ကောင်းကင်ဘုံမှ ချီးမွမ်းသံ
19
ထို့နောက် ကောင်းကင်ဘုံ၌ လူအုပ်ကြီး၏ အသံကဲ့သို့ ထွက်ပေါ်လာသောကြွေးကြော်သံကို ကျွန်ုပ်ကြားရ၏။ ထိုအသံမှာ“ဟာလေလုယာ။
ကျွန်ုပ်တို့၏ ဘုရားသခင်သည် ကယ်တင်သောအရှင်၊ ဘုန်းကြီးသောအရှင် တန်ခိုးကြီးသောအရှင် ဖြစ်တော်မူ၏။
2 အဘယ်ကြောင့်ဆိုသော် ကိုယ်တော်၏ စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတသောကြောင့်ဖြစ်၏။
တရားနှင့်မညီသော မေထုန်ကိုပြုခြင်းဖြင့် ကမ္ဘာလောကကို ပျက်စီးစေသော
ပြည့်တန်ဆာကြီးကို စီရင်တော်မူပြီ။
ကိုယ်တော်၏အစေခံတို့ကို သတ်သောကြောင့် လက်တုံ့ပြန်တော်မူပြီ” ဟူ၍ ဖြစ်၏။
3 တစ်ဖန် သူတို့က
“ဟာလေလုယာ။
သူ့ထံမှ မီးခိုးသည် အစဉ်ထာဝရ လွင့်တက်လျက်ရှိ၏”
ဟု ကြွေးကြော်ကြ၏။
4 ထိုအခါ အကြီးအကဲနှစ်ဆယ့်လေးပါးနှင့် သတ္တဝါလေးပါးတို့သည် ဝပ်တွားခယလျက် ရာဇပလ္လင်တော်ပေါ်၌ ထိုင်တော်မူသော ဘုရားသခင်ကို ကိုးကွယ်ကြ၏။ ထို့နောက်
“အာမင်။ ဟာလေလုယာ” ဟု ဆိုကြ၏။
5 ထိုအခါ ရာဇပလ္လင်တော်မှ ထွက်ပေါ်လာသောအသံမှာ “ကျွန်ုပ်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့သည့် လူတန်းစားအနိမ့်အမြင့် ရှိသမျှလူအပေါင်းတို့… ကျွန်ုပ်တို့၏ ဘုရားသခင်ကို ချီးမွမ်းကြလော့” ဟူ၍ ဖြစ်၏။
6 ထို့နောက် လူအုပ်ကြီး၏အသံကဲ့သို့လည်းကောင်း၊ ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့လည်းကောင်း၊ ကျယ်လောင်သောမိုးခြိမ်းသံကဲ့သို့လည်းကောင်း ထွက်ပေါ်လာသောအသံကို ကျွန်ုပ်ကြားခဲ့ရ၏။ ထိုအသံမှာ
“ဟာလေလုယာ။
ကျွန်ုပ်တို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အုပ်စိုးတော်မူ၏။
7 ရွှင်လန်းဝမ်းမြောက်လျက်
ကိုယ်တော်၏ ဘုန်းအသရေတော်ကို ချီးမွမ်းကြပါစို့။
သိုးသငယ်၏မင်္ဂလာပွဲသည် အချိန်ကျပြီဖြစ်၍
သူ၏ သတို့သမီးသည် မိမိကိုယ်မိမိ ပြင်ဆင်လေပြီ။
8 ထိုသတို့သမီးသည် စင်ကြယ်တောက်ပြောင်သောပိတ်ချောကို
ဝတ်ဆင်ခွင့်ရ၏”
ဟူ၍ ဖြစ်၏။ ထိုပိတ်ချောသည် ယုံကြည်သူတို့၏ ဖြောင့်မတ်သောအကျင့်ကို ကိုယ်စားပြု၏။
9 ထိုအခါ ကောင်းကင်တမန်က “ဤစာကို ရေးထားလော့။ သိုးသငယ်၏မင်္ဂလာပွဲသို့ ဖိတ်ကြားခံရသောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကျွန်ုပ်အား ပြော၏။ ထို့နောက် “ဤအရာများသည် ဘုရားသခင်၏ မှန်ကန်သော နှုတ်တော်ထွက်စကားများဖြစ်၏” ဟု ထပ်မံပြောဆို၏။
10 ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများa၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။
မြင်းဖြူစီးတော်မူသောသူ
11 ထိုအခါ ကောင်းကင်ဘုံသည် ပွင့်လျက်ရှိသည်ကို ကျွန်ုပ်မြင်၏။ ထိုနေရာ၌ မြင်းဖြူတစ်ကောင်ရှိ၏။ ထိုမြင်းဖြူကို စီးတော်မူသောသူသည် သစ္စာရှိသူနှင့် ဖြောင့်မှန်သူဟု အမည်ရ၏။ သူသည် ဖြောင့်မှန်စွာ တရားစီရင်၍ ဖြောင့်မှန်စွာ စစ်တိုက်တော်မူ၏။ 12 သူ၏မျက်လုံးများသည် မီးလျှံကဲ့သို့ ဖြစ်ပြီး သူ၏ခေါင်းပေါ်တွင် သရဖူများစွာဆောင်းထား၏။ သူကိုယ်တိုင်မှလွဲ၍ မည်သူမျှ မသိနိုင်သောအမည်တစ်ခုကို သူ၌ ရေးထား၏။ 13 သူသည် သွေး၌ နှစ်ထားသောဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏အမည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူ၍ ဖြစ်၏။ 14 ကောင်းကင်ဗိုလ်ခြေတို့သည် စင်ကြယ်သောပိတ်ချောဖြူကို ဝတ်ဆင်ထားလျက် မြင်းဖြူများကို စီးကာ သူ၏နောက်သို့ လိုက်ကြ၏။ 15 ဘုရားသခင်ကို ဆန့်ကျင်သောလူမျိုးတို့ကို နှိမ်နင်းရန် ထက်သောသန်လျက်သည် သူ၏ခံတွင်းမှ ထွက်၏။ သူသည် ထိုသူတို့ကို သံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ သူသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကြီးမားသောအမျက်တော်ဟူသော စပျစ်သီးနယ်ရာကျင်းကို နင်းတော်မူလိမ့်မည်။ 16 ဝတ်ရုံတော်နှင့် ပေါင်တော်ပေါ်၌ “ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်” ဟူသော ဘွဲ့နာမကို ရေးထား၏။
17 ထို့နောက် နေထဲ၌ ရပ်နေသောကောင်းကင်တမန်တစ်ပါးကို ကျွန်ုပ်မြင်ရ၏။ သူက ကောင်းကင်အလယ်၌ ပျံဝဲနေသောငှက်အပေါင်းတို့အား ကျယ်လောင်သောအသံဖြင့် “ဘုရားသခင်၏ ညစာစားပွဲတော်သို့ လာ၍ စုဝေးကြလော့။ 18 ရှင်ဘုရင်၏အသား၊ တပ်မှူး၏အသား၊ စစ်သူရဲ၏အသား၊ မြင်းနှင့် မြင်းစီးသူရဲတို့၏အသား၊ လွတ်လပ်သူနှင့်ကျွန်များ၊ လူတန်းစားအနိမ့်အမြင့်လူအပေါင်းတို့၏အသားကို လာ၍ စားကြလော့” ဟု ကြွေးကြော်လေ၏။
19 ထိုအခါ သားရဲမှစ၍ လောကီရှင်ဘုရင်များနှင့် သူတို့၏တပ်များသည် မြင်းစီးတော်မူသောသူနှင့် သူ၏တပ်ကို စစ်တိုက်ရန် စုဝေးကြသည်ကို ကျွန်ုပ်မြင်ရ၏။ 20 သို့ရာတွင် သားရဲသည် မိမိကိုယ်စား နိမိတ်လက္ခဏာများပြသော ပရောဖက်အတုအယောင်နှင့်အတူ ဖမ်းဆီးခံရ၏။ ထိုပရောဖက်မှာ သားရဲ၏အမှတ်တံဆိပ်ကို ခံယူကြလျက် သားရဲ၏ရုပ်တုကို ကိုးကွယ်ကြသောသူတို့အား ထိုနိမိတ်လက္ခဏာများဖြင့် လှည့်ဖြားသူဖြစ်၏။ သူတို့နှစ်ဦးသည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ် ပစ်ချခံကြရ၏။ 21 ကြွင်းကျန်သောသူတို့သည် မြင်းစီးတော်မူသောသူ၏ ခံတွင်းမှ ထွက်သောသန်လျက်နှင့် သတ်ဖြတ်ခံရပြီး ငှက်အပေါင်းတို့သည် ထိုသူတို့၏အသားကို ဝလင်စွာ စားကြ၏။