ယဇ်ပုရောဟိတ်​မေလခိဇေဒက်
7
ဤ​မေလခိဇေဒက်​သည် ရှာလင်မြို့​၏​ဘုရင်​ဖြစ်ပြီး အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏ ယဇ်ပုရောဟိတ်​ဖြစ်၏။ အာဗြဟံ​သည် ရှင်ဘုရင်များ​ကို အနိုင်ရ​ပြီး အောင်ပွဲခံ​၍ ပြန်လာ​သောအခါ မေလခိဇေဒက်​သည် အာဗြဟံ​ကို ကြိုဆို​လျက် ကောင်းချီးပေးလေ၏။ 2 အာဗြဟံ​သည်လည်း ထို​မင်းကြီး​အား ရရှိသော​ပစ္စည်းများ​မှ ဆယ်ပုံတစ်ပုံ​ကို ပေးလှူ၏။ မေလခိဇေဒက်​ဟူသော အမည်​၏ အဓိပ္ပာယ်​မှာ “ဖြောင့်မတ်ခြင်း​၏​ဘုရင်” ဖြစ်ပြီး နောက်ပိုင်း​တွင် သူ့​ကို ရှာလင်​ဘုရင်​ဟု ခေါ်တွင်​ကာ “ငြိမ်းချမ်းရေး​ဘုရင်” ဟု အဓိပ္ပာယ်​ရ၏။ 3 သူ​၌ ဖခင်​နှင့်​မိခင်၊ မျိုးရိုး၊ ဘဝ​၏ အစ​အဆုံး စသည့် မှတ်တမ်းများ​မရှိပေ။ သူ​သည် ဘုရားသခင်​၏​သားတော်​ကဲ့သို့ ထာဝရ​ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို ရရှိထားသူ​ဖြစ်၏။
4 ကျွန်ုပ်တို့​၏​ဘိုးဘေး​အာဗြဟံ​သည် စစ်ပွဲ​မှ သိမ်းယူခဲ့သော ဥစ္စာပစ္စည်း​၏​ဆယ်ပုံတစ်ပုံ​ကို မေလခိဇေဒက်​အား ပေးလှူခဲ့ပြီး ဤသို့​ပေးလှူခြင်း​ခံရသူ​သည် မည်မျှ​ဂုဏ်အသရေ​ရှိကြောင်း ဆင်ခြင်ကြလော့။ 5 လေဝိ​အနွယ်​မှ ယဇ်ပုရောဟိတ်များ​သည် အာဗြဟံ​၏ သားမြေးများ​ပင်​ဖြစ်​သော်လည်း ပညတ်တရား​၏ စည်းမျဉ်း​အရ ဆယ်ဖို့တစ်ဖို့​ကို မိမိတို့​လူမျိုး​ထံမှ ကောက်ယူခွင့်​ရှိကြ၏။ 6 သို့သော် ဤ​မေလခိဇေဒက်​သည် လေဝိ​မျိုးဆက်​မဟုတ်​သော်လည်း သူ​သည် အာဗြဟံ​ထံမှ ဆယ်ဖို့တစ်ဖို့​အလှူ​ကို ခံယူ​လျက် ဘုရားသခင်​၏​ကတိတော်​ကို ရရှိထားသော အာဗြဟံ​အား ကောင်းချီးပေးခဲ့၏။ 7 ကောင်းချီး​ပေးသောသူ​သည် ကောင်းချီး​မင်္ဂလာ​ခံယူသူ​ထက် ပို၍​ကြီးမြတ်သည်​မှာ ငြင်းဆိုဖွယ်​မရှိ။
8 ဆယ်ပုံတစ်ပုံ​ကို ခံယူသော လေဝိ​အနွယ်​ယဇ်ပုရောဟိတ်တို့​သည် သေတတ်သော​လူများ​ဖြစ်ကြ​သော်လည်း ဆယ်ပုံတစ်ပုံ​ကို ခံယူသော ဤ​မေလခိဇေဒက်​မှာ အသက်ရှင်​ကြောင်း သက်သေ​ထင်ရှား၏။ 9 ဆယ်ပုံတစ်ပုံ​ကို ခံယူသော လေဝိ​သည်​ပင် အာဗြဟံ​မှတစ်ဆင့် မေလခိဇေဒက်​အား ဆယ်ပုံတစ်ပုံ​ကို ပေးလှူသည်​ဟု ဆိုနိုင်၏။ 10 အဘယ်ကြောင့်ဆိုသော် အာဗြဟံ​ထံမှ ဆယ်ပုံတစ်ပုံ​ကို မေလခိဇေဒက် ခံယူ​သောအချိန်​၌ လေဝိ​သည် မမွေးဖွားသေး​သော်လည်း သူ​၏ မျိုးစေ့​သည် အာဗြဟံ​၏ ကိုယ်​၌ ရှိနေ​သောကြောင့်​ဖြစ်၏။
ယဇ်ပုရောဟိတ်မင်း ယေရှု
11 အစ္စရေးလူမျိုးတို့​သည် လေဝိ​အနွယ်​မှ ဆင်းသက်သည့်​ယဇ်ပုရောဟိတ်​အမျိုး​ကို အခြေခံသော​ပညတ်တရား​ကို လက်ခံရရှိကြ၏။ ထို့ကြောင့် သူတို့​သည် ဤ​လေဝိ​အနွယ်​ယဇ်ပုရောဟိတ်​အားဖြင့် ပြီးပြည့်စုံမှု​ကို ရရှိသည်​မှန်​လျှင် လေဝိ​အနွယ် အာရုန်​နည်းတူ​မဟုတ်ဘဲ မေလခိဇေဒက်​နည်းတူ အခြား​ယဇ်ပုရောဟိတ်​တစ်ဦး​ပေါ်ထွန်းလာ​ရန် အဘယ်ကြောင့် လိုအပ်သေး​သနည်း။ 12 ယဇ်ပုရောဟိတ်​မျိုးနွယ်​ကို ပြောင်းလဲ​လျှင် ပညတ်တရား​ကို​လည်း ပြောင်းလဲ​ရမည်။ 13 ဤ​တွင် ကျွန်ုပ်တို့​ပြောဆိုနေသော ယဇ်ပုရောဟိတ်​မှာ အခြား​အနွယ် ဖြစ်ပြီး ထို​အနွယ်​ထဲမှ မည်သူ​မျှ ယဇ်ပလ္လင်​၌ အမှု​မဆောင်ရွက်​ဖူးပေ။ 14 ကျွန်ုပ်တို့​၏ သခင်​သည် ယုဒ​အနွယ်​မှ ဆင်းသက်တော်မူကြောင်း​ထင်ရှား၏။ မောရှေ​သည် ထို​ယုဒ​အနွယ်​မှ ယဇ်ပုရောဟိတ်​ပေါ်ထွန်းမည်​ဟု မည်သည့်​အခါမျှ မပြောခဲ့ပေ။ 15 မေလခိဇေဒက်​နှင့်​တူသော အခြား​ယဇ်ပုရောဟိတ်​တစ်ဦး​ပေါ်ထွန်းလာ​လျှင် ကျွန်ုပ်တို့ ပြောဆိုသည့် ယဇ်ပုရောဟိတ်​မျိုးနွယ် ပြောင်းလဲကြောင်း ပိုမို သိသာ​ထင်ရှား၏။ 16 ထို​ယဇ်ပုရောဟိတ်​သည် လေဝိ​အနွယ်​မှ ဖြစ်ရမည်​ဟူသော ပညတ်တရား​၏ စည်းမျဉ်း​အရ မဟုတ်ဘဲ မိမိ​၏​မပျက်စီးနိုင်သော​အသက်​တန်ခိုး​အရ ယဇ်ပုရောဟိတ်​ဖြစ်လာ၏။ 17 ဤ​အကြောင်း​နှင့်​ပတ်သက်၍ ကျမ်းစာ​၌
“သင်​သည် မေလခိဇေဒက်​နည်းတူ
ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်၏”
ဟု ဖော်ပြထား၏။
18 ယခင်​ပညတ်တရား​၏ စည်းမျဉ်း​သည် အားနည်း​၍ ကောင်းကျိုး​မပေးနိုင်​သောကြောင့် ဖျက်သိမ်းခြင်း​ခံရ၏။ 19 အဘယ်ကြောင့်ဆိုသော် ပညတ်တရား​သည် မည်သည့်​အရာ​ကို​မျှ ပြီးပြည့်စုံအောင်​မလုပ်ဆောင်နိုင်​သောကြောင့် ဖြစ်၏။ ယခု​တွင်မူ ပို၍​ကောင်းသော​မျှော်လင့်ချက် ရှိလာ​သဖြင့် ကျွန်ုပ်တို့​သည် ထို​မျှော်လင့်ချက်​ဖြင့် ဘုရားသခင်​ထံတော်​သို့ ချဉ်းကပ်ကြ၏။
20 ထို့ပြင် ယေရှု​၏ ယဇ်ပုရောဟိတ်​အရိုက်အရာ​သည် သစ္စာဆိုခြင်း​မပါဘဲ ဖြစ်လာသည်​မဟုတ်။ အခြား​သူတို့​၏​ယဇ်ပုရောဟိတ်​အရိုက်အရာ​မှာမူ သစ္စာဆိုခြင်း​မပါဘဲ ဖြစ်လာကြ၏။ 21 ဘုရားသခင်​သည် ယေရှု​အား ယဇ်ပုရောဟိတ်​အဖြစ် ခန့်ထားတော်မူ​သောအခါ
“ ‘သင်​သည် ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်၏’ ဟု
ထာဝရဘုရား​သစ္စာပြုတော်မူပြီ။
မိမိ​စိတ်တော်​ကိုလည်း ပြောင်းလဲတော်မူမည်​မဟုတ်”
ဟူ၍ ကိုယ်တော်​အား မိန့်တော်မူ၏။ 22 ဤ​သစ္စာပြုခြင်း​ကြောင့် ယေရှု​သည် ပို၍​ကောင်းသော​ပဋိညာဉ်​၏ အာမခံ​ဖြစ်လာ၏။
23 ယဇ်ပုရောဟိတ်တို့​သည် သေရ​သောကြောင့် အစဉ်အမြဲ အမှု​မထမ်းဆောင်​နိုင်ကြပေ။ သို့ဖြစ်၍ သူတို့​သည် အမြောက်အမြား​ရှိခဲ့၏။ 24 သို့သော် ယေရှု​မှာမူ ထာဝရ​အသက်ရှင်​သောကြောင့် ကိုယ်တော်​၏​ယဇ်ပုရောဟိတ်​အရိုက်အရာ​သည် မည်သည့်​အခါ​မျှ မပြောင်းလဲပါ။ 25 ထို့ကြောင့် ကိုယ်တော်​သည် မိမိ​ကို​အမှီပြု​၍ ဘုရားသခင်​ထံသို့ ချဉ်းကပ်လာ​သူများ​ကို အပြည့်အဝ​ကယ်တင်​နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် သူတို့​အတွက် အသနားခံပေး​ရန် ထာဝရ​အသက်ရှင်နေ​သောကြောင့်​ဖြစ်၏။
26 ထို​ယဇ်ပုရောဟိတ်မင်း​သည် သန့်ရှင်းသူ၊ အပြစ်​ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့​နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ​၌ အကြီးမြတ်ဆုံးသော နေရာ​သို့ ချီးမြှောက်​ခံရသူ​ဖြစ်​သောကြောင့် ကျွန်ုပ်တို့​လိုအပ်နေသော​ယဇ်ပုရောဟိတ်မင်း​မျိုး ဖြစ်၏။ 27 အခြား​ယဇ်ပုရောဟိတ်မင်းများ​သည် မိမိတို့​အပြစ်​အတွက် သော်လည်းကောင်း၊ လူတို့​၏ အပြစ်​အတွက်​သော်လည်းကောင်း နေ့တိုင်း​ယဇ်ပူဇော်ရ​သော်လည်း ကိုယ်တော်​သည် ထိုသို့​ပူဇော်​ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် လူတို့​၏ အပြစ်​အတွက် မိမိ​အသက်​ကို ပူဇော်​စဉ်က တစ်ကြိမ်တည်း​နှင့် အပြီး ပူဇော်​သောကြောင့်​ဖြစ်၏။ 28 ပညတ်တရား​အရ ခန့်အပ်ထားသော ယဇ်ပုရောဟိတ်မင်း​သည် လူသား​ဖြစ်၍​အားနည်းချက်​ရှိ၏။ သို့သော် ပညတ်တရား​နောက်​၌ လာသည့်​သစ္စာပြုခြင်း​အားဖြင့် ခန့်အပ်ထားသော သားတော်​မှာမူ ထာဝရ​ပြီးပြည့်စုံတော်မူ၏။