ်း​ခဲ့ကြ၏။ 6 သို့ရာတွင် နောက်ပိုင်း​တွင် သူတို့​သည် ဘုရားသခင်​ကို စွန့်​၍ ကိုယ်တော်​၏​သားတော်​ကို လက်ဝါးကပ်တိုင်​တွင် တဖန်​ရိုက်​လျက် လူများ​ရှေ့မှောက်​တွင် ဂုဏ်သရေ​ပျက်စေသော​သူများ ဖြစ်​သောကြောင့် သူတို့​ကို နောင်တ​ရ​စေရန် မဖြစ်နိုင်ပေ။
7 မြေကြီး​သည် မိမိ​အပေါ် အဆက်မပြတ်​ရွာသွန်းသော မိုးရေ​ကို သောက်သုံး​၍ စိုက်ပျိုးသူတို့​အတွက် အသီးအနှံ​ကို ဖြစ်ထွန်းစေ​လျှင် ထို​မြေကြီး​သည် ဘုရားသခင်​ထံမှ ကောင်းချီး​ကို ခံရ၏။ 8 သို့သော် ဆူးပင်​အမျိုးမျိုး​ကို​သာ ပေါက်ပွားစေ​လျှင် ထို​မြေ​သည် အသုံး​မဝင်ဘဲ ကျိန်ခြင်း​ခံရ​ပြီး အဆုံး​တွင် မီးရှို့​ခံရ​လိမ့်မည်။
9 ချစ်ရသော​သူတို့… ဤသို့ ကျွန်ုပ်တို့​ပြောဆို​သော်လည်း သင်တို့​မှာမူ ကယ်တင်ခြင်း​နှင့် သက်ဆိုင်သည့် ပို​၍​ကောင်းသော​အရာများ ရှိကြသည်​ကို ကျွန်ုပ်တို့​အခိုင်အမာ​ယုံကြည်ကြ၏။ 10 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မဖြောင့်မတ်သော​အရှင် မဟုတ်။ ဘုရားသခင်​သည် သင်တို့​ပြုသော​အမှု​ကို​လည်းကောင်း၊ ယုံကြည်သူတို့a​ကို ယခင်​က အစေခံ​သကဲ့သို့ ယခု​ဆက်လက် အစေခံရာ​တွင် ထားသော​သင်တို့​၏ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသိအမှတ်​မပြုဘဲ နေတော်မူမည်​မဟုတ်။ 11 သင်တို့​တစ်ဦးစီ​တိုင်း​သည် အဆုံး​တိုင်အောင် စိတ်အားထက်သန်မှု​ကို ယခု​အတိုင်း ပြသနိုင်​ရန် ကျွန်ုပ်တို့​အလို​ရှိ၏။ သို့မှသာ သင်တို့​မျှော်လင့်သည့်​အရာ​ကို အသေအချာ ရရှိ​နိုင်​လိမ့်မည်။ 12 ဤ​သို့​ဖြင့် သင်တို့​သည် ပျင်းရိသော​သူများ​မဖြစ်ဘဲ ကတိထားတော်မူသော​အရာ​ကို ယုံကြည်ခြင်း​နှင့် စိတ်ရှည်ခြင်းတို့​ဖြင့် ရရှိသော​သူတို့​အား အတုယူ​ရန်​ဖြစ်၏။
ယုံကြည်​စိတ်ချရသော ဘုရားသခင်​၏ ကတိတော်
13 ဘုရားသခင်​သည် အာဗြဟံ​အား ကတိပေးတော်မူ​သောအခါ တိုင်တည်​၍ ကျိန်ဆို​ရန် မိမိ​ထက် ကြီးမြတ်သော​သူ မရှိ​သောကြောင့် မိမိကိုယ်ကိုယ် တိုင်တည်​၍
14 “ငါ​သည် သင့်​ကို ကောင်းချီးပေးပြီး သင်​၏​မျိုးဆက်​ကို တိုးပွား​များပြား​စေမည်”
ဟု မိန့်တော်မူ၏။ 15 ထိုသို့ အာဗြဟံ​သည် စိတ်ရှည်​စွာ စောင့်ဆိုင်း​ပြီးနောက် ဘုရားသခင်​ကတိထားတော်မူသော​အရာ​ကို ရရှိခဲ့၏။
16 လူတို့​သည် မိမိတို့​ထက် ကြီးမြတ်သူ​ကို တိုင်တည်​၍ သစ္စာဆို​တတ်ကြပြီး ထိုသို့​သစ္စာဆို​အတည်ပြုခြင်း​ဖြင့် အငြင်းပွားမှု​အားလုံး​ကို ဖြေရှင်းတတ်ကြ၏။ 17 ထိုနည်းတူ ဘုရားသခင်​သည် မိမိ​အကြံအစည်တော်​ကို ပြောင်းလဲမည်​မဟုတ်ကြောင်း ကတိထားတော်မူသော​အရာ​ကို ရရှိမည့်​သူများ​အား ဖော်ပြ​ရန် သစ္စာဆို​၍ အာမခံတော်မူ၏။ 18 ဘုရားသခင်​သည် မည်သည့်​အခါမျှ မုသား​မပြော​သောကြောင့် မပြောင်းလဲသော​အရာ​နှစ်ခု​ဖြစ်သည့် ကတိပြုခြင်း​နှင့် သစ္စာဆိုခြင်းတို့​ကို ပြုတော်မူ၏။ ထို့ကြောင့် ဘုရားသခင်​ထံ ခိုလှုံရာ​ရှာသော ကျွန်ုပ်တို့​သည် ဘုရားသခင်​ပေးသနားတော်မူသော မျှော်လင့်ချက်​ကို စွဲမြဲစွာ​ခံယူထား​နိုင်ရန် အထူး​ယုံကြည်​စိတ်ချကြ၏။ 19 ထို​မျှော်လင့်ချက်​သည် ကျွန်ုပ်တို့​စိတ်ဝိညာဉ်​အတွက် လုံခြုံ​ခိုင်ခံ့သော​ကျောက်ဆူး​တစ်ခု​ကဲ့သို့ ဖြစ်၏။ ၎င်း​သည် ကန့်လန့်ကာ​နောက်ကွယ်​၌​ရှိသော အသန့်ရှင်းဆုံး​ဌာနတော်​ထဲသို့ ကျွန်ုပ်တို့​ကို ခေါ်ဆောင်လေ၏။ 20 ယေရှု​ခရစ်တော်​သည် မေလခိဇေဒက်​နည်းတူ ထာဝရ​ယဇ်ပုရောဟိတ်မင်း​ဖြစ်လာ၏။ ကိုယ်တော်​သည် ရှေ့ပြေး​ဖြစ်တော်မူပြီး ကျွန်ုပ်တို့​ကိုယ်စား အသန့်ရှင်းဆုံး​ဌာနတော်​ထဲသို့ ဝင်ရောက်တော်မူ၏။