ဘုရားသခင်၏ အစေခံများကို တံဆိပ်ခတ်ခြင်း
7
ထို့နောက် ကမ္ဘာမြေကြီးအရပ်လေးမျက်နှာတွင် ရပ်နေသော ကောင်းကင်တမန်လေးပါးကို ကျွန်ုပ်မြင်ရ၏။ သူတို့သည် မြေကြီး၊ ပင်လယ်နှင့် သစ်ပင်များပေါ်သို့ လေမတိုက်စေရန် အရပ်လေးမျက်နှာမှ လေတို့ကို ထိန်းချုပ်ထားကြ၏။ 2 ထို့နောက် အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ကိုကိုင်လျက် အရှေ့အရပ်မှ တက်လာသော ကောင်းကင်တမန်တစ်ပါးကို ကျွန်ုပ်မြင်ရ၏။ မြေကြီးနှင့်ပင်လယ်ကို ဖျက်ဆီးရန်အတွက် အခွင့်အာဏာရရှိထားသော ကောင်းကင်တမန်လေးပါးအား သူက ကျယ်လောင်စွာ ကြွေးကြော်သည်မှာ 3 “ဘုရားသခင်၏အစေခံတို့ကို နဖူး၌တံဆိပ်မခတ်မီအထိ မြေကြီး၊ ပင်လယ်နှင့် သစ်ပင်တို့ကို မဖျက်ဆီးနှင့်” ဟူ၍ဖြစ်၏။4 ထို့နောက်တံဆိပ်ခတ်ခံရသောသူတို့၏ အရေအတွက်ကို ကျွန်ုပ်ကြားသိရ၏။ အစ္စရေးမျိုးနွယ်စုအသီးသီးထဲမှ တစ်သိန်းလေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်နှိပ်ခံရ၏။
5 ယုဒအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
ရုဗင်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
ဂဒ်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
6 အာရှာအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
နဿလိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
မနာရှေအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
7 ရှိမောင်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
လေဝိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
ဣသခါအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
8 ဇာဗုလုန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
ယောသပ်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
ဗင်္ယာမိန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်တို့သည်
အသီးသီး တံဆိပ်ခတ်နှိပ်ခံကြရ၏။
ကြီးမားသောဒုက္ခဆင်းရဲကို ဖြတ်ကျော်ခဲ့သော ဘုရားသခင်၏လူမျိုး
9 ထို့နောက် ကျွန်ုပ်ကြည့်လိုက်ရာ မည်သူမျှမရေတွက်နိုင်သော လူအုပ်ကြီးရှိ၏။ သူတို့သည် တိုင်းနိုင်ငံအသီးသီး၊ မျိုးနွယ်စုအသီးသီး၊ လူမျိုးအသီးသီးနှင့် ဘာသာစကားအသီးသီးပြောသည့်သူများမှ ဖြစ်ကြ၏။ သူတို့သည် ဝတ်ရုံဖြူကို ဝတ်ဆင်လျက် လက်များ၌ စွန်ပလွံခက်များကိုကိုင်၍ ရာဇပလ္လင်တော်နှင့် သိုးသငယ်တော်ရှေ့၌ ရပ်နေကြ၏။ 10 သူတို့က
“ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့်
သိုးသငယ်တော်တို့သည်
ငါတို့ကို ကယ်တင်တော်မူပြီ”
ဟူ၍ ကျယ်လောင်စွာ ကြွေးကြော်ကြ၏။ 11 ကောင်းကင်တမန်အပေါင်းတို့သည် ရာဇပလ္လင်တော်၊ အကြီးအကဲများနှင့် သတ္တဝါလေးပါးတို့၏ ပတ်လည်၌ ရပ်နေကြ၏။ သူတို့သည် ပလ္လင်တော်ရှေ့၌ ဝပ်တွားခယလျက် ဘုရားသခင်ကို ကိုးကွယ်ကြ၏။ 12 သူတို့က
“အာမင်။
ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊
ဉာဏ်ပညာ၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊
တန်ခိုး၊ အစွမ်းသတ္တိတို့သည်
ငါတို့၏ဘုရားသခင်အပေါ် အစဉ်ထာဝရတည်ရှိပါစေသော။
အာမင်”
ဟု ဆိုကြ၏။
13 အကြီးအကဲများထဲမှ တစ်ပါးက “ဝတ်ရုံဖြူဝတ်ထားသည့် ဤသူတို့သည် မည်သူတို့နည်း။ မည်သည့်အရပ်မှ လာကြသနည်း” ဟု ကျွန်ုပ်အား မေး၏။ 14 ကျွန်ုပ်က “အရှင်… အဖြေကို အရှင်သိပါ၏” ဟုပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးမားသောဒုက္ခဆင်းရဲကို ဖြတ်ကျော်လာသောသူများဖြစ်ကြ၏။ ထိုသူတို့သည် သိုးသငယ်တော်၏သွေး၌ မိမိတို့ဝတ်ရုံများကို ဖြူစင်အောင်လျှော်ကြပြီ။
15 ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ရာဇပလ္လင်တော်ရှေ့ ကိုယ်တော်၏ဗိမာန်တော်၌
နေ့ညမပြတ် ဘုရားသခင်ကို ဝတ်ပြုကြ၏။
ရာဇပလ္လင်တော်ပေါ် ထိုင်တော်မူသောအရှင်သည်လည်း
သူတို့နှင့်အတူရှိ၍ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။
16 သူတို့သည် နောက်တစ်ဖန် ဆာလောင်တော့မည်မဟုတ်။
ရေငတ်တော့မည်မဟုတ်။
နေရောင်ခြည်နှင့် ပြင်းထန်သောအပူဒဏ်ကြောင့်လည်း
ထိခိုက်မှုရှိတော့မည်မဟုတ်။
17 အဘယ်ကြောင့်ဆိုသော် ရာဇပလ္လင်တော်အလယ်၌ရှိသော သိုးသငယ်တော်သည်
သူတို့၏သိုးထိန်းဖြစ်၍
အသက်စမ်းရေတွင်းသို့ ပို့ဆောင်တော်မူမည်ဖြစ်သောကြောင့်ပင်။
ဘုရားသခင်သည် သူတို့၏ ရှိသမျှမျက်ရည်တို့ကို သုတ်ပေးတော်မူလိမ့်မည်”
ဟုဆို၏။