ဘေဘီလုံမြို့ ပြိုပျက်ခြင်း
18
ထို့နောက် အခြား​ကောင်းကင်တမန်​တစ်ပါး​သည် ကြီးမားသော​အခွင့်အာဏာ​နှင့်အတူ ကောင်းကင်ဘုံ​မှ ဆင်းသက်လာသည်​ကို ကျွန်ုပ်​မြင်ရ၏။ ကမ္ဘာ​မြေကြီး​သည်​လည်း သူ​၏​အရောင်အဝါ​ဖြင့် ထွန်းလင်းနေ၏။
2 ထို​ကောင်းကင်တမန်​က
“ဘေဘီလုံ​မြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။
ဤ​မြို့​သည် နတ်ဆိုးတို့ နေထိုင်ရာ​အရပ်၊
ညစ်ညမ်းသော​နတ်တို့ ခိုအောင်းရာ​အရပ်၊
ညစ်ညမ်းသော​ငှက်တို့ ခိုအောင်းရာ​အရပ်၊
ညစ်ညမ်း​မုန်းတီးဖွယ်​တိရစ္ဆာန်တို့ ခိုအောင်းရာ​အရပ် ဖြစ်လေပြီ။
3 လူမျိုး​အပေါင်းတို့​သည် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​ဟူသည့် သူ​၏​စပျစ်ဝိုင်​ကို သောက်ကြပြီ။
လောကီ​ဘုရင်တို့​သည် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​ကို သူ​နှင့် ကျူးလွန်ကြ၏။
လောကီ​ကုန်သည်တို့​သည်​လည်း သူ​၏ အလွန်အကျွံ​စည်းစိမ်ခံစား​လိုသော​ဆန္ဒ​ကြောင့် ကြီးပွား​ချမ်းသာလာကြပြီ”
ဟု ကျယ်လောင်သော​အသံ​ဖြင့် ကြွေးကြော်၏။
4 ထို့နောက် ကောင်းကင်ဘုံ​မှ အခြား​အသံ​ကို ကျွန်ုပ်​ကြားရသည်​မှာ
“ငါ​၏​လူမျိုးတို့… ထို​မြို့​မှ ထွက်ခဲ့ကြလော့။
ဤ​သည်​မှာ သင်တို့​သည် ထို​မြို့​၏ အပြစ်ကျူးလွန်မှု​၌ မပါဝင်မိ​စေရန်​နှင့်
ထို​မြို့​၌ ကျရောက်မည့် ဘေးဒဏ်​ကို မခံရ​စေရန်​ဖြစ်၏။
5 သူ​၏ အပြစ်များ​သည် ကောင်းကင်​အထိ စုပုံ​၍ မြင့်မားနေ​သောကြောင့်
သူ​၏ ပြစ်မှု​ကျူးလွန်ခြင်းတို့​ကို ဘုရားသခင်​သတိရတော်မူပြီ။
6 သူတစ်ပါး​ကို သူ​ပြုခဲ့သည့်​အတိုင်း သူ့​အား ပြန်​၍ ပြုကြလော့။
သူ​ပြုမူခဲ့သည့်​အရာ​အတွက် နှစ်ဆ​တိုး​၍ တုံ့ပြန်ကြလော့။
သူ​ရောစပ်ပေးသည့် ခွက်​၌ သူ့​အတွက် နှစ်ဆ​တိုး၍ ရောစပ်ပေးကြလော့။
7 သူ​သည် မိမိကိုယ်ကိုယ် ချီးမြှောက်​၍ စည်းစိမ်​ခံစားခဲ့သည်​နှင့်အညီ
သူ့​ကို ညှဉ်းဆဲ​၍ ဝမ်းနည်း​ပူဆွေးစေကြလော့။
အဘယ်ကြောင့်ဆိုသော် သူ​က
‘ငါ​သည် မိဖုရား​ကဲ့သို့ အုပ်စိုး၏။
ငါ​သည် မုဆိုးမ မဟုတ်။
ငါ​သည် မည်သည့်​အခါ​မျှ ဝမ်းနည်း​ပူဆွေး​ရမည် မဟုတ်’ ဟု မိမိ​စိတ်​ထဲ၌ ပြောဆို​သောကြောင့်​ဖြစ်၏။
8 သို့ဖြစ်၍ သူ​ခံရမည့်​ဘေးဒဏ်များ​ဖြစ်သော သေခြင်း၊ ညည်းတွားခြင်း၊ အစာခေါင်းပါးခြင်း​တို့​သည်
သူ့​အပေါ်သို့ တစ်ရက်​အတွင်း ကျရောက်လာ​လိမ့်မည်။
မီး​သည် သူ့​ကို လောင်​လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူ့​ကို တရားစီရင်တော်မူသော​အရှင် ဘုရားသခင်​သည် တန်ခိုးကြီးတော်မူ​သောကြောင့်​ဖြစ်သည်”
ဟူ၍​ဖြစ်၏။
9 သူ​နှင့်အတူ တရား​နှင့်​မညီသော မေထုန်​ကို​ပြု​၍ စည်းစိမ်​ခံစားခဲ့သော လောကီ​ဘုရင်တို့​သည် သူ့​အား လောင်ကျွမ်းသည့်​မီး​မှ မီးခိုး​ကို မြင်​သောအခါ ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။ 10 သူတို့​သည် သူ​ခံရသော​ညှဉ်းဆဲမှု​ကို ကြောက်​၍ အဝေး​မှ ရပ်​လျက်
“အလိုလေး… ကြီးမြတ်သော​ဘေဘီလုံ…
တန်ခိုးကြီးသော​မြို့… ဖြစ်ရလေချင်း။
သင်​ခံရမည့် ပြစ်ဒဏ်စီရင်ခြင်း​သည်
တစ်ခဏချင်း​၌ပင် ရောက်လေပြီ”
ဟု ငိုကြွေးကြ​လိမ့်မည်။
11 လောကီ​ကုန်သည်များ​သည်​လည်း သူတို့​၏ ကုန်ပစ္စည်းများ​ကို ဝယ်ယူမည့်သူ​တစ်ယောက်​မျှ မရှိတော့​သဖြင့် သူ့​အတွက် ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။ 12 သူတို့​၏​ကုန်ပစ္စည်းများ​မှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်​အထည်၊ ပိုးထည်၊ ဖဲနီထည်၊ သစ်မွှေး​အမျိုးမျိုး၊ ဆင်စွယ်​တန်ဆာ​အမျိုးမျိုး၊ အဖိုးတန်​သစ်​အမျိုးမျိုး၊ ကြေး၊ သံ၊ စကျင်ကျောက်၊ 13 သစ်ကြံပိုး၊ အမွှေးအကြိုင်၊ အမွှေးနံ့သာ၊ မုရန်၊ လောဗန်၊ စပျစ်ဝိုင်၊ သံလွင်ဆီ၊ မုန့်ညက်၊ ဂျုံ၊ ကျွဲနွား​တိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်းရထား၊ ကျွန်များ​နှင့် လူ့​အသက်တို့​ပင် ဖြစ်ကြ၏။
 
14 “သင်​တပ်မက်သော အရာများ​သည်
သင့်​ထံမှ ပျောက်ကွယ်သွားပြီ။
သင်​၏ ဇိမ်ခံ​ပစ္စည်းများ​နှင့် တောက်ပြောင်သော​အရာများ​သည်လည်း
ပျောက်ဆုံးသွားကြပြီ။
မည်သည့်​အခါ​မျှ တွေ့ရတော့မည်​မဟုတ်။”
15 ထို​မြို့​ကို အမှီပြု​၍ အဆိုပါ​ပစ္စည်းများ​ကို ရောင်းဝယ်ခြင်း​ဖြင့် ချမ်းသာလာကြသော ကုန်သည်များ​သည် ထို​မြို့​ခံရသည့် ညှဉ်းဆဲမှု​ကို ကြောက်ရွံ့​၍ အဝေး​တွင် ရပ်​လျက်
16 “အလိုလေး… ဖြစ်ရလေချင်း။
ပိတ်ချောထည်၊ ခရမ်းရောင်​အထည်၊ ဖဲနီထည်​တို့​ကို ဝတ်ဆင်​လျက် ရွှေ၊ ကျောက်မျက်ရတနာ​နှင့် ပုလဲတို့​ကို ဆင်မြန်းသော မြို့ကြီး…
17 ဤမျှလောက် ကြွယ်ဝသော သင်​၏ စည်းစိမ်တို့​သည် တစ်ခဏချင်း​၌ ပျက်စီးလေပြီ”
ဟူ​၍ ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။
ကုန်​သင်္ဘော​မှ ရေယာဉ်မှူးများ၊ ခရီးသည်များ၊ သင်္ဘောသားများ​နှင့် ပင်လယ်​ကုန်သည်​အပေါင်းတို့​သည် အဝေး​တွင်​ရပ်​လျက် 18 သူ့​အား လောင်ကျွမ်း​၍ တက်လာသော မီးခိုးတို့​ကို ကြည့်​ကာ “ဤ​မြို့​ကဲ့သို့ ခမ်းနားသော​မြို့ ဘယ်မှာ​ရှိတော့မည်နည်း” ဟု အော်ဟစ်ကြ၏။ 19 သူတို့​သည် ဖုန်မှုန့်များ​ကို မိမိတို့​၏ ခေါင်း​ပေါ်တွင် ကြဲပြီး
“အလိုလေး… ဖြစ်ရလေချင်း။
မိမိ​၏​စည်းစိမ်​ဥစ္စာများ​ကြောင့်
ပင်လယ်ကူး​သင်္ဘောပိုင်ရှင်များ​ကို ချမ်းသာစေခဲ့သော မြို့ကြီး…
သင်​သည် တစ်ခဏချင်း​၌ ပျက်စီးလေပြီ”
ဟု ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။
 
20 အို ကောင်းကင်ဘုံသားတို့… ထို​မြို့​၏​ပျက်စီးခြင်း​အတွက် ဝမ်းမြောက်ကြလော့။
အို သန့်ရှင်းသောသူတို့၊ တမန်တော်တို့​နှင့် ပရောဖက်တို့… ဝမ်းမြောက်ကြလော့။
သင်တို့​အပေါ် ပြုခဲ့သည့်​အမှု​အတွက်
ဘုရားသခင်​သည် ထို​မြို့​ကို တရားစီရင်တော်မူပြီ။
 
21 ထို့နောက် တန်ခိုးကြီးသော​ကောင်းကင်တမန်​တစ်ပါး​သည် ကြိတ်ဆုံကျောက်​ကဲ့သို့သော ကျောက်တုံးကြီး​တစ်တုံး​ကို ယူ​၍ ပင်လယ်​ထဲသို့ ပစ်ချလိုက်​ပြီးလျှင်
“ဘေဘီလုံမြို့ကြီး​သည် ဤ​ကဲ့သို့​ပင် ပြင်းထန်​စွာ ပစ်ချခံရပြီး
မည်သည့်​အခါ​မျှ တွေ့ရတော့မည် မဟုတ်။
22 စောင်းသမား၊ ဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားတို့​၏ တီးမှုတ်သံ​ကို​လည်း
သင့်​ထဲ​၌ မည်သည့်​အခါ​မျှ ကြားရတော့မည် မဟုတ်။
အမျိုးမျိုးသော လက်မှု​အတတ်​ပညာရှင်များ​ကို​လည်း
သင့်​ထဲ​၌ မည်သည့်​အခါ​မျှ တွေ့ရတော့မည် မဟုတ်။
ကြိတ်ဆုံ​သံများ​ကို​လည်း
သင့်​ထဲ​၌ မည်သည့်​အခါ​မျှ ကြားရတော့မည် မဟုတ်။
23 ဆီမီး​အလင်း​သည်​လည်း
သင့်​ထဲ​၌ မည်သည့်​အခါ​မျှ ထွန်းလင်းတော့မည် မဟုတ်။
သတို့သား​နှင့် သတို့သမီး​တို့​၏ ပျော်ရွှင်သော​အသံ​ကို​လည်း
သင့်​ထဲ​၌ မည်သည့်​အခါ​မျှ ကြားရတော့မည် မဟုတ်။
သင်​၏ ကုန်သည်ကြီးများ​သည် ဤ​ကမ္ဘာလောက​တွင် အရှိန်အဝါ​ကြီးသူများ ဖြစ်ကြ၏။
လူမျိုးအပေါင်းတို့​သည် သင်​၏ ပြုစားခြင်း​ဖြင့် လှည့်ဖြား​ခံကြရပြီ။
24 ပရောဖက်များ၊ သန့်ရှင်းသောသူများ​နှင့်
ကမ္ဘာ​လောက​၌ အသတ်ခံရသူ​အပေါင်းတို့​၏ သွေးတို့​ကို ထို​မြို့​၌ တွေ့ရ၏”
ဟူ၍ ပြောလေ၏။