ပို၍​ကောင်းသော​ပဋိညာဉ်​၏ ယဇ်ပုရောဟိတ်မင်း
8
ကျွန်ုပ်တို့ ပြောဆိုနေသော အဓိက​အချက်​မှာ ထိုသို့သော​ယဇ်ပုရောဟိတ်မင်း​တစ်ဦး​သည် ကျွန်ုပ်တို့​၌​ရှိ၏။ ထို​ယဇ်ပုရောဟိတ်​သည် ကောင်းကင်ဘုံ​၌ ဘုန်းကြီးသော​တန်ခိုးရှင်​၏ ရာဇပလ္လင်​လက်ယာတော်​ဘက်​၌ ထိုင်တော်မူပြီး 2 သန့်ရှင်းရာ​ဌာနတော်​၌ အမှု​ထမ်းဆောင်သူ​ဖြစ်၏။ ဤ​သန့်ရှင်းရာ​ဌာနတော်​သည် လူ​က တည်ဆောက်ထားသော တဲတော်​မဟုတ်ဘဲ ထာဝရဘုရား​ကိုယ်တိုင် တည်ဆောက်ထားသည့် စစ်မှန်သော​တဲတော်​ဖြစ်၏။
3 ယဇ်ပုရောဟိတ်မင်း​ဟူသည် ပူဇော်စရာများ​နှင့် ယဇ်များ​ကို ဘုရားသခင်​ထံ ပူဇော်​ရန် ခန့်အပ်ခြင်း​ခံရသူ​ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့​၏​ယဇ်ပုရောဟိတ်မင်း​သည်​လည်း ပူဇော်စရာ​တစ်စုံတစ်ခု​ရှိရမည်။ 4 ဘုရားသခင်​အား ပညတ်တရား​အရ ပူဇော်စရာများ​ပူဇော်ရသော ယဇ်ပုရောဟိတ်များ​သည် ကမ္ဘာလောက​တွင် ရှိနေပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​သည် ကမ္ဘာလောက​တွင်​ရှိခဲ့​လျှင် ယဇ်ပုရောဟိတ်​ဖြစ်မည်​မဟုတ်။ 5 မောရှေ​သည် တဲတော်​ဆောက်​သောအခါ ဘုရားသခင်​က “တောင်ပေါ်​၌ သင့်​အား ပြသော​ပုံစံ​အတိုင်း အရာ​အားလုံး​ကို ဆောက်လော့” ဟု သတိပေးတော်မူခဲ့သည်​ဖြစ်၍ ထို​ယဇ်ပုရောဟိတ်များ​အမှု​ထမ်းဆောင်ရာ တဲတော်​သည်လည်း ကောင်းကင်ဘုံ​၌ ရှိသော တဲတော်​ကို ထင်ဟပ်​ရန်​နှင့် ပုံတူ​ယူ​ရန်​ဖြစ်၏။ 6 သို့သော် ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​ယေရှု​သည် ယခင်​ယဇ်ပုရောဟိတ်များ​ထမ်းဆောင်ရသော​အမှု​တာဝန်​ထက် ပို​၍ ကောင်းသော​အမှု​တာဝန်​ကို လက်ခံရရှိသူ​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် ပို​၍ ကောင်းသော​ကတိတော်များ​ပေါ်​တွင် အခြေခံသည့် ပို​၍ ကောင်းသော​ပဋိညာဉ်​ကို ဘုရားသခင်​နှင့် ကျွန်ုပ်တို့​အကြား​တွင် ကြားဝင်​စေ့စပ်ပေး​သောကြောင့်​ဖြစ်၏။
7 အကယ်၍ ပထမ​ပဋိညာဉ်​သည် အပြစ်ဆိုဖွယ်​မရှိခဲ့​လျှင် ဒုတိယ​ပဋိညာဉ်​ကို ဖွဲ့​ရန် မလိုအပ်ပေ။ 8 သို့ရာတွင် ဘုရားသခင်​သည် မိမိ​လူတို့​ကို အပြစ်တင်​လျက် မိန့်တော်မူသည်​မှာ
“အစ္စရေးလူမျိုး​နှင့်​လည်းကောင်း၊
ယုဒလူမျိုး​နှင့်​လည်းကောင်း
ပဋိညာဉ်​သစ်​ကို ငါ​ဖွဲ့မည့် အချိန်​ရောက်လာမည်​ဟု
ထာဝရဘုရား မိန့်တော်မူ၏။
9 ဤ​ပဋိညာဉ်​သည် သူတို့​၏​ဘိုးဘေးများ​နှင့်
ငါ​ဖွဲ့သော ပဋိညာဉ်​နှင့် ကွဲပြား​လိမ့်မည်။
ငါ​သည် သူတို့​ဘိုးဘေးများ​ကို လက်ဆွဲ​၍ အီဂျစ်ပြည်​မှ ထုတ်ဆောင်​သောအခါ
ထို​သူတို့​နှင့် ပဋိညာဉ်​ဖွဲ့ခဲ့၏။
သူတို့​သည် ငါ့​ပဋိညာဉ်​ကို မစောင့်ထိန်း​သောကြောင့်
ငါ​သည် သူတို့​ကို လျစ်လျူရှုထား၏ ဟု
ထာဝရဘုရား​မိန့်တော်မူ၏။
10 ထာဝရဘုရား​မိန့်တော်မူသည်​မှာ ထို​ကာလ​ပြီးနောက်
ငါ​သည် အစ္စရေး​လူမျိုးတို့​နှင့် ပဋိညာဉ်​ဖွဲ့မည်။
ငါ့​ပညတ်တရား​ကို သူတို့​အသိဉာဏ်​၌ ထည့်သွင်း​၍
သူတို့​၏ နှလုံးသား​၌ ရေးထားမည်။
ငါ​သည် သူတို့​၏​ဘုရား​ဖြစ်​ပြီး
သူတို့​သည် ငါ​၏​လူများ​ဖြစ်ကြ​လိမ့်မည်။
11 အငယ်ဆုံးသောသူ​မှစ၍ အကြီးဆုံးသောသူ​တိုင်အောင်
ငါ့​ကို သိကြမည် ဖြစ်​သောကြောင့်
‘ထာဝရဘုရား​ကို သိလော့’ ဟု အမျိုးသားချင်း​နှင့်
ညီအစ်ကိုချင်းတို့​အား သွန်သင်​ရန် မလိုအပ်ပေ။
12 ငါ​သည် သူတို့​၏ မတရားမှုများ​ကို ခွင့်လွှတ်​ပြီး
သူတို့​၏ အပြစ်များ​ကို မေ့ပစ်မည်”
ဟူ၍ ဖြစ်၏။
13 ဘုရားသခင်​သည် ပဋိညာဉ်​သစ် ရှိမည်​ဟု မိန့်တော်မူ​သောကြောင့် ပထမ​ပဋိညာဉ်​ကို အသုံးမပြုတော့ပေ။ အသုံးပြုခြင်း​မခံရတော့သည့်​အရာ​သည် မကြာမီ ပျောက်ကွယ်သွား​လိမ့်မည်။