သိုးသငယ်တော်နှင့် တံဆိပ်ခတ်ထားသော စာလိပ်
5
ထို့နောက် ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်၏ လက်ယာလက်ထဲတွင် စာလိပ်ကို ကျွန်ုပ်မြင်ရ၏။ ထိုစာလိပ်အတွင်းအပြင်နှစ်ဖက်လုံး၌ စာများရေးထား၍ တံဆိပ်ခုနစ်ခုဖြင့် ခတ်နှိပ်ထား၏။ 2 ထိုအခါ တန်ခိုးကြီးသော ကောင်းကင်တမန်တစ်ပါးက “မည်သူသည် တံဆိပ်ခုနစ်ခုကို ခွာပြီး စာလိပ်ကို ဖွင့်ရန် ထိုက်တန်သနည်း” ဟု ကျယ်လောင်စွာ ကြွေးကြော်နေသည်ကို ကျွန်ုပ်မြင်ရ၏။ 3 သို့သော် ကောင်းကင်၌ဖြစ်စေ၊ မြေကြီး၌ဖြစ်စေ၊ မြေကြီးအောက်၌ဖြစ်စေ ထိုစာလိပ်ကို ဖွင့်ကြည့်ရန် မည်သူမျှ မတတ်စွမ်းနိုင်ပေ။ 4 ထိုစာလိပ်ကို ဖွင့်ကြည့်ရန် ထိုက်တန်သူတစ်ဦးတစ်ယောက်မျှမရှိသည်ကို ကျွန်ုပ်မြင်ရသောကြောင့် ရှိုက်ကြီးတငင်ငိုကြွေးမိ၏။ 5 အကြီးအကဲတစ်ဦးက “မငိုကြွေးနှင့်။ ယုဒအနွယ်၏ခြင်္သေ့၊ ဒါဝိဒ်၏အမြစ်ဖြစ်သော အရှင်သည် အောင်နိုင်ပြီ။ ထိုအရှင်သည် တံဆိပ်ခုနစ်ခုကို ခွာ၍ စာလိပ်ကိုဖွင့်နိုင်သည်” ဟု ကျွန်ုပ်အား ပြော၏။6 ထို့နောက် အသေသတ်ခံရပြီးသကဲ့သို့ဖြစ်သော သိုးသငယ်တော်ကို ကျွန်ုပ်မြင်ရ၏။ ထိုသိုးသငယ်သည် ရာဇပလ္လင်တော်နှင့် သတ္တဝါလေးပါးတို့၏အလယ်၌ ရှိပြီး အကြီးအကဲတို့က ဝန်းရံထား၏။ ထိုသိုးသငယ်တော်၌ ချိုခုနစ်ချောင်းနှင့် မျက်လုံးခုနစ်လုံးရှိ၏။ ထိုမျက်လုံးတို့သည် ကမ္ဘာမြေတစ်ခွင်လုံးသို့ စေလွှတ်ခံရသော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးဖြစ်၏။ 7 သိုးသငယ်တော်သည် ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်၏ လက်ယာလက်မှ စာလိပ်ကို သွား၍ ယူလေ၏။ 8 သိုးသငယ်တော်သည် စာလိပ်ကို ယူသောအခါ သတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် သိုးသငယ်တော်ရှေ့၌ ဝပ်တွားခယကြ၏။ သူတို့တစ်ဦးစီသည် စောင်းကိုလည်းကောင်း၊ အမွှေးနံ့သာနှင့်ပြည့်သော ရွှေဖလားကိုလည်းကောင်း ကိုင်ဆောင်ထားကြ၏။ ထိုရွှေဖလား၌ရှိသော အမွှေးနံ့သာများသည် သန့်ရှင်းသူတို့၏ ဆုတောင်းချက်များကို ကိုယ်စားပြု၏။ 9 သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ
“ကိုယ်တော်သည် စာလိပ်ကိုယူ၍
တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍
မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို
ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။
10 ကိုယ်တော်သည် ထိုသူတို့အား ဘုရားသခင်၏လူမျိုးတော်နှင့် ယဇ်ပုရောဟိတ်များဖြစ်စေတော်မူ၏။
ထိုသူတို့သည် ကမ္ဘာလောကကို အုပ်စိုးကြလိမ့်မည်”
ဟူ၍ ဖြစ်၏။
11 ထို့နောက် ကျွန်ုပ်ကြည့်လိုက်ရာ သိန်းသန်းကုဋေမက အတိုင်းမသိများပြားသောကောင်းကင်တမန်တို့၏ ကြွေးကြော်သံကို ကြားရ၏။ သူတို့သည် ရာဇပလ္လင်တော်၊ သတ္တဝါလေးပါးနှင့် အကြီးအကဲတို့ကို ဝန်းရံထားကြ၏။ 12 ထိုသူတို့က
“အသေသတ်ခံရသောသိုးသငယ်တော်သည်
တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊
ဂုဏ်အသရေ၊ ဘုန်းအသရေနှင့် ချီးမွမ်းခြင်းတို့ကို ခံယူရန် ထိုက်တန်၏”
ဟု ကျယ်လောင်စွာ ကြွေးကြော်ကြ၏။
13 ထို့ပြင် ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ ပင်လယ်ထဲစသည့် နေရာအသီးသီး၌ ရှိကြသော ဖန်ဆင်းခံသတ္တဝါအပေါင်းတို့က
“ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်နှင့် သိုးသငယ်တော်သည်
အစဉ်ထာဝရ ချီးမွမ်းခြင်းကို ခံစား၍ ဂုဏ်အသရေ၊ ဘုန်းအသရေ၊ ဘုန်းတန်ခိုးတို့နှင့် အစဉ်ထာဝရ တည်ရှိပါစေသော”