သတ္တမ​တံဆိပ်​ကို ဖွင့်ခြင်း
8
သိုးသငယ်တော်​သည် သတ္တမ​တံဆိပ်​ကို​ဖွင့်​သောအခါ ကောင်းကင်ဘုံ​၌ နာရီဝက်​ခန့် တိတ်ဆိတ်နေ၏။ 2 ထို့နောက် ဘုရားသခင်​၏​ရှေ့တော်​၌ ရပ်နေသော ကောင်းကင်တမန် ခုနစ်ပါး​ကို ကျွန်ုပ်​မြင်ရ၏။ ဘုရားသခင်​သည် သူတို့​အား​တံပိုးခရာ​ခုနစ်ခု​ကို ပေးတော်မူ၏။
3 ကောင်းကင်တမန်​တစ်ပါး​သည် ရွှေလင်ပန်း​ကို ကိုင်​လျက် ရှေ့သို့​လာ​၍ ယဇ်ပလ္လင်​နား​မှာ ရပ်နေ၏။ ရာဇပလ္လင်တော်​ရှေ့​၌​ရှိသော ရွှေ​ယဇ်ပလ္လင်​ပေါ်တွင် သန့်ရှင်းသူတို့​၏ ဆုတောင်းချက်များ​နှင့်​အတူ ပူဇော်​ဆက်ကပ်​ရန် သူ့​အား အမွှေးနံ့သာ​များစွာ​ကို ပေးအပ်ထား၏။ 4 အမွှေးနံ့သာ​မှ အခိုးအငွေ့​သည် သန့်ရှင်းသူတို့​၏ ဆုတောင်းချက်များ​နှင့်​အတူ ကောင်းကင်တမန်​၏​လက်​မှ ဘုရားသခင်​ထံတော်သို့ တက်လေ၏။ 5 ထို့နောက်​ကောင်းကင်တမန်​သည် ယဇ်ပလ္လင်​ပေါ်မှ မီး​ကို အမွှေးနံ့သာ​ပူဇော်ရာ​ခွက်​ထဲသို့ ထည့်​၍ ကမ္ဘာမြေ​ပေါ်သို့ ပစ်ချ​လိုက်ရာ မိုးခြိမ်းခြင်း၊ အသံ​မြည်ဟည်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မြေငလျင်​လှုပ်ခြင်းတို့​ဖြစ်ပေါ်လာ၏။
ကောင်းကင်တမန်များ တံပိုးခရာ​မှုတ်ခြင်း
6 ထို​အချိန်​၌ တံပိုးခရာ​ခုနစ်ခု​ကိုင်ထားသော ကောင်းကင်တမန်​ခုနစ်ပါးတို့​သည်လည်း တံပိုးခရာ​မှုတ်​ရန် ပြင်ဆင်ကြ၏။
7 ပထမ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ သွေး​နှင့်​ရောသော မိုးသီး​နှင့်​မီး​တို့​သည် ကမ္ဘာမြေ​ပေါ်သို့​ကျလေ၏။ ကမ္ဘာမြေ​၏​သုံးပုံ​တစ်ပုံ၊ သစ်ပင်​သုံးပုံ​တစ်ပုံ​နှင့် စိမ်းစိုသော​မြက်ပင်​ရှိသမျှတို့​သည် လောင်ကျွမ်းကုန်၏။
8 ဒုတိယ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ မီးလောင်နေသည့်​တောင်ကြီး​ကဲ့သို့သော​အရာ​သည် ပင်လယ်​ထဲသို့ ပစ်ချခြင်း​ခံရ၏။ ပင်လယ်ရေ​သုံးပုံ​တစ်ပုံ​သည် သွေး​အဖြစ်​သို့ ပြောင်းလဲသွား၏။ 9 ပင်လယ်​၌​ရှိသော သက်ရှိ​သတ္တဝါ​သုံးပုံ​တစ်ပုံ​သေ​၍ သင်္ဘော​သုံးပုံ​တစ်ပုံ​သည်လည်း ပျက်စီးသွား၏။
10 တတိယ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ မီးတုတ်​ကဲ့သို့ တောက်လောင်နေသော ကြယ်ကြီး​တစ်လုံး​သည် ကောင်းကင်​မှ ကြွေကျ​၍ မြစ်​သုံးပုံ​တစ်ပုံ​နှင့် စမ်းရေတွင်းများ​ပေါ်သို့ ကျလေ၏။ 11 ထို​ကြယ်​၏​အမည်​မှာ “ဒေါန” ဖြစ်​၍ ရေ​၏ သုံးပုံ​တစ်ပုံ​သည် ဒေါန​ကဲ့သို့ ခါးသွား၏။ ထို​ရေခါး​ကို သောက်သော​လူများစွာ​သည် သေဆုံးကြ၏။
12 စတုတ္ထ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ နေ၊ လ၊ ကြယ်တို့​၏ သုံးပုံ​တစ်ပုံ​သည် ထိခိုက်​ပျက်စီးသွား​သဖြင့် ၎င်းတို့​၏​အလင်း​သည် သုံးပုံ​တစ်ပုံ လျော့နည်းသွား၏။ နေ့​၏​သုံးပုံ​တစ်ပုံ​နှင့် ည​၏​သုံးပုံ​တစ်ပုံ​သည် အလင်းရောင်​မရကြ။ 13 ထို့နောက် ကောင်းကင်​အလယ်​၌ ပျံဝဲနေသည့် လင်းယုန်ငှက်​တစ်ကောင်​ကို ကျွန်ုပ်​မြင်ရ၏။ ထို​လင်းယုန်​က “ကျန်ရှိသော​ကောင်းကင်တမန်​သုံးပါးတို့​၏ တံပိုးခရာ​မှုတ်တော့မည့်​အသံ​ကြောင့် ကမ္ဘာလောက​၌ နေထိုင်ကြသော​သူတို့​သည် အမင်္ဂလာ​ရှိကြ​လိမ့်မည်။ အမင်္ဂလာ​ရှိကြ​လိမ့်မည်။ အမင်္ဂလာ​ရှိကြ​လိမ့်မည်” ဟု​ကျယ်လောင်​စွာ ကြွေးကြော်သည်​ကို ကျွန်ုပ်​ကြားရ၏။