ကောင်းကင်ဘုံ​၌​ကိုးကွယ်ခြင်း
4
ထို့နောက် ကျွန်ုပ်​ကြည့်​လျှင် ကောင်းကင်ဘုံ​၌ တံခါး​ပွင့်သည်​ကို မြင်ရ၏။ ပထမ​အကြိမ်​က ကျွန်ုပ်​ကြားခဲ့ရသည့် တံပိုး​ခရာသံ​နှင့် တူသော​အသံ​မှာ “ဤ​အရပ်​သို့ တက်လာလော့။ အနာဂတ်​တွင် ဖြစ်ပျက်မည့်​အကြောင်းအရာများ​ကို သင့်​အား ငါ​ပြမည်” ဟူ၍ ဖြစ်၏။ 2 ချက်ချင်း​ပင် ကျွန်ုပ်​အပေါ် ဝိညာဉ်တော်​သက်ရောက်လာ​၍ ကျွန်ုပ်​သည် ကောင်းကင်ဘုံ​၌ တည်ထားသော​ရာဇပလ္လင်​တစ်ခု​နှင့် ထို​ပလ္လင်​ပေါ်တွင် ထိုင်နေသူ​တစ်ဦး​ကို မြင်ရ၏။ 3 ထို​သူ​သည် နဂါးသွဲ့​နှင့် ပတ္တမြား​ကဲ့သို့ တောက်ပနေ၏။ မြ​ကဲ့သို့သော​အဆင်းအရောင်​ရှိသည့် သက်တံ​သည် ထို​ပလ္လင်တော်​ကို ဝန်းရံထား၏။ 4 ရာဇပလ္လင်တော်​ပတ်လည်​တွင် အခြား​ပလ္လင်​နှစ်ဆယ့်လေး​ခု​ရှိ​ပြီး အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် ထို​ပလ္လင်များ​ပေါ်တွင် ထိုင်နေကြ၏။ သူတို့​သည် ဝတ်ရုံဖြူ​ကို ဝတ်ဆင်​လျက် ဦးခေါင်းများ​ပေါ်​တွင် ရွှေ​သရဖူများ​ကို ဆောင်းထားကြ၏။ 5 ရာဇပလ္လင်တော်​မှ လျှပ်စီး​လက်ခြင်း၊ အသံ​မြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း​တို့​ထွက်ပေါ်လာ၏။ ထို​ပလ္လင်တော်​ရှေ့တွင် ဘုရားသခင်​၏ ဝိညာဉ်​ခုနစ်ပါး​ကို ကိုယ်စားပြုသည့် မီးတုတ်​ခုနစ်ခုတို့​သည် တောက်လောင်​လျက်​ရှိ၏။ 6 ရာဇပလ္လင်တော်​ရှေ့​၌ ကျောက်သလင်း​ကဲ့သို့​ကြည်လင်​၍ ဖန်​ပင်လယ်​ကဲ့သို့သော​အရာ​ရှိ၏။ ထို​ပလ္လင်တော်​အနီး​နှင့် ပတ်လည်​၌ သတ္တဝါ​လေးပါး​ရှိ၏။ သူတို့​၏​ခန္ဓာ​ရှေ့​နောက်​တွင် မျက်စိများ​အပြည့်​ရှိ၏။ 7 ပထမ​သတ္တဝါ​သည် ခြင်္သေ့​နှင့်​တူ​၍ ဒုတိယ​သတ္တဝါ​သည် နွားထီး​နှင့်​တူ၏။ တတိယ​သတ္တဝါ​သည် လူ​နှင့်​တူသော​မျက်နှာ​ရှိပြီး စတုတ္ထ​သတ္တဝါ​မှာ ပျံသန်းနေသော​လင်းယုန်​နှင့် တူ၏။ 8 သတ္တဝါ​လေးပါး​တွင် တောင်ပံ​ခြောက်ခုစီ​ရှိ​၍ တောင်ပံ​အတွင်း​နှင့်​အပြင်​၌ မျက်လုံးများ​အပြည့်​ရှိ၏။ သူတို့​က
“ယခု​ရှိ​လျက်၊ ယခင်​ကလည်း​ရှိ​လျက် နောင်အခါ​၌လည်း​ကြွလာမည့် အနန္တ​တန်ခိုးရှင် ဘုရားသခင်​သည်
သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”
ဟူ၍ နေ့ည​မပြတ် ကြွေးကြော်နေကြ၏။ 9 အစဉ်​ထာဝရ​အသက်ရှင်တော်မူ​ပြီး ရာဇပလ္လင်တော်​ပေါ်​တွင် ထိုင်တော်မူသော​အရှင်​၏ ဘုန်းအသရေတော်၊ ဂုဏ်အသရေတော်၊ ကျေးဇူးတော်တို့​ကို ဤ​သတ္တဝါတို့​က ချီးမွမ်းကြ၏။ ထိုသို့​ချီးမွမ်းကြသည့်​အခါတိုင်း 10 အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် ရာဇပလ္လင်တော်​ပေါ်တွင် ထိုင်တော်မူသော​အရှင်​ရှေ့၌ ဝပ်တွားခယ​၍ အစဉ်​ထာဝရ​အသက်ရှင်တော်မူသော​အရှင်​ကို ကိုးကွယ်ကြ၏။ ထို​အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် မိမိတို့​၏​သရဖူများ​ကို ရာဇပလ္လင်တော်​ရှေ့​၌ ချထား​လျက်
11 “အကျွန်ုပ်တို့​၏​ဘုရားသခင် ထာဝရဘုရား…
ကိုယ်တော်​သည် အရာ​အားလုံး​ကို ဖန်ဆင်းတော်မူ​၍
ထို​အရာတို့​သည် ကိုယ်တော်​၏​အလိုတော်​အတိုင်း ဖြစ်တည်လာ​သောကြောင့်
ကိုယ်တော်​သည် ဘုန်းအသရေတော်၊ ဂုဏ်အသရေတော်၊ ဘုန်းတန်ခိုးတော်​တို့​နှင့် ထိုက်တန်တော်မူ၏”
ဟု ကြွေးကြော်ကြ၏။